spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒုက္ခသည်စခန်းတွင်းမှာ ဘ၀တွေဖြတ်သန်းဖို့ စိတ်ဓါတ်ခိုင်မာရလိမ့်မယ်

ရီးမယ်၊ မယ်ရယ်စူး
ကန္တာရဝတီတိုင်း(မ်)

ဝါးထရံအိမ်ကလေးထဲမှာ အသက် ၄၈နှစ်အရွယ် အမျိုးသမီးဖြစ်တဲ့ ဆဲမယ်ဟာ ကရင်နီလူမျိုးတို့ရဲ့ ရိုးရာအဆင်တစ်ခုဖြစ်တဲ့ ကယားအင်္ကျီကို ယက်လုပ်နေပါတယ်။ လက်နဲ့ယက်လုပ်နေတာဖြစ်တဲ့အတွက် အင်္ကျီတစ်ထည်ပြီးဖို့ သုံးရက်ကြာလုပ်ရပါတယ်။

ချည်အင်္ကျီတစ်ထည်ရရှိဖို့ကလည်း စိတ်ရှည်လက်ရှည်နဲ့ စနစ်တကျယက်လုပ်ရတာပါ။ ဒီအလုပ်ကို သူမ လုပ်ကိုင်ခဲ့တာ နှစ်ပေါင်းအတော်တန်ကြာမြှင့်ခဲ့ပြီဖြစ်ပါတယ်။

ဆဲမယ်ဟာ ထိုင်း-ကရင်နီနယ်စပ် ဒုက္ခသည်စခန်းအမှတ်(၁)မှာ နေထိုင်တာဖြစ်ပြီး ရိုးရာယက်ကန်းနဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေးအဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာနေထိုင်ပြီး ဆဲမယ်လို တစ်ပိုင်တစ်နိုင် ယက်ကန်းလုပ်ကိုင်နေသူတွေက စခန်းလူဦးရေရဲ့ ၅၀ရာခိုင်နှုန်းရှိနေပါတယ်။ စခန်းအတွင်း နေထိုင်တဲ့အတွက် ထောက်ပံ့ငွေအနည်းငယ် ရပေမယ့် မိသားစုအနေနဲ့ လုံလောက်မှုမရှိတာကြောင့် အခုလို လုပ်ကိုင်စားသောက်ရတာဖြစ်တယ်လို့ ဆဲမယ်က ပြောပါတယ်။

“ အရင်တုန်းက နယ်စပ်လုပ်ငန်းစု ( The Border Consortium (TBC) ထောက်ပံ့တဲ့အချိန်ဆိုလုံလောက်ပါသေးတယ်။ ကျမကလေးတွေက အဲ့ဟာတွေနဲ့ပဲ ကောင်းမွန်ကျွေးမွေးစားသောက်ခဲ့ပါတယ်။ အခုကTBCမထောက်ပံ့တော့တဲ့ချိန်ဆို တကယ်မလုံလောက်ပါဘူး။ ကျမ ကလေးတွေ အရွယ်ရောက်လာပြီဆိုတော့ ကျမ အနောက်ကနေပဲ ကြိုးစားရုန်းကန်သွားမယ်။“ လို့ သူက ပြောပါတယ်။

လက်ရှိ ကရင်နီဒုက္ခသည်စခန်းမှာ အလုပ်အကိုင်ရှိတဲ့မိသားစုထဲက အသက် ၁၈နှစ်နဲ့ အထက်ကို တစ်လထောက်ပံ့ငွေ ထိုင်းဘတ်ငွေ ၂၉၀ ဘတ် ( မြန်မာငွေ ၁၅၀၀၀ ဝန်းကျင်) ၊ ၆လအရွယ်ကနေ ၁၈နှစ်အရွယ်ထိကို ထိုင်းဘတ်ငွေ ၁၇၃ ဘတ် ( မြန်မာငွေ ၉၀၀၀ ဝန်းကျင် ) ကို ကဒ်စနစ်နဲ့ ထောက်ပံ့ပေးနေပါတယ်။

ထောက်ပံ့ငွေပေးရာမှာ ကဒ်နဲ့ အသုံးပြုရတဲ့စနစ်ကို ၂၀၂၀ခုနှစ်ကစ အသုံးပြုထောက်ပံ့ခဲ့ပြီး အဲ့ဒီမတိုင်ခင်ကတော့ လိုအပ်တဲ့ အသုံးအဆောင်၊ ပစ္စည်းတွေကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒုက္ခသည်စခန်းက ပြည်သူတွေဟာ ရရှိတဲ့ထောက်ပံ့မှုအပြင် နေ့စဉ် အပိုအသုံးစရိတ်အတွက် ကိုယ်တတ်ကျွမ်းတဲ့ ဝင်ငွေရ အလုပ်အကိုင်တွေ ရှာဖွေကြရပါတယ်။ သူတို့ကို ထိုင်းနိုင်ငံအတွင်းမှာ အလုပ်သွားလုပ်ခွင့်မပြုထားပါဘူး။ သွားရောက်လုပ်ကိုင်တဲ့သူအချို့ကလည်း တရားမဝင်မှုနဲ့ ထိုင်းရဲတွေရဲ့ ဖမ်းဆီးအရေးယူမှုကိုခံရလေ့ရှိပါတယ်။

တစ်နယ်တစ်ကျေးမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့မဖြစ်နိုင်တဲ့ သူမ အဖို့ကတော့ ဒုက္ခသည်စခန်းမှာပဲ ကယားရိုးရာအင်္ကျီတွေကို ဝယ်ယူဝတ်ဆင်ချင်တဲ့ သူတွေအတွက် ယက်လုပ်ရောင်းချတဲ့ ဝင်ငွေရနည်းလမ်းတစ်ခုနဲ့သာ ရှင်သန်ရပ်တည်နေရတာပါ။

“ဟင်းနဲ့မုန့်ပါပါပြောရင်တော့ ၁၀၀၊၁၅၀ ( ဘတ် ) အဲ့လောက်ဆို အနည်းဆုံးကုန်တယ်။ တခါတလေ ဆို ၃၀၀၊၄၀၀ ( ဘတ် ) လောက်ကုန်တယ်။ ဆိုင်ထဲသွားဝယ်တဲ့ ဟာနဲ့ဆိုရင် တခါတလေငွေဝင်တာက တစ်ပတ်ဆိုတစ်ခါပဲရတယ်။ ဒါပေမယ် တခါတလေဆိုရင် ငွေ ၂၀၀၀ဘတ် ( တစ်သိန်းကျော် ) ၊၂၀၀၀ကျော်လောက်ဝင်ပါတယ်။” လို့ သူက ပြောပါတယ်။

ဒုက္ခသည်စခန်းတည်ရှိတာ နှစ်ပေါင်း (၃၀)ဝန်းကျင်ရှိနေပြီး တတိယနိုင်ငံလို့ခေါ်ကြတဲ့ အမေရိကန်၊ ဩစတေးလျ အစရှိတဲ့နိုင်ငံတွေမှာ သွားရောက်ခိုလှုံခွင့်ရတဲ့ ဦးရေ တစ်သောင်းကျော်ရှိပါတယ်။ လက်ရှိမှာတော့ စခန်းထဲ လူဦးရေ ၈ထောင်ကျော်သာ ကျန်ရှိနေပါတော့တယ်။

သို့သော် ဒုက္ခသည်အတွက် လှူဒါန်းကြတဲ့အလှူရှင် နည်းပါးလာတာကြောင့် စားနပ်ရိက္ခာထောက်ပံ့မှုက ယခင်ကထက် ပိုမိုနည်းပါးလာပါတယ်။
သူတို့ရဲ့ ရိက္ခာကို ပြောင်းလဲ ထောက်ပံ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး စခန်းကော်မတီ ဥက္ကဌ ဆရာမ မိုးဘူးက အခုလို ရှင်းပြပါတယ်။

“ လျော့ချတယ်ဆိုတာက ခုနက ကျမပြောတဲ့ ၂၀၁၃ မှာ ၂၀၁၃တုန်းက အလှူရှင်နည်းလာတယ်။ တဖက်မှာတော့ ပစ်ခတ်ရပ်စဲရေး ဖြစ်ပြီး မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုရှိပြီလို့ အလှူရှင်တွေက အဲ့လိုမြင်ကြတယ်။ အဲ့တော့ ငါတို့ ကရင်နီက ငါတို့ပြည် ငါတို့ရွာရှိတယ်။ ငါတို့ ပြန်သင့်ပြီလို့လည်း ပါတယ်။ သူတို့လည်းအဲ့လိုမြင်တယ်။ ပြီးတော့ ငါတို့ ဒုက္ခသည်စခန်းမှာနေတာ ကြာပြီ ငါတို့ကိုယ်တိုင် ရပ်တည်နိုင်ပြီ အဲ့လိုမြင်ကြတယ်ပေါ့နော်။ ဒါပေမယ့် သူတို့ လုံးလုံးဖြတ်တာတော့မရှိဘူး။ ပြီးတော့ အခုသူတို့ပြောတာက အခြားဒုက္ခသည် တွေကို ကူညီစရာလိုတယ်ပေါ့။ ” လို့ သူမက ရှင်းပြပါတယ်။

ဒုက္ခသည်စခန်းက ပြည်သူတွေဟာ ၁၉၉၆ခုနှစ်တုန်းက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရင်း ဒုက္ခသည်ဘဝဖြစ်လာကြတာပါ။ ကျန်ရစ်တဲ့ ရွာလုံးကျွတ်နေအိမ်၊ စပါးကျီတွေဟာ စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီး ပျောက်ကွယ်ခဲ့ရပြီး ဒီကနေ့အထိ နေရပ်ပြန်နိုင်ခြင်းမရှိတော့ပါဘူး။

၂၀၁၂ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) နဲ့ စစ်တပ်တို့အကြား ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်အရေးကို ထောက်ပံ့မှုလျော့ချမှုရှိခဲ့သလို ဒုက္ခသည်အရေးကိုလည်း အလေးပေးဆောင်ရွက်မှု နည်းပါးလာခဲ့ပါတယ်။

တစ်နိုင်တစ်ပိုင် ဝင်ငွေရဖို့ သူတတ်ကျွမ်းတဲ့ ပညာနဲ့ လုပ်ကိုင်နေတဲ့ ဆဲမယ်
တတိယနိုင်ငံကို မသွားနိုင်ပဲ ဒုက္ခသည်စခန်းမှာ နေ့စဉ်ဘဝကို ရုန်းကန်သူရှိနေ။
ဒုက္ခသည်စခန်းက ကတ်စနစ်ဖြင့် ထောက်ပံ့ ရိက္ခာထုတ်ယူနေကြသူများ
ဒုက္ခသည်စခန်းက လူငယ်တွေအနာဂတ်မှာ ဒုက္ခသည်ဘဝကနေ ရုန်းထွက်ချင်နေကြ
လူဦးရေ ၈ ထောင်ကျော် နေထိုင်သည့် နှစ်ပေါင်း ၃၀ကျော်သက်တမ်းရှိ ထိုင်းကရင်နီအမှတ်( ၁ ) ဒုက္ခသည်စခန်းမြင်ကွင်းတနေရာ

အနာဂတ်မှာ ဒုက္ခသည်ဘဝကနေ ရုန်းထွက်ချင်ပြီး ဘဝတူဒုက္ခသည်တွေကို ရုန်းထွက်နိုင်အောင် တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပေးနိုင်တဲ့သူတစ်ဦးဖြစ်ချင်တယ်လို့ ကျောင်းသူတစ်ဦးဖြစ်တဲ့ ဘီဘျားနာက ပြောပါတယ်။

သူမကတော့ ကရင်နီဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့ပြီး အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ ကျောင်းသူတစ်ဦးပါ။ အနာဂတ်မှာ ကိုယ့်ရဲ့အမိမြေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်စွာနေထိုင်လို့ရတဲ့ ဘဝမျိုး လိုချင်တယ်လို့ သူမက ဆိုပါတယ်။

“နောင်အနာဂတ်မှာဆိုရင် ကျမတို့က ကိုယ့်ရဲ့အမိမြေ ကိုယ့်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လွတ်လပ်လပ်နေထိုင်လို့ရတဲ့ဘဝပေါ့ အဲ့လိုမျိုး ဘဝမျိုးကိုလိုချင်တယ်ပေါ့။”လို့ ဘီဘျားနာက ပြောပါတယ်။

ယနေ့အချိန် တကျော့ပြန် စစ်ကောင်စီမှ နိုင်ငံအာဏာကို ပြန်လည်သိမ်းယူပြီးနောက် ပြည်တွင်း စစ်ဖြစ်ပွားလာတဲ့အချိန်မှာလည်း ထိုင်း-မြန်မာနယ်စပ်က ကရင်နီ ဒုက္ခသည်အရေးကို အရေးတယူဆောင်ရွက်မယ့်အဖွဲ့အစည်းလည်း အားနည်းလာပါတယ်။ အကြောင်းကတော့ ကရင်နီပြည်တွင်းက ပြည်သူနှစ်သိန်းနီးပါးဟာလည်း တိုက်ပွဲကြောင့် တောထဲတောင်ထဲမှာ တိမ်းရှောင်နေကြရတာကြောင့် ၎င်းတို့အတွက် အရေးပေါ် လူသားချင်စာနထောက်ထားမှုကို ဆောင်ရွက်နေကြရပါတယ်။

တိုက်ပွဲဆိုးကျိုးကြောင့် ဖြစ်ပေါ်လာတဲ့ ကရင်နီဒုက္ခသည်ဘဝက ဆက်ရှိနေဦးမယ့် အနေအထားဖြစ်ပြီး တစ်ချိန်ချိန်မှာ နေရပ်ပြန်နိုင်တာတောင် သူတို့လိုအပ်တဲ့ အခြေခံအခွင့်အရေးကို ဖြည့်ဆည်းပေးနိုင်ဖို့က အဝေးကြီး မျှော်နေရဦးမယ့် အနေအထားရှိနေပါတယ်။

အသက် ၄၈နှစ်ရွက် အမျိုးသားတစ်ဦးဖြစ်တဲ့ ဖဲစူးဟာ ဒုက္ခသည်စခန်းမှာ ၂၄နှစ်တိုင် တခြားသော ဒုက္ခသည်တွေလို စခန်းတွင်းမှာ နှစ်ရှည်လများနေထိုင်လာသူဖြစ်ပါတယ်။ စားဝတ်နေရေးဖူလုံဖို့အတွက် တနိုင်တပိုင် ကြက်၊ ဝက် မွေးမြူပြီး မိသားစုကို ပံ့ပိုးနေရပါတယ်။ ဒုက္ခသည်စခန်းတွင်းက ဘ၀အခြေအနေတွေနဲ့ပတ်သက်ပြီး သူက ခုလိုပြောသွားပါတယ်။

“ ငါတို့ဒီစခန်းထဲမှာနေတာ ငါတို့ရဲ့စိတ်ပဲလိုတယ်။ ပျော်တယ်လို့ပြောရင်လည်း စားရဖို့အတွက် အများကြီးလိုအပ်တယ်။ ငါတို့ရဲ့ကလေးအတွက် ကြည့်ပေးရတယ်။ ပြည့်စုံတယ်ဆိုတာ ဘယ်လိုမှမပြည့်စုံနိုင်ဘူး။ ငါတို့ရဲ့စိတ်ကိုထားတတ်ဖို့ပဲလိုတယ်။ “

spot_img
spot_img