spot_imgspot_imgspot_imgspot_img
Wednesday, October 9, 2024
spot_imgspot_imgspot_imgspot_img

နေ့ရက်တိုင်းကို အသန်မာဆုံးဖြတ်သန်းနေရတဲ့ မသန်စွမ်း ကလေးငယ် နှစ်ဦး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီး တစ်နှစ်ကျော် နှစ်နှစ် နီးပါးကာလအတွင်း စစ်ဘေးဒုက္ခသည် ၂သိန်းကျော်ခန့်ရှိလာတဲ့ ကရင်နီပြည်နယ်က ပြည်သူတွေဟာ မတူညီတဲ့ ဒုက္ခကိုယ်စီနဲ့ရင်ဆိုင်နေကြရပါတယ်။

အဲ့ဒီအထဲ စစ်ဘေးဒုက္ခသည်တွေထဲမှာ မသန်စွမ်းကလေးတွေဖြစ်နေကြတဲ့ မောင်အောင်ဆန်း နဲ့ မောင်ရှိုင်းအောင် တို့ကတော့ တခြားသူတွေထက် ပိုမိုခက်ခဲနေကြပေမယ့် နေ့ရက်တိုင်းကို အသန်မာဆုံး ဖြတ်ကျော်နေကြပါတယ်။

အသက် ၆ နှစ်သာ ရှိသေးတဲ့ အောင်ဆန်းကတော့ မွေးရာပါ ကျောရိုးမကြီး ချဥ်ဆီ မရှိလို့ လမ်းမလျှောက်နိုင်ရှာပါဘူး။ မိဘတွေကလည်း ဆေးဖိုးဝါးခ တတ်နိုင်တဲ့ အလယ်အလတ်တန်းစားထဲက မဟုတ်လို့ အောင်ဆန်းရဲ့ ရောဂါကို ဒီတိုင်း ကြည့်နေရုံကလွှဲပြီး မတတ်နိုင်ခဲ့ပါဘူး။

မောင်နှမ ၄ ယောက်ရှိပြီး အောင်ဆန်းကတော့ အငယ်ဆုံးသားလေးပါ။ အိမ်မှာနေစဥ်တုန်းကတော့ သူ့အတွက် ဝါးတန်းလေးလုပ်ပြီး လမ်းလျှောက်ကျင့်ပေးခဲ့ပေမဲ့ စစ်ရှောင်နေတဲ့ နောက်ပိုင်းမှာတော့ သူ့အတွက်အိမ်တွင်း ကုထုံးတွေလုပ်ဖို့အဆင်မပြေတော့ဘူးလို့ မိခင်ဒေါ် မူရော့ ကအခုလိုပြောလာပါတယ်။

” သူလမ်းလျှောက်လို့မရတော့ သူ့အကိုတွေနဲ့ယှဥ်ရင် သူ့ကိုဦးစားပေးတယ်။ သူလိုချင်တာရှိရင် ယူပေးရတယ်။ ရွာမှာနေတုန်းကဆို သူ့အတွက်ဝါးတန်းလုပ်ပေးတယ် ။ မြေကျင်းတူးပြီးလည်း လေ့ကျင့်ပေးတော့ သူ့နဲနဲ ရွေ့နိုင် လျားနိုင်သေးတယ်။ စစ်ဘေးရှောင်ပြီးနောက်ပိုင်းမှာတော့ တစ်နေရာကို တစ်လ နှစ်လ နေပြီးရွေ့ရတော့ မလှုပ်ပေးနိုင်တော့ဘူး။ အဲ့တာနဲ့သူ့အောက်ပိုင်းပို ပျော့ပြီး လှုပ်ရှားလို့မရတော့ဘူး။” လို့ မိခင်ဖြစ်သူ ဒေါ်မူရော့ ကပြောပါတယ်။

မွေးရာပါ ကျောရိုးမကြီး ချဉ်ဆီ မရှိတဲ့အတွက် လမ်းမလျောက်နိုင်တဲ့ စစ်ရှောင်ကလေး မောင်အောင်ဆန်းဖြစ်ပါတယ်။

ခန္ဓာကိုယ် လှုပ်ရှားသွားလာလို့ အဆင်မပြေပေမယ့် အောင်ဆန်း တစ်ယောက် စာသင်ကျောင်းမှာတော့ အတက်ကြွဆုံးနဲ့ စကားအပြောများဆုံး ကျောင်းသား တစ်ဦးဖြစ်ပါတယ်။ KG တန်းတက်နေပြီဖြစ်တဲ့ သူဟာ ဉာဏ်ကောင်းပြီး စိတ်ဓါတ်တက်ကြွသူဖြစ်တယ်လို့ သူ့ရဲ့ ဆရာမကပြောပါတယ်။

ကစားချိန်မှာ အောင်ဆန်းရဲ့ အတန်းဖော်သူငယ်ချင်းတွေက သူ့ ၀ှီးလ်ချဲ လေးကို တွန်းကာဆွဲကာ သူနဲ့အတူကစားကြပါတယ်။ ကစားရင်းနဲ့ ဝှီးလ်ချဲပေါ်ကနေ ပြုတ်ကျရင်း အနာတရဖြစ်ပေါင်းလည်း မနည်းပါဘူး။ ခန္ဓာကမသန်စွမ်းပေမဲ့ အောင်းဆန်းရဲ့ တက်ကြွတဲ့စိတ်ဓာတ်နဲ့ပျော်ရွှင်မှုကို ရက်တိုင်း ရက်တိုင်း မြင်တွေ့နေရတယ်လို့ပတ်၀န်းကျင်တွေကဆိုပါတယ်။

အောင်ဆန်းကတော့ ကျီမကျတတ်တဲ့ကလေးတစ်ဦးပါ။ လမ်းမလျှောက်တာ လေ့ကျင့်ခန်း မလုပ်တာကြာလာတဲ့ခါမှာတော့ ၀ိတ်က အရွယ်နဲ့မလိုက်အောင်တက်လာပြီး လက်ကိုတောင်အပေါ်မြှောက်ဘေးဆန့်လှုပ်လို့မရတော့ပါဘူး ။

အောင်ဆန်း ကတော့ စိတ်ဓာတ်တက်ကြွနေပေမဲ့ မိခင်ဖြစ်သူကတော့ သူ့ရှေ့ရေး အတွက်စဥ်းစားရင်း သောကဖြစ်နေရပါတယ်။ အများနည်းတူ ပြေးလွှားဆော့ကစားခြင်း မလုပ်နိုင်တဲ့ အောင်ဆန်းအတွက်တော့ စစ်ရှောင်စခန်းမှာ အများနဲ့ စုပေါင်းနေထိုင်ရတာက သူ့ရဲ့ ကျောင်းနေအရွယ် ကလေးဘဝမှာ စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။

စစ်ရှောင်နေရာမှာ အခက်အခဲတွေကြား နေထိုင်နေနေရတဲ့ နောက်ထပ်ကလေးငယ်တစ်ဦးကတော့ မောင်ရှိုင်းအောင်ဖြစ်ပါတယ်။ သူကတော့ မိသားစု၀င် ၁၁ ယောက်ရှိပြီး မွေးချင်း ၉ယောက်ထဲက ၇ ယောက်မြောက်ဖြစ်ပါတယ်။ မောင်ရှိုင်းအောင် ၄နှစ်သားတုန်းက ဆိုင်ကယ်မတော်တဆ ဖြစ်မှု ကြောင့် အခုချိန်ထိ ဝေဒနာပေါင်းစုံ ခံစားနေရရှာပါတယ်။ ဖြစ်စဉ်ကြောင့် မောင်ရှိုင်းအောင်ဟာ နား လေး သွားတဲ့အပြင် မျက်လုံးအတွင်း သွေးခဲသွားပြီး အမြင်အာရုံဝေဝါးသွားရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

မိသားစုက ဆင်းရဲချို့တက် နေတော့ သူ့အခြေနေကိုတောင် ဆေးခန်းမပြခဲ့ရဘူး။ သူ့ရဲ့ရောဂါ အခြေနေကိုအခုချိန်ထိတောင်မသိရသေးဘူးလို့ မိခင်ဒေါ်မူပိုက်က ပြောပါတယ်။

” ကျမသားကိုဆိုင်ကယ်ချိတ်မိတုန်းက ကျမလည်းမကုနိုင်တော့ ခေါင်းကနေ ခြေထောက်အထိ ၃ ပတ်တောင် ရောင်ကိုင်းနေတာ။ သူ့လည်းပင်း နားလည်း နာနေတာ။ တိုက်မိတဲ့လူကလည်း ကလေးကိုတာ၀န်မယူပေးဘူး။ ကျမမှာလည်းဘာမှမရှိတော့ သူ့ကိုမကုပေးနိုင်ဘူး။ ဆေးရုံလည်းမသွားနိုင်ခဲ့ဘူး။ ကျမကအဆင်မပြေ ကလေးကိုမကုနိုင်တော့ ကျမကလေးကအခုချိန်ထိဒုက္ခခံနေရတယ်။ နားလည်း လေးသွားတယ်။ မျက်လုံးလည်းမမြင် စာလုံးတောင်သူမမြင်တော့ဘူးလို့ကျမသားကပြောတယ်။ သူ့မျက်လုံးထဲ သွေးခဲ အနာအခုထိရှိသေးတယ်။ အခုချိန်ထိကျမသူ့ကိုဆေးခန်းမပြရသေးဘူး အ့တာဘယ်လိုလုပ်ရမှန်းတောင်ကျမ မတွေးတတ်တော့ဘူး” လို့ မောင်ရှိုင်းအောင် ရဲ့ မိခင်ဖြစ်တဲ့ ဒေါ်မူပိုက် ကပြောပါတယ်။

ရောဂါအခြေနေကို ၆ နှစ်လုံးလုံး မသိပဲကြီးပြင်းလာခဲ့ရတဲ့ ရှိုင်းအောင်က အခုတော့ အသက် ၁၀ နှစ်ရှိသွားပါပြီ။ အက်ဆီးဒင့် ဖြစ်တုန်းက မိခင်က စကားတောင်ပြောမထွက်နိုင် လမ်းတောင်လျှောက်လို့ မရတော့တဲ့အထိ ရှော့ရသွားတာပါ။

အမြင်အာရုံချို့ယွင်းတာ နားမကြားတာ ကိုတော့ အခုစစ်ရှောင်ပြီးနောက်ပိုင်းမှ သတိထားမိလာကြတာလို့ သူ့ကိုစာသင်ပေးနေတဲ့ဆရာမဆီက သိရပါတယ်။ ရှိုင်းအောင်က သူ့ရဲ့ချို့ယွင်းမှုကြောင့် ဒုတိယတန်းကို ၄ နှစ်တက်ရပြီး အခုထိလည်း ဒုတိယတန်းပဲ ဆက်တက်နေရပါတယ် ။

တုံ့ပြန်မှုအား လုံး၀မကောင်းတဲ့ မောင်ရှိုင်းအောင် ကတော့အခြားကလေးနည်းတူ ကစားလည်း မကစားတတ်၊ စကားလည်း အရမ်းနည်းသူပါ။ မိခင်ဖြစ်သူကတော့ ရှိုင်းအောင်အတွက် စဥ်းစားရုံနဲ့တင် အိပ်မပျော်ရတဲ့ ညများစွာကို ဖြတ်သန်းနေရပါတယ်။

” ကျမကလေးက သူများကလေးလိုဉာဏ်ရည်မမှီဘူး။ မျက်လုံးလည်းကောင်းကောင်းမမြင်ရဘူး။ နားလည်းလေးတော့ သူ့ကိုကြည့်ရင် ကျမ အရမ်းစိတ်ဆင်းရဲရတယ်။ ညဖက်ဆိုလည်း သူ့အတွက်စဥ်းစားပြီးတော့ အိပ်မပျော်တဲ့ညတွေအများကြီးရှိတယ်။ ကျမကလေးတွေက ဘယ်အချိန်မှာ ယဥ်တိုက်မှုထပ်ဖြစ်မလဲ ဆိုတာကိုစိုးရိမ်ပြီး နှလုံးတုန်ရတာတွေ အမြဲတမ်းဖြစ်ရတယ်” လို့ မိခင် ဒေါ်မူပိုက် ကပြောပါတယ်။

မွေးရာပါ ကျောရိုးမကြီး ချဉ်ဆီ မရှိတဲ့အတွက် လမ်းမလျောက်နိုင်တဲ့ စစ်ရှောင်ကလေး မောင်အောင်ဆန်းဖြစ်ပါတယ်။

မိသားစု၀င်များပြီး ချို့တက်တဲ့မိသားစုတစ်ခုဖြစ်နေလို့ ထမင်းတောင်နပ်မှန် အောင်မစားရရှာပါဘူး။ ဆီနဲ့ကြော်ထားတဲ့ စားစရာတွေကိုတောင် တစ်လမှ တစ်ခါပဲစားရပြီး အသား၊ငါး တစ်ခါမှမစားရဘူးလို့ မိခင်ဖြစ်သူကဆိုပါတယ်။

ကရင်နီပြည် စစ်ရေး ၊နိုင်ငံရေးအခြေအနေတွေအရ သာမန်စစ်ဘေးဒုက္ခသည်မိသားစု တွေအနေနဲ့ ထမင်း နှပ်မှန်အောင် စားရ တာက ကံကောင်းတယ်လို့ ပြောရမယ့် အခြေနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ထမင်းနှပ်မှန်အောင်မစားတာက ရှိုင်းအောင်အတွက်အကျင့်ဖြစ်သွားပြီး ဗိုက်ဆာတယ်လို့တောင် မပြောတော့ပါဘူး။

စာမလိုက်နိုင်လို့ ကျောင်းမတက်ချင်တော့တဲ့ သားကို မိခင်က ချော့မော့ပြီး ကျောင်းပို့ရပေါင်းမနည်းတော့ပါဘူး။ အပြင်ပန်းကြည့်ရင် သာမန်လို့ထင်ရတဲ့ ရှိုင်းအောင်က သူ့ရင်ထဲ သူ့ခန္ဓာထဲက အနာတရပေါင်းများစွာနဲ့ ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတာဖြစ်ပါတယ်။

အောင်ဆန်း နဲ့ ရှိုင်းအောင်တို့ ၂ယောက်က စစ်ရှောင်စခန်း တစ်နေရာထဲကပဲဖြစ်ပြီး ၁နှစ်ကျော်ကြာ စစ်ရှောင်နေကြပါပြီ။ ၎င်းစစ်ရှောင်စခန်းမှာ စစ်ရှောင် အယောက် ၃၉၀ ရှိသည့်အနက် ၇ ယောက်ကတော့ မသန်စွမ်းတွေဖြစ်တယ်လို့ စစ်ရှောင်ကော်မတီဆီက သိရပါတယ်။

spot_img
spot_img

Recent posts