spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နေအိမ်သန့်ရှင်းရေးပြန်လုပ်တဲ့ စစ်ရှောင်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ညာခြေတစ်ဖက် ဆုံးရှုံး

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်က နေအိမ်မှာ သန့်ရှင်းရေးပြန်လုပ်တဲ့ စစ်ရှောင်အမျိုးသားတစ်ဦးဟာ မိုင်းနင်းမိပြီး ညာခြေတစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ မိုင်းနင်းမိတဲ့ အမျိုးသားရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

“မိုင်းထိတာက (၂၁)ရက်နေ့ (၈)နာရီပတ်ဝန်းကျင်လို့ထင်တာပဲ။ ပြီးတော့ ဆေးရုံလိုက်ပို့ကူတဲ့လူက ကျမကိုပြန်လာပြောတယ်ပေါ့ အမျိုးသားဒဏ်ရာရလို့ ဆေးရုံမှာပို့ထားပေးတယ်ဆိုပြီး။” လို့ မိုင်းနင်းမိသူရဲ့ ဇနီးက ပြောပြပါတယ်။

မိုင်းနင်းမိတဲ့အမျိုးသားမှာ ညာခြေတစ်ဖက်ဆုံးရှုံးခဲ့ရပြီး လက်၊ မျက်နှာ၊ ဝမ်းဗိုက်တွေမှာလည်း ထိခိုက်သွားတယ်လို့ သိရပါတယ်။ စားဝတ်နေရေးနဲ့ ငွေကြေး ခက်ခဲနေတဲ့အပြင် အမျိုးသားကပါ မိုင်းနင်းမိပြီး ဆေးရုံတက်ရောက်နေရတဲ့အတွက် အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

“အခက်အခဲကတော့ အများကြီးပဲ။ ဘာဖြစ်လဲဆို ကျမတို့က စစ်ဘေးရှောင်ကနေ စားဝတ်နေရေးလဲ အဆင်မပြေဘူးလေ။အမှန်တိုင်းပြောရင် အမျိုးသားခြေထောက်တစ်ဖက်ပြတ်တာ ဆေးရုံထိရောက်နေတာတောင်မှ ကျမကိုယ်ပိုင် ပိုက်ဆံ‌တောင်မှ (၁၅၀၀)ပဲရှိတယ်။အရမ်း ဘယ်လိုမှ မတွေးတတ်တော့တဲ့ အနေအထားမှာလေ။ဒါပေမဲ့ အခုတော့ ဖြစ်လာပြီဆိုတော့ မတတ်နိုင်ဘူးလေ။ ” မိုင်းနင်းမိသူရဲ့ ဇနီးဖြစ်သူက ဆိုပါတယ်။

မိုင်းနင်းမိတဲ့ အမျိုးသားဟာ အသက် ၃၀အရွယ်ရှိပြီး ဇနီးနဲ့ ၈နှစ်အရွယ် သမီးတစ်ဦး၊ ၄နှစ်အရွယ် သားတစ်ဦးရှိတယ်လို့ သိရပါတယ်။

နွေရာသီရောက်လာပြီဖြစ်တဲ့အတွက် ခြုံ၊ မြက်ခြောက်တွေကနေတဆင့် ကျန်ရစ်တဲ့ နေအိမ်မီးလောင်မှာကို စိုးရိမ်နေကြတာကြောင့် စစ်ဘေးရှောင်နေကြတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက ဒေသခံတွေဟာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းအန္တာရာယ်ကြားထဲကနေ သန့်ရှင်းရေးပြန်လုပ်ကြတာဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက နေရာတချို့တွေမှာ မိုင်းရှင်းလင်းဆောင်ရွက်နေပြီး နေရပ်ပြန် သန့်ရှင်းရေးပြန်လုပ်ကြတဲ့ ဒေသခံတွေကို သတိထားသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

spot_img
spot_img