spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နမ့်ကွတ်ရပ်ကွက်ထဲ မိနစ် ၂၀ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၃ဦးသေဆုံး

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်မြို့ နမ့်ကွတ်ရပ်ကွက်ထဲ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ( အောက်တိုဘာလ ၇ရက်နေ့ ) မနက် ၈နာရီကစတင်ပြီး မိနစ်၂၀ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီမှာ စစ်တပ်က ထွက်လာတော့ အဲ့ဒီမှာရှိတဲ့ ရဲဘော်တွေနဲ့ သွားတိုးတယ်ကော။ အဲ့ဒီရပ်ကွက်ထဲမှာ အဲ့ဒီမှာ တိုက်ပွဲဖြစ်ကြတယ်။ ဖြစ်ပြီးတော့ သူတို့ဟာသူတို့ဆုတ်သွားကြတာပေါ့နော။ ကိုယ့်နေရာနဲ့ကိုယ်ပြန်သွားကြတာပါပဲ။ သူတို့မြို့တွင်းလုံခြုံရေးပဲထင်တယ်။ ခပ်များများကတော့ မြို့ထဲမှာလိုက်ပတ် လှုပ်ရှားနေတဲ့ မြို့လုံခြုံရေးတပ်ဖွဲ့တွေပဲ။” လို့ ကရင်နီပြည် ကာကွယ်ရေးဒုဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

ပစ်ခတ်မှုမှာ ပူပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ကရင်နီတပ်မတော် (KA) ၊ KNDF B-02၊ KNDF B-14၊ 1008(SSRY) တို့ ပါဝင်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦးသေဆုံးခဲ့သလို ၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဖက်ကနေ လက်နက်ကြီးပစ်ခတ်မှုရှိတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အချိန် အနီးအနားက ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“သူတို့လည်း အဲ့ဒီတိုက်ပွဲဖြစ်တဲ့အချိန်မှာ ခဏလေး ဟိုပြေးဒီပြေးသွားကြတာပေါ့နော။ နောက်ပြန်လာကြတာပါပဲ။ အဲ့ဒီမှာက လူထုအများကြီးမရှိတော့ဘူး။ နဂိုကတည်းက စစ်ရှောင်ထားပြီးသား တချို့ပဲကျန်တယ်။” လို့ ခူဒယ်နီယာယ်က ဆက်ပြောပါတယ်။

လွိုင်ကော်မြို့မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ တစ်ခါတစ်ရံ ဖြစ်ပွားနေတာရှိသလို စစ်ကောင်စီကနေ သွားလာလုပ်ရှားတဲ့ လူထုကို အစစ်အဆေးတင်းကြပ်မှု ပြုလုပ်နေတာတွေလည်း ရှိနေပါတယ်။

ထိတွေ့မှုအချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရှိတဲ့နေရာတစ်ဝိုက်မှာ သတိထားသွားလာကြဖို့ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက အသိပေး တိုက်တွန်းထားပါတယ်။

spot_img
spot_img