spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပင်လောင်းမြို့ ဆောင်းပြောင်းနဲ့ နမ့်ဖာမူရွာမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ တိမ်းရှောင်နေရ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်း နဲ့ နမ့်ဖာမူ ကျေးရွာတွေမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ ၄ရက်ရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ နမ့်ဖာမူတို့ ဆောင်းပြောင်းတို့ ရွေ့ကြတာပေါ့နော်။ အဲ့ဒီမှာ စစ်တပ်တွေ အများကြီးထိုးစစ်ဆင်လာတော့လေ ရှောင်ကြတယ်။ အဲ့ဒီအနောက်ဖက် တက်တဲ့လမ်းက ပိတ်ထားတယ်။အဲ့လိုလေးပေါ့နော်။ အဲ့ဒီအနောက်ဖက်ဆိုတာက ဆောင်းပြောင်းကနေမှ ချယ်ရီကုန်း လအိ၊လတိန် ပြန်တဲ့လမ်းပေါ့။ လွိုင်ကော်ပြန်မဲ့လမ်းပေါ့နော် ပိတ်ထားတယ်။ အဲ့လိုလေးတော့ရှိတာပေါ့။ စစ်ရှောင်နေကြတာပေါ့ တစ်ရွာနဲ့တစ်ရွာ။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဆောင်းပြောင်း၊ နမ့်ဖာမူ နဲ့ အနီးအနားကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသခံအပြင် စစ်ဘေးရှောင်တွေလည်း ထပ်မံတိမ်းရှောင်နေကြရပြီး လူဦးရေစာရင်းကိုတော့ မသိရှိရသေးပါဘူး။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေထိခိုက်မှုရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဆောင်းပြောင်း၊ ပီကင်းလမ်းကို လုံခြုံရေးအရ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာလည်း ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ်က ကျေးရွာတွေနဲ့ အနီးအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ပင်လောင်းမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားမှု အခြေအနေ၊ ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

လတ်တလောမှာလည်း ၁ လေးလုံးစစ်ဆင်ရေး နဲ့ ဆက်စပ်တဲ့ တိုက်ပွဲတွေဟာ နောင်ဝိုး၊ ဗန်းမောက်၊ နမ့်ဖာမူ တောက်လျှောက် အပြင်းအထန်ဖြစ်ပွားနေပြီး လူထုတွေအနေနဲ့ ကုန်းလမ်းသာမက ရေလမ်းအသုံးပြုပြီး ခရီးသွားလာခြင်းမပြုလုပ်ကြဖို့ နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ပေးကြဖို့ မိုးဗြဲ-ဖယ်ခုံစစ်ဆင်ရေးမဟာမိတ်အင်အားစုကနေ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှာ အသိပေးထားပါတယ်။

spot_img
spot_img