ပြည်ထောင်စုမြန်မာနိုင်ငံ၊ အမျိုးသားလုံခြုံရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု

သောသီခို ရေးသားသည်။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် အဆိုပါတိုင်းပြည်က ချမှတ်ကျင့်သုံးသည့် အမျိုးသားလုံခြုံရေးဆိုင်ရာမဟာဗျူဟာအပေါ်တွင် များစွာတည်မှီသည်။ 

သို့ဖြစ်၍ နိုင်ငံများသည် မိမိတို့၏နိုင်ငံတော်လုံခြုံရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အမျိုးသား လုံခြုံရေးကို မဟာဗျူဟာပြင်ဆင်ရေးဆွဲ၍ကျင့်သုံးလာကြသည်၊ ဤသို့ရေးဆွဲရာတွင် နိုင်ငံတစ်နိုင်ငံနှင့်တနိုင်ငံ ကွဲပြား ခြားနားမှုရှိနိုင်ပါသည်၊ နိုင်ငံဖြစ်ပေါ်လာပုံနောက်ခံသမိုင်းကြောင်း၊ ခံယူကျင့်သုံးသည့်နိုင်ငံရေးစနစ်၊ နိုင်ငံတော်အစိုးရ ၏အခန်းကဏ္ဍ၊ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအခြေအနေ၊ နိုင်ငံ၏ဓနအင်အားနှင့်အမျိုးသားအကျိုးစီးပွား၊  နိုင်ငံ၏ လုံခြုံရေးအခန်းကဏ္ဍကို တာဝန်ယူထာကြသည့် အင်အားစုများ၏အခြေအနေ၊ နိုင်ငံအတွင်းရှိပညာရှင်များ၊ အရပ်အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍ စသည့်အချက်များ အပေါ်မူတည်၍ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။

သို့ရာတွင် အရေးကြီးဆုံးအချက်မှာ အမျိုးသားလုံခြုံရေးအပေါ် တိုင်းပြည်က အဓိပ္ပါယ်ဖွင့်ဆိုမှုဖြစ်ပါသည်၊ အမျိုးသားလုံခြုံရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ်အခြေခံ၍ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ချမှတ်ကြသော ကြောင့်ဖြစ်ပါသည်။ 

တိုင်းပြည်၏အမြင့်ဆုံးအုပ်ချုပ်မှုအာဏာကိုရယူထားကြသော ထိပ်ဆုံးမှတာဝန်ရှိခေါင်းဆောင် များအနေဖြင့် တိုင်းပြည်တွင် ၎င်းတို့ပုံဖော်လိုသောနိုင်ငံရေးစနစ်နှင့် အုပ်ချုပ်မှုပုံစံကို ၎င်းတို့အဓိပ္ပါယ်ဖွင့်ဆိုသော အမျိုးသားလုံခြုံရေးမဟာဗျူဟာကတဆင့် ထင်ဟပ်ပုံဖော်တတ်ကြပါသည်။ တိုင်းပြည်တစ်ပြည်က ကျင့်သုံးသော အမျိုးသားလုံခြုံရေးမဟာဗျူဟာသည် အဆိုပါတိုင်းပြည်ကကျင့်သုံးသည့် နိုင်ငံရေးစနစ်ကို ပုံဖော်ပြသပါသည်။

သို့ဖြစ်၍ တိုင်းပြည်တစ်ပြည်သည် မိမိ၏အမျိုးသားလုံခြုံရေးအဓိပ္ပါယ်ဖွင့်ဆိုမှုကို ကျဉ်းမြောင်းသော အမျိုးသားရေး အယူအဆ၊ ကိုယ်ကျိုးစီးပွားကိုကာကွယ်မှုရှေ့တန်းတင်သောအယူဝါဒနှင့် အတွေးအခေါ်အပေါ် အခြေခံသော အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် ပိုမိုကျယ်ပြန့်သောနယ်ပယ်တို့ကို ချင့်ချိန်တွက်ချက်၍ ကျယ်ပြန့်သောအဓိပ္ပါယ် ဖွင့်ဆိုမှုတို့အနက် မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုးဖြင့် မိမိတိုင်းပြည်၏အမျိုးသားလုံခြုံရေးကိုပုံဖော်သနည်းဆိုသည့် အချက်သည် အဆိုပါ တိုင်းပြည်တွင်မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုအတွက်သာမက အဆိုပါတိုင်းပြည်နှင့် နယ်နမိတ်ခြင်းထိစပ်နေ သော အိမ်နီးခြင်းတိုင်းပြည်အတွက်ပါ အရေးကြီးပါသည်။

ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုမှုများအနက် ဒီမိုကရေစီမိခင်နိုင်ငံကြီးအိန္ဒိယမှ ပညာရှင်ပရာဘတ်ပါရန်ပါလာရီ ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ နိုင်ငံအများက အထူးအလေးထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဟု ပြောနိုင်ပါသည်။ 

ပရာဘတ်ပါရန်ပါလာရီ က “အမျိုးသားလုံခြုံရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအနေဖြင့် မည်သည့် အချိန်ကာလတွင်မဆို ဘက်ပေါင်းစုံခြိမ်းခြောက်မှုကို ကျော်လွှားနိုင်ပြီး ပြည်သူများ၏ ကောင်းကျိုးချမ်းသားကို အာမခံ ချက်ပေးသည့် အမျိုးသားနိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာတည်တည်တံ့တံ့ ရပ်တည်နေနိုင်အောင်လုပ် ဆောင်နိုင် သည့် စွမ်းပကားမျိုးဖြစ်သည်” ဟု ဖွင့်ဆိုခဲ့ပါသည်။

ဘက်ပေါင်းစုံခြိမ်းခြောက်မှုရှိနိုင်သည့် ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှဆင်းသက်သော တိုင်းပြည်တိုင်းလိုလိုသည် အမျိုးသားလုံခြုံရေးကို ပိုမိုကျယ်ပြန့်သော အဓိပ္ပါယ်ဖွင့် ဆိုမှုဖြင့် ချဉ်းကပ်ကြပါသည်။

၂၁ ရာစုခေတ်၏ အမျိုးသားလုံခြုံရေးအပေါ် ကျယ်ပြန့်သောခြိမ်းခြောက်မှုတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ နိုင်ငံတော်၏အကျိုးစီးပွားနှင့် လူသားမျိုးနွယ်စုကိုခြိမ်းခြောက်နေသော အန္တရာယ်များဖြစ်သည့် မူးယစ်ဆေး ဝါးပြဿနာများ၊ ဆင်းရဲမွဲတေမှုများ၊ သဘာဝပါတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ သဘာဝကပ်ဘေးအန္တရာယ် များအပြင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ လူကုန်ကူးမှုစသည့် အချက်များကိုပါ ထည့်သွင်းစဉ်းစားလာကြပါသည်။

 ပြောင်းလဲ လာသောခေတ်စနစ်၏အခြေအနေနှင့် အသစ်အသစ်သောခြိမ်းခြောက်မှုများကြောင့် အတော်အတန် ပြီးပြည့်စုံသည့် အမျိုးသားလုံခြုံရေးဆိုင်ရာမဟာဗျူဟာကိုချမှတ်ကျင့်သုံးခဲ့သော တိုင်းပြည်များပင်လျှင် မိမိတို့တိုင်းပြည်၏ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍကို ခေတ်စနစ်နှင့်အညီပြန်လည်သုံးသပ်၍ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ပြန်လည်ပြင်ဆင် မွမ်းမံရေးဆွဲချမှတ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာစဉ်းစားချက်ကို လေ့လာကြည့်သည့်အခါတွင် ရှည်လျားသည့် စစ်အာဏာရှင်နောက်ခံပြုသမိုင်းဖြစ်ရပ်အပေါ်အခြေခံ၍ အမျိုးသားလုံခြုံရေးကို အလွန်ကျဉ်းမြောင်းသော အယူအဆ အဖြစ် စစ်တပ်၏အခန်းကဏ္ဍကိုရှေ့တန်းတင်၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။

ဤသည်မှာလည်း အခြားနိုင်ငံများနှင့်မတူသည့် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းနှင့် ထူးခြားသည့် အာဏာခွဲဝေပုံကြောင့်ပင်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် စစ်တပ်သည်အရပ်သားအစိုးရ၏ အလုပ်ချုပ်မှု အောက်တွင်ရှိပြီး အမျိုးသားလုံခြုံရေးကို နိုင်ငံတော်၏အချုပ်အခြာအာဏာအပြင် လူသားမျိုးနွယ်လုံခြုံရေးကိုပါ ထည့် သွင်းစဉ်းစားသဖြင့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကို အစိုးရ၏လုံခြုံရေးကဏ္ဍတွင်တာဝန်ရှိသူများသာမက ပညာရှင် များနှင့်ပါတိုင်ပင်ရေးဆွဲကြပါသည်။
         
မြန်မာနိုင်ငံ၏ဖြစ်စဉ်တွင်မူ ၂၀၀၈ ဖွဲ့စည်းပုံက အပ်နှင်းထားသောအာဏာအရ နိုင်ငံ၏အမျိုးသားလုံခြုံရေးကို ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် တပ်မတော်တွင်သာ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားပြီး တပ်မတော်ကလည်း အမျိုးသားလုံခြုံရေးကဏ္ဍတွင်အရေးပါသည့် ဝန်ကြီးဌာနများကို တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်သဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာပြင်ဆင်မှုကို ကြည့်လျှင် တပ်မတော်က ၂၀၁၅-ခုနှစ်တွင် ထုတ်ပြန်ထားသည့် နိုင်ငံ တော်ကာကွယ်ရေးစက္ကူဖြူစာတမ်း (National Defense White Paper) ကိုသာတွေ့ရမည်ဖြစ်ပါသည်။ အဆိုပါ စက္ကူဖြူစာတမ်းကိုလေ့လာကြည့်လျှင် နိုင်ငံတော်အချုပ်အခြာလုံခြုံရေးရှုထောင့်မှသာ ချဉ်းကပ်စဉ်းစားသည့် တပ်မ တော်လက်တွင်း အတွက်ရေးဆွဲထားသော အလွန်လစ်ဟာချို့ယွင်းသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာဖြစ်နေ သည်ကိုတွေ့ရမည်ဖြစ်သည်၊ 

အဘယ်ကြောင့်နည်း၊ ရှှုင်းပါသည် တပ်မတော်၏လုံခြုံရေးစက္ကူဖြူစာတမ်းသည် ပြည်သူလူထုတစ်ရပ်လုံးကို လုံခြုံမှုပေးရမည့် လူသားမျိုးနွယ်လုံခြုံရေးကိုမျက်ကွယ်ပြုထားသည့်အပြင် အဆိုပါ လူသားမျိုးနွယ်လုံခြုံရေးအတွက်တာဝန်ရှိသည့်ဌာနများ၏ အရေးပါသည့် ပါဝင်မှုအခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား တွက်ချက်မှုမရှိသောကြောင့်ဖြစ်ပါသည်။

အဆိုပါလစ်လာချို့ယွင်းမှုသည် ယခုချိန်မှစတင်ခဲ့ခြင်းမဟုတ်ဘဲ အာဏာရှင်စနစ်စတင်အမြစ်တွယ်ခဲ့ချိန် ကတည်းက ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
          
ထို့ကြောင့်ပင် ယခင်အာဏာရှင်အစိုးရလက်ထက်များ ကောင်းစွာပြင်ဆင်ကာကွယ်ခဲ့ခြင်းမရှိသော အမျိုးသား လုံခြုံရေးကို အဓိကခြိမ်းခြောက်သည့် ပြဿနာများဖြစ်သည့် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လူသားမျိုးနွယ်လုံခြုံရေး ကိုခြိမ်းခြောက်နေသည့် အနောက်တံခါးနှင့်လူဝင်မှုဆိုင်ရာ ပြဿနာများ၊ မူးယစ်ဆေးဝါးပြဿနာများ၊ ကျန်းမာရေးကပ် ဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာပြဿနာများ၊ တရားဥပဒေစိုးမိုးရေးလျော့ရဲမှုနှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ ပြဿနာများကို ယခုအချိန်တွင် တိုင်းပြည်ကခါးဆည်းခံလာရခြင်းဖြစ်ပါ သည်။
          
ထို့သို့ယခင်ကတည်းက မဟာဗျူဟာကျကျကာကွယ်ရန်ပြင်ဆင်ခဲ့ခြင်းမရှိသည့်အပြင် ယခုချိန်ထိလည်း လူသားမျိုးနွယ်ကိုခြိမ်းခြောက်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာပြဿနာများကို  ကာကွယ်ရန်စနစ်တကျပြင်ဆင်ထား နိုင်ခြင်းမရှိသေးသည့်အတွက် အဆိုပါပြဿနာများကို လက်ငင်းရင်ဆိုင်တွေ့ကြုံရချိန်တွင် လက်တွေ့ကျကျနှင့်ဆော လျှင်စွာကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိမည်မဟုတ်ပေ။
         
 နောက်ထပ်ကြောက်စရာကောင်းသည့် အမှန်တရားတစ်ခုမှာ တိုင်းပြည်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရား တစ်ခုလုံးနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာအဆင့်ဆင့်တွင် ထိပ်ပိုင်းမှသည် အလယ်အလတ်ပိုင်းအထိ တာဝန်ယူထား ကြသူများသည် တပ်မတော်မှတပ်ထွက်များဖြစ်နေကြခြင်းဖြစ်ပါသည်။ 

သို့ဖြင့်အုပ်ချုပ်ရေးယန္တရားကွန်ယက်ကြီး တစ်ခု လုံးသည် တိုင်းပြည်၏အကျိုးစီးပွားအတွက်လည်ပါတ်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်ရှိရမည့် တတ်သိပညာရှင်များ ၏လုပ်ပိုင်ခွင့်အခန်းကဏ္ဍနိမ့်ကျနေပြီး ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပြည်သူလူထုတို့ စနစ်တကျ ပူးပေါင်းဆောင်ရွက်သည့် အလေ့အထအပေါ် အားနည်းချက်များစွာရှိသည်ကိုတွေ့ရှိရပါသည်။ 

စစ်တပ်ကချုပ်ကိုင် ထားသော ပြည်ထဲရေးဝန်ကြီးဌာအောက်ရှိအဆင့်ဆင့်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသည် အောက်ခြေ အဆင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအထိ တိုက်ရိုက်ကြီးကြပ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာများအတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏လုပ်ရှားမှုများကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသား ထောက်လှမ်းရေးဌာန၊ ရဲသတင်းအထူးတပ်ဖွဲ့စသည်တို့ကို သတင်းပေးပို့ရသည်နည်းဖြင့် ထိန်းချုပ်ထားပြီး ယခင်နှစ် တွင် အဆိုပါအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အစိုးရလက်အောက်သို့လွဲပြောင်းပေးလိုက်သည့်တိုင် အထက်ပါလုပ် ဆောင်မှုအလေ့အထမှာ ဆက်လက်တည်ရှိဆဲဖြစ်ပါသည်။

 မြန်မာနိုင်ငံတွင် ဤကဲ့သို့အမျိုးသားလုံခြုံရေးအပေါ် လူတစ်စု၏အကျိုးစီးပွားအပေါ်ရေရှည်အကာအကွယ် အတွက် စဉ်းစားဆောင်ရွက်နေချိန်တွင် အိမ်နီးခြင်းအာစီယံနိုင်ငံများက အမျိုးသားလုံခြုံရေးကို တိုင်းပြည်အပေါ် အမှန်တကယ်ခြိမ်းခြောက်နေသည့် ပြဿနာများအပေါ် အခြေခံကာခွဲခြာစိတ်ဖျာစဉ်းစားသုံးသပ်၍ လူသားမျိုးနွယ် လုံခြုံရေးကိုအလေးထားသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကိုရေးဆွဲချမှတ်နေကြသည်၊ ဤသို့ရေးဆွဲရာတွင် ကဏ္ဍအလိုက်ပညာရှင်များနှင့် ပြည်သူလူထုပါဝင်မှုအခန်းကဏ္ဍကိုလည်း ဖွင့်လှစ်ထားပေးသည်ကိုလည်းတွေ့ရသည်၊ သို့ဖြစ်၍ အဆိုပါတိုင်းပြည်များတွင် တိုင်းပြည်နှင့်ပြည်သူလူထုအပေါ်ခြိမ်းခြောက်နေသည့် ပြဿနာတစ်စုံတစ်ရာ သို့ မဟုတ် ဘေးန္တရယ်ဖြစ်ပွားပါက စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်သည်ကိုတွေ့ရသည်။

ထိုင်းနိုင်ငံသည် အမျိုးသားလုံခြုံရေးကိစ္စကိုင်တွယ်ဖြေရှင်းရေးနှင့်ပါတ်သက်၍ ၂၀၁၈ မှ ၂၀၃၇ ကာလအထိ နှစ် (၂၀) အတွက်ရေးဆွဲချမှတ်ထားသည့် အမျိုးသားမဟာဗျူဟာတွင် အမျိုးသားလုံခြုံရေးကို အမျိုးသားမဟာဗျူဟာ ၏ ကဏ္ဍတစ်ရပ်အနေဖြင့်သာရေးဆွဲဖော်ပြထားသည်ကိုတွေ့ရမည် ဆိုလိုသည်မှာ နှစ် (၂၀) အမျိုးသားမဟာဗျူဟာ၏ မျှော်မှန်းချက် ဒေါက်တိုင်ကြီး (၃) ရပ်အဖြစ် လုံခြုံရေး၊ ကုံလုံကြွယ်ဝရေး၊သင့်တင့်မျှတစွာရှင်သန်ရပ်နိုင်ရေး တွင် အမျိုးသားလုံခြုံရေးကို ကဏ္ဍတစ်ရပ်အနေဖြင့်သာဖော်ပြထားသည် သို့ဖြစ်၍ အမျိုးသားမဟာဗျူဟာကိုချမှတ်ရာတွင် အဓိကမဟာဗျူဟာ (၆) ရပ်ဖြစ်သည့် အမျိုးသားလုံခြုံရေး၊ တန်ဖိုးမြှင့်တက်စေသည့်ယှဉ်ပြိုင်မှုများ၊ လူ့အရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်စေခြင်းနှင့်အားကောင်းစေခြင်း၊ လူ့အသိုင်းအဝိုင်းတန်းတူညီမျှမှုဆိုင်ရာအခွင့်အလမ်းများ၊ သဘာဝပါတ် ဝန်းကျင်ကိုမိတ်ဘက်ဖြစ်စေသည့်ဖွံ့ဖြိုးတိုးတက်မှုကြီးထွားမှု၊ အစိုးရစီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာပြန်လည်ဖွဲ့စည်းခြင်းနှင့် တိုးတက်စေခြင်း စသည့် ဗျူဟာ ၆ ရပ်ဖြင့် စနစ်တကျပြင်ဆင်ရေးဆွဲချဉ်းကပ်ထားသည်ကိုတွေ့ရပါသည်။

အထူးသဖြင့် အမျိုးသားလုံခြုံရေးအပေါ်ခြိမ်းခြောက်မှုကို ကာကွယ်နိုင်ရေးအတွက် တာဝန်ရှိမှုကို လုံခြုံရေး ကဏ္ဍအတွက်တာဝန်ရှိအင်အားစုများကိုပေါင်းစပ်အသုံးချသည်သာမက ပြည်တွင်းရှိလူထုနှင့် ပုဂ္ဂလိက အခန်းကဏ္ဍ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိုထည့်သွင်းစဉ်းစားသည့်အပြင် အိမ်နီးခြင်းတိုင်းပြည်များနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကိုပါလက်တွေ့ကျကျ ချိတ်ဆက်အသုံးပြုသွားမည်ဟု အတိအလင်းဖော်ပြထားသည် ကိုတွေ့ရသည်၊ ထိုအချက်က ၂၀၁၈-ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်ရှိ ထမ်လွမ် (Tham Luang Cave) သဘာဝလှိုင်ဂူတခုအတွင်းသို့ဝင်ရောက်ပိတ်မိနေသည့်ကလေးငယ် (၁၂) ဦးနှင့် ဘော်လုံး နည်းပြတို့ကို ကယ်တင်နိုင်ရန် ထိုအချိန်က ထိုင်းအာဏာသိမ်းစစ်အစိုးရ၏ အချိန်နှင့်တပြေးညီ ပြည်တွင်းရှိသမျှ အင်အားစုများကိုသာမက အိမ်နီးခြင်းနှင့်အပြည်ပြည်ဆိုင်ရာအစိုးရများ၏ အကူအညီဖြင့် အချိတ်အဆက်မိမိ ကယ်ယူ ခဲ့နိုင်ခြင်းက သက်သေပြခဲ့ပါသည်။
          
ဤသည်မှာ တိုင်းပြည်ကိုအုပ်ချုပ်သည့်အစိုးရတစ်ရပ်က တာဝန်ယူနိုင်သည့်စွမ်းဆောင်ရည်နှင့် လက်တွေ့ ကျကျချမှတ်ထားသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာ၏ အရေးပါမှုကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါသည်၊ ထိုင်းနိုင်ငံ၏ အမျိုးသားရေးမဟာဗျူဟာရေးဆွဲချိန်သည် ၂၀၁၇-ခုနှစ် ဖြစ်သည့်အတွက် စစ်တပ်ကအုပ်ချုပ်နေသည့် ကာလဖြစ်သော်လည်း ထိုင်းစစ်တပ်ကိုယ်တိုင်က စစ်တပ်နှင့်အစိုးရ၏အခန်းကဏ္ဍကိုရှင်းရှင်းလင်းလင်းထားရှိပြီး ထိုင်းတပ်မတော်သည် ထိုင်းအစိုးရယန္တရား၏အုပ်ချုပ်မှုအောက်တွင် စနစ်တကျတာဝန်ထမ်းဆောင်ခြင်းကြောင့်ဖြစ်ပါ သည်။
          
ထိုင်းနိုင်ငံအနေဖြင့် အမျိုးသားရေးမဟာဗျူဟာရေးဆွဲနိုင်ရေးအတွက် အမျိုးသားရေးမဟာဗျူဟာကော်မတီ ကိုဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီသည် ၂၀၁၇-ခုနှစ်အတွင်းပြဌာန်းလိုက်သည့် အမျိုးသားမဟာဗျူဟာရေးဆွဲရေးပဒေ အပေါ်အေခြခံ၍ အမျိုးသားရေးမဟာဗျူဟာမူကြမ်းရေးဆွဲရေးကော်မတီ (၆) ဖွဲ့ ဖွဲ့စည်းကား မတူညီသောရှုထောင့်မှ မဟာဗျူဟာ ၆ ရပ်ကိုရေးဆွဲတင်ပြမှုအပေါ် အခြေခံ၍ ထိုင်းနိုင်ငံ၏အမျိုးသားရေးမဟာဗျူဟာကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဥပဒေတွင် ပြည်သူလူထုပါဝင်မှုအခန်းကဏ္ဍကို အတိအလင်းဖွင့်ဆိုထားပြီး၊ အမျိုးသားရေးမဟာဗျူဟာ၏ အန္တိမပန်းတိုင်ကိုယ်၌က ထိုင်းအမျိုးသားများ “ကောင်းမွန်သည့်လူနေမှုအဆင့်အတန်းရရှိရေးနှင့် ပျော်ရွှင်စိတ်ချမ်း မြေ့စေရေး” ဟု ရည်မှန်းချက် ထားရှိခဲ့ပါသည်။
         
 မြန်မာနိုင်ငံ ၏အမျိုးသားလုံခြုံရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ရေးဆွဲပြဌာန်းလိုက်သည့် ကာကွယ် ရေးစက္ကူဖြူစာတမ်းမှာမူ ပြည်သူလူထုအတွက် တိကျသည့်အန္တိမပန်းတိုင်ကိုမတွေ့ရဘဲ တိုင်းပြည်၏ လုံခြုံရေးဆိုင်ရာ ကဏ္ဍအ၀၀ကို တပ်မတော်ကတာဝန်ယူထားသည့်အခြေခံအောက်တွင်ရေးဆွဲရေးအတွက် အမျိုးသားလုံခြုံရးမဟာဗျူ ဟာကိုလည်း တပ်မတော်ကသာ တာဝန်ယူရေးဆွဲခဲ့ပုံရပြီး လူသားမျိုးနွယ်စုလုံခြံရေးအတွက် တာဝန်ရှိသည့် အခြား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းရေးဆွဲခဲ့ခြင်းမရှိသည့်အတွက် အမျိုးသားလုံခြုံရေးအတွက် တပ်မတော်၏တာဝန်ရှိမှု နှင့်တပ်မတော်၏ ဆောင်ရွက်ချက်များကိုသာ အမွန်းတင်ဖော်ပြထားသဖြင့် ဤစက္ကူဖြူစာတမ်းနှင့်တကွလုံခြုံရေး မဟာဗျူဟာကို ပြန်လည်ပြင်ဆင်ရေးဆွဲရန်မစဉ်းစားသမျှ မြန်မာနိုင်ငံသည် အနာဂါတ်တွင်ကြုံတွေ့ဘွယ်ရှိသည့် လူသားမျိုးနွယ်လုံခြုံရေးပြဿနာများကို နှစ်ပေါင်းများစွာကြာသည့်တိုင် စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဘွယ် မရှိပေ။
          
တဘက်တွင် အမျိုးသားလုံခြံရေးနှင့် ဆက်စပ်နေသည့် တိုင်းပြည်၏ ငြိမ်းချမ်းရေးပြဿနာဖြေရှင်းမှုသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုဦးတည်သည့်အပြင် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် မလွဲမသွေဖြတ်သန်းကျော်ဖြတ်ရမည့် လုံခြုံရေးကဏ္ဍပြန်လည်ဖွဲ့စည်းခြင်းနှင့်ပါတ် သက်၍ ယခုထိတိုင်နှစ်ဘက်ကြားကလက်ခံနိုင်သည့် ချဉ်းကပ်မှုကိုမတွေ့ရဘဲ တစ်ခုတည်းသောတပ်မတော် ခေါင်းစဉ် နှင့်ပင်ဆွေးနွေးပွဲများရပ်ဆိုင်းသွားရသည်ကို တွေ့ရမည်ဖြစ်သည် ဤအချက်က တိုင်းရင်းသားခေါင်းဆောင်များနှင့် တပ်မတော်အကြား လုံခြုံရေးကဏ္ဍနှင့်ပါတ်သက်၍ မတူညီသောရှုထောင့်မှစဉ်းစားချဉ်းကပ်နေကြသည်ကိုပြသနေသည်။ 

တပ်မတော်အနေဖြင့် ၎င်းတို့ကိုယ်တိုင်ရေးဆွဲထားသည့် ကာကွယ်ရေးမဟာဗျူဟာစက္ကူဖြူစာတမ်းအရ လက်နက်ကိုင်တပ်များကို တပ်မတော်၏ တနည်းနည်းသောထိန်းချုပ်မှုအောက်တွင်ထားလိုပြီး တိုင်းရင်းသားလက် နက်ကိုင်ခေါင်းဆောင်များက ပိုမိုကျယ်ပြန့်လာသော လူသားမျိုးနွယ်စုလုံခြုံရေးကိုဦးတည်စဉ်းစားမှုအောက်တွက် လက်ရှိမြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးကဏ္ဍကို ပြန်လည်သုံးသပ်ဖွဲ့စည်းလိုပြီး ဖက်ဒရယ်ပုံစံနှင့်ပိုမိုလိုက်လျောညီ ထွေမှုရှိသည့် လုံခြုံရေးအင်အားစုဖွဲ့စည်းမှုတွင် မိမိတို့လက်နက်ကိုင်တပ်များကို နေရာချထားလိုကြသည်။

လက်ရှိမြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် မည်သို့ပင်အားစိုက်ကြိုးပမ်းဆောင်ရွက်သည်ဖြစ်စေ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပါတ်သက်သည့် လက်နက်ကိုင်တပ်များပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာကဏ္ဍနှင့်ပါတ်သက်၍ တပ် မတော်ကို ကျော်လွှား၍မရနိုင်သဖြင့် တိုင်းပြည်တွင်စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့်ပါတ်သက်၍ အစိုးရ၏ အခန်းကဏ္ဍမှာ မေးခွန်းထုတ်ဘွယ်ဖြစ်ပါသည်။

တဘက်တွင် ဤလက်နက်ကိုင်တပ်များပြန်လည်ဖွဲ့စည်းခြင်းကိစ္စသည် အမျိုးသားလုံခြုံရေးကဏ္ဍနှင့်ထဲထဲဝင် ဝင် ဆက်စပ်ပါတ်သက်နေသဖြင့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ပိုမိုကျယ်ပြန့်သော အခင်းအကျင်းအတွက် မဖွင့် ပေးသမျှ တိုင်းပြည်တွင်ယနေ့ရင်ဆိုင်ကြုံတွေ့နေရသည့် တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်း၊ ရေသောက်မြစ်ကို ထိထိ ရောက်ရောက်နှိမ်နှင်းနိုင်ခြင်းမရှိသည့် မူးယစ်ဆေးဝါးပြဿနာများ၊ စီးပွားရေးအကြပ်အတည်းများ၊ သယံဇာတကြိမ် စာနှင့် လက်နက်ကိုင်တပ် ပေါင်းစုံတို့၏ဝန်ထုပ်ဝန်ပိုးကို နိုင်ငံခြားကြွေးူမြီနွံနှစ်နေသည့်တိုင်းပြည်ကြီးက ကယ်မထမ်းပိုး ထားရဦးမည်သည်ဖြစ်သည်။

အမျိုးသားလုံခြုံရေး၏အခန်းကဏ္ဍသည် နှစ်ပေါင်း (၇၀) ကျော်လက်နက်ကိုင်ပဋိပက္ခကို ရင်ဆိုင်ဖြတ်သန်းခဲ့ ရသည့် မြန်မာနိုင်ငံတွင် ခက်ခက်ခဲခဲကျိုးပမ်းတည်ဆောက်နေရသည့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးနှင့် တိုက်ရိုက်ပါတ်သက်နေပါသည်၊ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်ကြီး ရပ်ဆိုင်းခဲ့ရသည့် အဓိ ကအကြောင်း ၂ ချက်တွင် အမျိုးသားလုံခြုံရေးကဏ္ဍနှင့်သက်ဆိုင်သည့် တစ်ခုတည်းသောတပ်မတော် အယူအဆနှင့် ပါတ်သက်၍ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့်ချဉ်းကပ်ပုံ ကွဲပြားခြားနားကြ ခြင်းသည် အကြောင်းတစ်ချက်ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် တစ်ခုတည်းသောတပ်မတော်ကိစ္စတွင် လက်ရှိတပ်မတော်ကိုပုံသေထား၍ တိုင်းရင်း သားလက်နက်ကိုင်တပ်များကို လက်နက်ဖြုတ်သိမ်း၊ တပ်ဖွဲ့ရုတ်သိမ်း၊ လူထုနှင့်ပြန်လည်ပေါင်းစည်း စသည့် Disarmament, Demobilization and Reintegration (DDR) ဖြစ်စဉ် အတိုင်းသွားလိုပြီး တိုင်းရင်းသားလက်နက် ကိုင်များဘက်က လုံခြုံရေးကဏ္ဍပြန်လည်သုံးသပ်ခြင်းနှင့် လုံခြုံရေးကဏ္ဍပြန်လည်ပေါင်းစည်းခြင်း Security sector reform (SSR) ပုံစံဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ အခန်းကဏ္ဍကိုညှိနှိုင်းလိုခြင်းဖြစ်သည်၊ အဆိုပါလားရာ နှစ်ခုမှာအလွန်ကွဲပြားခြားနားသဖြင့် ညှိနှိုင်းမှုရှေ့မတိုးနိုင်မှီ ဆွေးနွေးပွဲများရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။

တဘက်တွင် အမျိုးသားလုံခြုံရေး၏ အခန်းကဏ္ဍသည် တိုင်းပြည်ကပုံဖော်မည့်နိုင်ငံရေးစနစ်နှင့်လည်း များစွာ သက်ဆိုင်သဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန် စိတ်အားထက်သန်ကြသည့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ အနာဂါတ်ဖက်ဒရယ်မျှော်မှန်းချက်သည် ၎င်းတို့၏အုပ်ချုပ်မှုအောက်တွင်စုဖွဲ့ထား သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ အနာဂါတ်လုံခြုံရေးသာမက ၎င်းတို့အခြေချရာပြည်နယ်ရှိလူထုများ၏ လုံခြုံရေးကိုပါ ထည့်သွင်းတွက်ချက်မည်ဖြစ်သည်။

အမျိုးသားလုံခြုံရေးမဟာဗျူဟာ လက်နက်ကိုင်တပ်များ၏အခန်းကဏ္ဍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ခြင်းတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်ပါတ်သက်နေကြသည်၊ မြန်မာနိုင်ငံအတွက်ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင် စု၏ပုံစံ ပြည်မနှင့်ပြည်နယ်များအကြားအာဏာခွဲဝေမှုပုံစံသည် တစ်ခုတည်းသောတပ်မတော်၊ လက်နက်ကိုင်တပ်များ ပြန်လည်ဖွဲ့စည်းခြင်း၊ အမျိုးသားလုံခြုံရေးမဟာဗျူဟာချမှတ်ခြင်းဆိုင်ရာကိစ္စများအပေါ် ကြီးမားသောအကျိုးသက် ရောက်မှုရှိသဖြင့် အချို့က မြန်မာနိုင်ငံအတွက်ခိုင်မာသည့်နိုင်ငံရေးမူများကို အရင်ချမှတ်ပြီးမှ အမျိုးသားလုံခြုံရေးမဟာ ဗျူဟာနှင့် လုံခြုံရေးအင်အားစုများ၏ အခန်းကဏ္ဍကိုစဉ်းစားရန်အကြံပြုကြသည်။

တဘက်တွင်လည်း မုန့်လုံးစက္ကူကပ်သည့်ပမာ နိုင်ငံရေးကဏ္ဍကို ကြည့်လိုက်လျှင် ဖက်ဒရယ်စနစ်ကို တိုင်းရင်းသားများလိုလားသည့်အတိုင်း ဆွေးနွေးညှိနှိုင်းပေးရန် တပ်မတော်နှင့်အစိုးရကလက်တွန့်နေပြန်သည်၊ တိုင်းရင်းသားများဘက်က ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုမျိုးကိုလိုလားပြီး အစိုးရနှင့် တပ်မတော်က နိုင်ငံရေးဆွေးနွေးပွဲမှတဆင့်ရရှိလာသောသဘောတူညီချက်များအပေါ်အခြေခံ၍ ဖဲ့ဖဲ့ပြီးပေးလိုသည့် သဘောမျိုးတွေ့ရှိရပါသည်။ သို့ဖြစ်၍မတူညီသောဖက်ဒရယ်ပုံစံချဉ်းကပ်မှုတွင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို မည်ကဲ့သို့တည်ဆောက်မည်ဆိုသည်က တနွယ်ငင်တစင်ပါ ဆက်စပ်နေပြန်ပါသည်။

ဤသို့သော အကျပ်အတည်းကြောင့် မြန်မာနိုင်ငံ၏လက်နက်ကိုင်တပ်များပြန်လည်ပေါင်းစည်းရေးဖြစ်စဉ်နှင့် ပါတ်သက်၍ ပညာရှင်များက SSR လည်းမပြော DDR လည်းမဆိုဘဲ ဖက်ဒရယ်ပြည်ထောင်စု၏လုံခြုံရေးစနစ်ကို မည်ကဲ့သို့ဖော်ဆောင်ကြမည်နည်း ဆိုသည့်ရှုထောင့်မှ ချဉ်းကပ်အဖြေရှာရန် အကြံပြုလာကြပါသည်။ ဤနည်းသည် ဖြစ်တန်ရာသော်လည်း ဤကိစ္စအတွက်အဓိက ကျသည့် တပ်မတော်က လက်ခံစဉ်းစားရန်လိုအပ်ပါသည်။ 

ဤသို့ လက်ခံစဉ်းစားနိုင်ရန် လက်ရှိမြန်မာနိုင်ငံတွင် လက်ခံကျင့်သုံးရန်ရေးဆွဲထားသည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာကို တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စုတွင် လက်တွေ့ကျကျ အကောင်အထည်ဖော်ကျင့်သုံးနိုင်ပြီး တိုင်းရင်း သားပြည်သူတစ်ရပ်လုံး၏ဘက်ပေါင်းစုံလုံခြုံရေးကိုအာမခံသည့် ပိုမိုကျယ်ပြန့်သောချဉ်းကပ်မှုပုံစံဖြင့် ပြန်လည်ရေး ဆွဲရန်လိုအပ်သလို တစ်ခုတည်းသောတပ်မတော်ကိစ္စအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍကို တည်ဆောက်မည့်ဖက်ဒရယ်ပြည်ထောင်စုအတွက် အားလုံးကလက်ခံနိုင်သော အမျိုးသားလုံခြုံရေးမဟာဗျူဟာ သစ်တွင်ညှိနှိုင်းသတ်မှတ်ရရှိသည့်ပုံစံဖြင့် ပြန်လည်ဖွဲ့စည်းရန် ဤကဏ္ဍနှင့် သက်ဆိုင်သူတိုင်းကကြေကြေလည်လည် ဆွေးနွေးညှိနှိုင်းအဖြေရှာကြရန်လိုပါသည်။

ထို့ထက်ပို၍ တစ်ဘက်နှင့်တစ်ဘက်အပြန်အလှန်စွပ်စွဲချက်များကိုရပ်ဆိုင်း၍ ယုံကြည်မှုတည်ဆောက်ခြင်းကို အချိန်မဆိုင်းဘဲစတင်သင့်ကြပြီဖြစ်ပါသည်။ ဤသို့မဟုတ်မူဘဲ ဆက်လက်၍ တိုက်ခိုက်နေကြဦးမည်ဆိုလျှင် ကျွန်ုပ်တို့၏ တိုင်းပြည်ကြီးသည် ဖျံနှစ်ကောင်ကြားက ငါးကျင်းအား မြေခွေးစားသည့်ပမာ လုံးပါးပါးသွားရန်သာ ရှိပေတော့သည်။

Comments

comments

Next Post

ကရင်နီဒုက္ခသည်စခန်းတွင် ကလေးငယ်များ အသက်ရှုလမ်းကြောင်းရောဂါ ကူးစက်ခံနေရ

Wed Oct 16 , 2019
ဖရဲ့ရယ် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ လက်ရှိအဖြစ်များဆုံး ရောဂါသည် အသက်ရှူလမ်းကြောင်းရောဂါဖြစ်ပြီး အများအားဖြင့် ၁၀ နှစ်အောက်ကလေးငယ်များ ကူးစက်ခံနေရတာဖြစ်သည်ဟု စခန်းရှိ ကရင်နီကျန်းမာရေးဌာနမှ သိရသည်။ “ဘာဖြစ်လို့ အဲဒီရောဂါဟာ ပိုဖြစ်ပွားများသလဲဆိုတော့ ကျနော်တို့ နေထိုင်တဲ့နေရာက တအားကျဉ်းတယ် တစ်ဦးနဲ့ တစ်ဦး ကူးစက်မူက တအားလွယ်ကူတယ်” ဟု ကရင်နီကျန်းမာရေးဌာန ဒု-ညွန်ကြားရေးမှူး ဆရာဟင်နာရီက ပြောသည်။ ရာသီဥတုပြောင်းလဲမူကြောင့် အသက်ရှူလမ်းကြောင်းရောဂါသည် နှစ်စဉ် ဖြစ်ပွားနေလျက်ရှိသည်ဟု သိရသည်။ သို့သော် ယခုနှစ် အသက်ရှူလမ်းကြောင်း ကူးစက်ခံနေရသည့် လူနာသည် ယခင်နှစ်များထက်များလာသည်ဟု သိရသည်။ “တစ်နေ့တစ်နေ့ ဆေးခန်းမှာ အသက်ရှူလမ်းကြောင်းရောဂါနဲ့ လာရောက်ကုသတဲ့ လူနာဟာ အနည်းဆုံး ၄၀ […]