ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေမှာ ပအိုဝ်းပြည်သူ့စစ (PNO) က စစ်မှုထမ်းဖို့ ပြည်သူတွေကို အမျိုးမျိုးခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေကြေး ရရှိဖို့ ခြိမ်းခြောက်မှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဟိုပုံမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“ မြေပြင်မှာတော့ ခြိမ်းခြောက်မှုတွေရှိပါတယ်။ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခံနေရတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ စစ်မှုထမ်းကို အကြောင်းပြပြီး ဒေသခံပြည်သူထံ ငွေကြေးရဖို့ သုံးတဲ့နည်းလမ်းသက်သက်ပဲ ဖြစ်မယ်။ တောင်းတဲ့ငွေမပေးနိုင်ရင် အိမ်ချိတ်ပိတ်မယ်ပေါ့။ အခြားဒေသမှာလည်း အဲလိုပါဘဲ၊ ပြည်ပရောက် လူငယ်စာရင်း ကောက်နေခဲ့တာ ကြာပါပြီ။ ပိုက်ဆံလည်း ကောက်နေခဲ့တာလည်း ကြာပါပြီ။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဆီဆိုင်၊ပင်လောင်း၊ ဟိုပုံးမြို့နယ်မှာရှိတဲ့ ပြည်သူတွေကို ပြည်သူ့စစ်မှုထမ်းလုပ် ဖို့ PNOက ခြိမ်းခြောက်နေတာပါ။
“ဒေသအလိုက် ကျေးရွာအလိုက် တော့ကွာခြားပြီးပေးရတာရှိတယ်။ ဟိုပုံးဖက် ၁သိန်း၊၂သိန်း ပေးရတာရှိတယ်။ အခြားဒေသဖက်ဆို ၄/၅သိန်းထိပေးရတာပေါ့။”လို့ ပအိုဝ်းလူငယ် အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာလည်း ဟိုပုံးမြို့နယ်က ကျေးရွာတစ်ရွာမှာ အစည်းအဝေးပြုလုပ်ပြီး စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေကို အိမ်ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“ဟိုပုံးမြို့နယ် ဒီ လွယ်အွန်းရွာ ဘုန်းကြီးကျောင်းမှာ ဒေသခံပြည်သူတွေကို အစည်းအဝေးခေါ်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့တာ ဟုတ်ပါတယ်။ ငြင်းဆန်တဲ့သူတွေကို အိမ်ချိတ်ပိတ်မယ်ပေါ့နော်။ လက်ရှိမှာတော့ အိမ်ချိတ်ပိတ်မှု အဆင့်ထိတော့ မရောက်သေးဘူး။ လက်တွေ့လုပ်နေတာတော့ မတွေ့ရသေးဘူးပေါ့။ နောက်ပိုင်းတော့မပြောတတ်သေးဘူး။”လို့ ပအိုးလူငယ် အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကတည်းက စစ်မှုထမ်းခေါ်ယူနေတာရှိပြီး အသက် ၁၆ နှစ်ကနေ ၃၅ အတွင်းရှိ လူငယ်တွေကို သတ်မှတ်ခေါ်ယူပေမယ့် မြေပြင်မှာတော့ အဆိုပါ သတ်မှတ်ထားတဲ့အသက်အရွယ်ထက် ငယ်တဲ့ သူတွေကော သတ်မှတ်ထားတဲ့ အရွယ်ထက် ကြီးသူတွေပါ ခေါ်ယူနေတာကို မြင်တွေ့နေရတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့ တာဝန်ရှိသူ ကဆိုပါတယ်။
ဒါ့အပြင် ပြင်ပရောက်လူငယ်တွေအနေနဲ့ လူကိုယ်တိုင်ပါဝင်တာမျိုး မလုပ်ပဲ ငွေကြေးနဲ့သာ ပေးဆောင်ကြရတယ်လို့ ဆိုပါတယ်။
မဖြစ်မနေ တစ်အိမ်တစ်ယောက် စစ်မှုထမ်းခေါ်ရာမှာတော့ စစ်မှုမထမ်းဆောင်နိုင်တော့တဲ့ မိသားစုတွေဟာ ငွေကြေးပေးဆောင်တာ (သို့မဟုတ်) လူငှားရမ်းပြီး စစ်မှုထမ်းစေတာ တွေ ပြုလုပ်နေကြရတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းဆီကနေ သိရပါတယ်။