ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်တွင်းက တောတောင်ထဲမှာ နေထိုင် ခိုလုံနေကြတဲ့ စစ်ဘေးရှောင်လူထုတွေအပါအဝင် ဒေသခံတွေဟာ နွေရာသီမှာ အတွေ့များတဲ့ ပုစဥ်းရင်ကွဲ အကောင်ကို ဟင်းလျာတစ်ခုအနေနဲ့ ရွေးချယ်စားသုံးလာကြပါတယ်။
ယခင်မိရိုးဖလာအစဥ်အလာ ကတည်းက တောင်ပေါ်ဒေသတွေမှာ ပုစဥ်းရင်ကွဲ စားသုံးမှုတွေ ရှိခဲ့ပေမဲ့ အခုလိုစစ်ရှောင်ကာလမှာ ဟင်းလျာတစ်ခုအနေနဲ့ စားသုံးတာတော့ နည်းပါးတယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ ဒေါ်မူးရာ( အမည်လွဲ) ကပြောပါတယ်။
“ဒီမှာက ရာသီအလိုက်ပေါ်တဲ့ အသီးအနှံတွေကို တောထဲမှာ သွားရှာစားကြတယ်ပေါ့နော။ နွေရာသီရောက်ရင် ပုစဥ်းရင်ကွဲ တွေက တအားပေါလာတယ်လေး။ အဲတာကို သွားရှာစားကြတယ်” လို့ ဒေါ်မူးရာ( အမည်လွဲ) ကပြောပါတယ်။
ပုစဥ်းရင်ကွဲတွေက အာန္တာတိကနဲ့ အာတိတ်ဒေသကလွှဲရင် ကမ္ဘာအနှံ့မှာတွေ့ရပြီး လူသိများတဲ့ အင်းဆက်မျိုးစိပ်တစ်ခုဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ပုစဥ်းရင်ကွဲတွေက မြေအောက်မှာနေထိုင်စဥ် သစ်မြစ်တွေရဲ့ အရည်ကိုစုပ်ယူသောက်သုံးကြပြီး ဖွံ့ဖြိုးလာတဲ့အခါ မြေပြင်ပေါ်ကို ပျံတက်လာကြတာ သစ်ပင်ပေါ်မှာ တွယ်ကပ်ကြတာပါ။
အာဟာရဖြစ်စေတဲ့ အစာအုပ်စု သုံးစုမှာ ပုစဥ်းရင်ကွဲ မပါဝင်ပါဘူး။ ဒါပေမဲ့ ခေတ်ကာလ အနေအထားအရ စားသောက်ရေးကိုဖြေရှင်းဖို့ ပုစဥ်းရင်ကွဲကို အဓိကဟင်းလျာတစ်ခုအဖြစ်ရွေးချယ်လာကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“အခုကစားတဲ့ လူပိုများလာတာပေါ့။ ကြော်စားကြတယ်။ ထောင်းစားကြတယ်။ အရသာလို့ ပြောရမယ်ဆိုရင်တော့ ဖား တို့နဲ့တူမယ်ထင်တယ်” လို့ ဒီးမော့ဆိုမြို့နယ် ဝါဘန်းဘလိုကျေးရွာမှာနေထိုင်တဲ့ မောင်လင်းလင်းက ပြောပါတယ်။
စားသောက်တာအပြင် ဝင်ငွေအတွက် စစ်ဘေးရှောင်နဲ့ ဒေသခံလူထုတွေက ပုစဥ်းရင်ကွဲကို ရောင်းချမှုတွေလည်း လုပ်ဆောင်လာကြပါတယ်။ နေရာဒေသနဲ့ ရောင်းတဲ့သူပေါ်မူတည်ပြီး ပုစဥ်းရင်ကွဲရဲ့ စျေးနှုန်းက မတူပေမဲ့ ပျမ်းမျှအားဖြင့် တစ်ကောင်ကို ၁၀၀ ကျပ် စျေးရတယ်လို့ ဆိုပါတယ်။
“ရောင်းတယ်ဆိုတာက စီးပွားဖြစ်အောင်၊ စျေးကွက်တစ်ခုဖန်တီးပြီးရောင်းတာတော့မဟုတ်ဘူးပေါ့။ အသုံးစရိတ် ရလိုရငှား ရောင်းကြတာပါပဲ” လို့ ဒေါ်မူးရာ (အမည်လွှဲ) ကပြောပါတယ်။
ယခုနှစ် ၂၀၂၅ ရဲ့ ဆောင်းအကုန် နွေအကူးကာလကျော်လွန်လာပြီဖြစ်လို့ ဒေသခံတွေတင်မက စစ်ဘေးရှောင်တွေပါ ပုစဥ်းရင်ကွဲ ရှာထွက်ဖို့ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။