spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပင်လောင်းမြို့နယ်အတွင်းက ကရင်နီစစ်ရှောင် ၁ ထောင်ဝန်းကျင် ထပ်မံတိမ်းရှောင်နေရ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းက နန်းတုတ် နဲ့ ကုန်းသာကျေးရွာမှာ စစ်ရှောင်နေကြတဲ့ ကရင်နီစစ်ရှောင် ၁ ထောင်ဝန်းကျင်ဟာ ထပ်မံတိမ်းရှောင်နေကြရပြီး နေရာထိုင်ခင်းအခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။

စစ်ရှောင်နေကြတဲ့ ကျေးရွာအနီးအနားကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုရှိတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်ကစပြီး ကရင်နီစစ်ရှောင် (၁၁၇၂)ဦးဟာ ဒေသခံ ကျေးရွာသားတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ စစ်ရှောင်တွေဟာ လယ်ကွင်းပြင်တွေမှာ နေထိုင်ကြတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်လို့ရှောင်ရတာ ဒေသခံပါ ပြေးနေရတော့ အကုန်ရှောင်ရတယ်။ ဒေသခံတွေအတွက်လည်း နေရာမရှိသလောက်ဖြစ်နေတယ်ဗျာ။ အများစုက လယ်ကွင်းမှာပဲနေကြတယ် “ လို့ သူက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်ကြတာ တစ်ပတ်ကြာမြှင့်ပြီဖြစ်ပြီး ယူလာတဲ့ စားနပ်ရိက္ခာလည်း ပြတ်လပ်နေပြီဖြစ်တာကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ ဒေသခံနဲ့ ကရင်နီစစ်ရှောင်တွေဟာ လယ်ကွင်း၊ တောတောင်တွေအပြင် နီးစပ်ရာဆွေမျိုး၊ ကျေးရွာတွေမှာလည်း တိမ်းရှောင်ကြတာရှိတယ်လို့ သိရပါတယ်။

လတ်တလော ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားမှု နဲ့ လက်နက်ကြီးပစ်ခတ်မှု မရှိပေမဲ့ နေရပ်ပြန်လို့ မရသေးဘူးလို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြောပါတယ်။

“နှစ်ဆင့် ပြေးနေရတဲ့ စစ်ရှောင်တွေ ရှိနေပြီးဗျာ။ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ထုနေတော့ အကုန်စစ်ရှောင်နေတာ။ ခုတစ်ရက်နှစ်ရက်တော့ မကြားရတော့ဘူးဗျာ။ ဒါပေမယ့် ပြန်လို့မရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အသုံးအဆောင်ပစ္စည်းတွေကို ကူညီလှူဒါန်းသူတွေ နည်းပါးလာသလို စစ်ရှောင်ဦးရေ ထပ်တိုးလာတယ်လို့ စစ်ရှောင်ကူညီတွေထံကနေ သိရပါတယ်။ ပင်လောင်းမြို့နယ်အတွင်းမှာ ကရင်နီစစ်ရှောင် ၂သောင်းကျော်ရှိနေပြီး နေရာအနှံ့အပြားမှာ ပြန့်ကြဲနေထိုင်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img