spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နွေရာသီမှာ အဖြစ်များတဲ့ မိတ်ဖုပေါက်ခြင်း

ကန္တာရဝတီတိုင်း(မ်)

နွေရာသီရဲ့ အပူချိန်လွန်ကဲမှုတွေကြောင့် မိတ်ဖုပေါက်ခြင်းဟာ ကလေး၊ လူကြီးမရွေးဖြစ်ပွားတတ်ပြီး မိတ်ထွက်တာကြောင့် ခန္ဓာကိုယ် အရေပြားယားယံစေတဲ့အတွက် စိတ်အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။

မိတ်ဖုပေါက်တာဟာ ပုံမှန်အားဖြင့် အလိုလိုနေရင်း ပျောက်ကင်းနိုင်တယ်ဆိုပေမဲ့ ဆိုးရွားနေရင်တော့ ကုသမှုကို ခံယူရမှာဖြစ်သလို၊ မဖြစ်ခင်မှာ ဘယ်လိုကြိုတင် ကာကွယ်နိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။

မိတ်ပေါက်ရခြင်း အကြောင်းရင်းများ

ပူပြင်းတဲ့ ရာသီဥတုကြောင့်  မိတ်ထွက်ခြင်းကိုဖြစ်စေတတ်ပြီး ပူအိုက်၊ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုမှာ ပိုမို အဖြစ်များပါတယ်။ အပူချိန်လွန်ကဲတဲ့အတွက် အရေပြားထဲမှာ ချွေးတွေသွားစုနေ၊ ပိတ်နေရာကနေ မိတ်ဖုတွေအဖြစ် ထွက်လာရတာဖြစ်တယ်လို့ သိရပါတယ်။

ချွေးထွက်ရမဲ့အစား မထွက်နိုင်ဘဲ ချွေးတွေကအရေပြားထဲမှာစုနေတာကြောင့် ယားယံတာ၊ အဖုတွေအများကြီးထွက်လာတာ ဖြစ်ပါတယ်။ အရေပြားက အေးသွားတဲ့အချိန်၊ အပူချိန်ကျသွားတဲ့ အခါမှာတော့ အဲ့ဒီမိတ်ဖုတွေက ပျောက်သွားတတ်ပါတယ်။

ချွေးဂလင်းပြွန်တွေ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ မွေးကင်းစကလေးလေးတွေမှာ တပတ်သား အရွယ်က စတင်ပြီး မိတ်ပေါက်နိုင်ပါတယ်။ ဒါ့အပြင် အနွေးဓါတ်ပေး ကိရိယာထဲမှာ နေရတဲ့ ကလေးတွေ၊ အဝတ်အစား ထူထူကြီးတွေ ဝတ်ပေးခံထားရတဲ့ ကလေးတွေနဲ့ အဖျားရှိတဲ့ ကလေးတွေမှာ မိတ်ပိုပေါက်နိုင်ပါတယ်။

လူကြီးတွေမှာတော့ နွေရာသီမှာ ချွေးထွက်များစေတဲ့ လှုပ်ရှားမှုလုပ်သူတွေ၊ ကာလကြာရှည်စွာ အိပ်ရာထဲ လဲနေသူတွေမှာလည်း မိတ်ထွက်နိုင်ပါတယ်။

မိတ်ပေါက်ခြင်းရဲ့ လက္ခဏာများ

မိတ်ပေါက်ခြင်းရဲ့ လက္ခဏာတွေကို  ဦးခေါင်း၊လည်ပင်း နဲ့ ပုခုံးလို နေရာမျိုးတွေမှာ သေးငယ်ပြီး ယားယံစေတဲ့ အဖုလေးတွေ ပေါက်လာတာကို တွေ့ရပါတယ်။ မိတ်ပေါက်နေတဲ့ နေရာတွေကို အဝတ်အစားနဲ့ ထိမိတာ (သို့မဟုတ်) ကုတ်မိတဲ့အခါ ခပ်စူးစူးခံစားရစေတတ်ပြီး  အရေပြား ပိုးဝင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ကလေးငယ်လေးတွေမှာ မိတ်ဖုတွေကို လည်ပင်း၊ ပုခုံး၊ ရင်ဘတ်နဲ့ နောက်ကျောတွေမှာ တွေ့ရတတ်ပြီး  ချိုင်းကြား၊ ပေါင်ခြံနဲ့ လက်မောင်း စတဲ့ နေရာတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။

မိတ်ဖုတွေရဲ့ အမျိုးအစားများ

ချွေးဂလင်းပြွန်တွေရဲ့ အရေပြားကို ပိတ်ဆို့တဲ့အပေါ် မှာမူတည်ပြီး မိတ်ဖုတွေရဲ့  အမျိုးစားတွေ ခွဲခြားနိုင်သလို အမျိုးအစားတခုစီမှာလည်း ပြလေ့ရှိတဲ့ လက္ခဏာတွေ မတူညီကြပါဘူး။

အပေါ်ယံမိတ်ဖုတွေကိုတော့ milia လို့ခေါ်ပြီး ဒီမိတ်ဖုအမျိုးအစားကတော့ အားအပျော့ဆုံး ဖြစ်ပါတယ်။ အရေပြားမျက်နှာပြင်ပေါ်မှာ ပွင့်တဲ့ချွေးပေါက်လေးတွေ ပိတ်သွားတဲ့အခါပေါက်တတ်တဲ့ မိတ်အမျိုးအစားဖြစ်ပြီး၊ ရေကြည်ဖုလေးလိုမျိုး ဖြစ်ပွားတတ်ကာ အဲ့ဒီရေကြည်ဖုတွေဟာ ပေါက်လွယ်ပါတယ်။

Milia ထက် ပိုပြင်းတဲ့ မိတ်ဖုကတော့ အဖုတွေဟာ နီရဲနေပြီး အ‌ရေပြားထဲကို ပိုမိုနက်စေပါတယ်။ အဲ့ဒီအမျိုးအစားမှာ မိတ်ဖုတွေက ရောင်ရမ်းနေတတ်ပြီး မိတ်ထွက်တဲ့နေရာတွေမှာ ယားယံတာ၊ ခပ်စူးစူးကျဥ်ကျဥ် ခံစားရတာမျိုးတွေ ခံစားရနိုင်ပါတယ်။

အဲဒီကနေတဆင့် ပိုမိုပြင်းထန်လာမယ်ဆိုရင် မိတ်ဖုလေးတွေဟာ ရောင်ရမ်းရာကနေ အပြည်တည်တဲ့ အထိဖြစ်နိုင်ပါတယ်။

အဆိုးဆုံး အဆင့်ကတော့ အရေပြား အောက်ခြေနက်နက်ထိ ထိုးဖောက်ပြီး အဲဒီမိတ်ဖုတွေဟာ ဖြစ်ခဲတယ်လို့ ဆိုပါတယ်။ အဲ့ဒီမိတ်ဖုက အရေပြား ယားယံရုံတင်မကဘဲ နာကျင်ပြီးတော့ အရေပြားမှာပေါက်ထွက်တတ်တဲ့ အဖုအလုံးကြီးကနေ အနာဖြစ်နိုင်ပါတယ်။

မိတ်ဖုထွက်ရင် ဘယ်လိုကုသမလဲ

ကိုယ့်မှာဖြစ်ဖြစ်၊ ကိုယ့်မိသားစုဝင်တွေထဲကဖြစ်ဖြစ် နွေရာသီမှာ မိတ်ဖုတွေ ထွက်ခဲ့ရင် ချောင်ချိပြီး ပေါ့ပေါ့ပါးပါးဖြစ်မဲ့ အဝတ်တွေ ဝတ်ဆင်ရပါမယ်။ ရေအေးနဲ့ ရေချိုးတာတွေ လုပ်ပေးလို့ရပါတယ်။ နေပူထဲထွက်တာမျိုး၊ အပူနဲ့ထိတွေ့ရမှာတွေကို တတ်နိုင်သလောက် ရှောင်ကြဥ်ပေးရမှာ ဖြစ်ပါတယ်။

မိတ်ဖုထွက်ပြီဆိုရင် ရက်အနည်းငယ်အတွင်းမှာ အလိုလိုနေရင်း ပျောက်ကင်းသွားတယ် ဆိုပေမဲ့ ယားယံတာတွေ သက်သာဖို့အတွက် အဆီမပါတဲ့ Body Lotion တွေ ၊ calamine lotion ၊ anhydrous lanolin နဲ့ စတီးရွိုက် အစရှိတဲ့ လိမ်းဆေးရည်တွေ လိမ်းပေးနိုင်ပါတယ်။

မိမိရဲ့ မိတ်ဖုတွေဟာ နာကျင်ပြီး နီရဲတာ၊ ရောင်ရမ်းပူနွေးတာတွေ ပိုမိုဆိုးဝါးလာတာ၊ မိတ်ထွက်တဲ့ နေရာတဝိုက်မှာ အနီစင်းတွေ ဖြစ်လာတာ၊ မိတ်ဖုက ပြည်တွေထွက်လာတာ၊ ချိုင်း၊လည်ပင်း နဲ့ ပေါင်ခြံက အကြိတ်တွေ ကြီးလာတာ၊  ကိုယ်အပူချိန် ၃၈ဒီဂရီစင်တီဂရိတ် အထက်မှာရှိတာနဲ့  အကြောင်းရင်းခံမရှိဘဲ ချမ်းတုန်ဖျားတာတွေဖြစ်ရင် ဆရာဝန် (သို့မဟုတ်) တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသရမှာဖြစ်ပါတယ်။

မိတ်ဖုတွေမထွက်အောင် ဘယ်လို ကာကွယ်ကြမလဲ

ပူပြင်းလွန်းတဲ့ နွေရာသီမှာ လေဝင်လေထွက်ကောင်းဖို့နဲ့ မိတ်ဖုမထွက်ဖို့ ပါးလွှာပြီးအေးတဲ့၊ ချောင်ချိတဲ့၊ ပေါ့ပေါ့ပါးပါးဖြစ်မဲ့အဝတ်တွေ ဝတ်ဆင်ရပါမယ်။ ကလေးငယ်တွေကို  အနှီးတွေနဲ့ ထုပ်ထားတာ၊ ပတ်ထားတာမျိုးတွေကို ရှောင်ကြဉ်ရပါမယ်။

နေရိပ်တဲ့နေရာနဲ့ လေဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာ နေထိုင်ရပါမယ်။ နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေအနေနဲ့  ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားပြီး အလုပ်လုပ်တာမျိုးတွေ ‌ရှောင်ကြဉ်ရပါမယ်။

ကိုယ့်နေတဲ့ အိပ်ခန်းတွေကို လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကို ဖွင့်ထားပေးရပါမယ်။

အပူချိန်လွန်ကဲတာကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာမှ စိတ်အနှောက်အယှက် ဖြစ်စေတဲ့  မိတ်ထွက်ခဲ့ရင် မပေါ့ဆကြဖို့နဲ့ မထွက်ခင် ကြိုတင်ဂရုတစိုက်နေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုးကား – NUG MOH Website

spot_img
spot_img