ပြည်နယ်ဝန်ကြီးချုပ် စွပ်စွဲပြစ်တင်သူတစ်ဦး ပြန်လည်နုတ်ထွက်

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ချက်အပေါ် လက်မှတ်ထိုးခြင်းကို နုတ်ထွက်ကြောင်းနှင့် စွပ်စွဲမှုအပေါ်ကန့်ကွက်ကြောင်းကို လွှတ်တော်ဥက္ကဌထံ ပြန်လည်တင်ပြထားတယ်လို့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးသိန်းအောင်(ခ)စဲရယ်က ပြောပါတယ်။

၎င်းနဲ့ပတ်သက်ပြီး ဦးသိန်အောင်(ခ)စဲရယ်က အခုလိုပြုလုပ်ရခြင်းမှာ မိမိသဘောထားဆန္ဒအတိုင်းတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးသိန်းအောင်(ခ)စဲရယ်

“ ကျနော်တို့ရဲ့ပါတီက တွန်းအားပေးမှုကြောင့်ဆိုတဲ့ဟာ တစ်ခွန်းမှ မပါဘူး။ ကျတော်ဘာဖြစ်လို့လဲဆိုရင် အမျိုးသားဒီမိုကရေစီတစ်ယောက်ရဲ့ ကျနော်ရဲ့ခံယူချက်ပေါ့နော်။ ကျနော်ကတော့ တကယ်တမ်းပြောရမယ်ဆိုရင် ကျနော်အမှား။ ကျနော်အနေနဲ့မှားတာပါ။ ဘယ်သူ့ကိုမှအပြစ်မတင်ဘူး။”

သြဂုတ်လ ၂၀ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) ပုဒ်မ ၂၆၃(က)ပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက်ကြောင့် ပြည်နယ်လွှတ်တော်ဥက္ကဌမှတဆင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားထားတဲ့စာပေါ်မှာ လက်မှတ်ရေးထိုးထားခဲ့ခြင်းက ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်တို့က ဖိအားပေးခဲ့သဖြင့် သေချာစွာလေ့လာဖတ်ရှုခဲ့ခြင်းမရှိဘဲ ရေးထိုးမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၎င်းနဲ့ပတ်သက်ပြီး ဦးသိန်အောင်(ခ)စဲရယ်က “ လက်မှတ်ထိုးခဲ့သလဲဆိုတာ ရှင်းရှင်းပြောရမယ်ဆို ဒါတွေဟာ ကျနော်ကို ဖိအားပေးတယ်လို့လဲမဟုတ်ပါဘူး။ ကျနော်ကို လာပြီးတော့မှ တစ်ခါထဲ ဒီစာပေါ်မှာ ဒီကိစ္စနဲ့ပတ်သတ်လို့အခုနကျနော်ပြောပြီးပြီလေ။ ဒါတွေကတော့ ကျနော်မထိုးပါရစေနဲ့ဆိုတာ၊ ထိုးပါ ဘာမှကိစ္စမရှိဘူးဆိုပြီးတော့မှ ကျနော်က ပထမတစ်ခေါက်ထိုးလိုက်တဲ့ခါကျ သူတို့က သက္ကရာဇ်မမှန်ဘူး။ Date လဲမပါဘူး။ နောက်တစ်ခေါက်ကျတော့ ကျနော်မထိုးပါရစေနဲ့တော့ထပ်ပြောပါတယ်။ ပြည်နယ်လွှတ်တော်ထဲမှာ ဒါပေမဲ့လည်းပဲ ထိုးပါ ဘာမှမဖြစ်ဘူးပြောတော့ ထိုးရင်လည်းထိုးပစ်လိုက်ပေါ့နော်။” လို့ပြောပါတယ်။

စွပ်စွဲပြစ်တင်တဲ့ အဆိုထဲမှာ လက်မှတ်ရေးထိုးထားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးမှာ ဦးခင်မောင်ထွန်း ၊ ဦးသဲရယ်၊ ဦးသိန်းအောင်၊ ဦးစိုးရယ်၊ဦးအေးရွှေ တို့ပါဝင်ပါတယ်။

အခုလိုစွပ်စွဲပစ်တင်ချက်အပေါ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက ဆောင်ရွက်ဖို့စီစဉ်ထားကြတာ ဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ဦးသဲရယ်က ပြောပါတယ်။

“ဒီကိစ္စကဖြစ်ခဲ့တာကြာပြီပေါ့နော ၂၀၁၈ခုနှစ်ကတည်းက အဆိုတင်ပြီးတဲ့အချိန် နောက်ပြီးတော့မှ စက်ယန္တရားတွေ စစ်ဆေးပေါ်ပေါက်ပြီးတော့မှ လွှတ်တော်မှာမေးခွန်းမေးမြန်းပြီးကတည်းက ဒီကိစ္စက ဒီလိုစွပ်စွဲအပြစ်တင်ဖို့ကို အရင်ကတည်းက တိုင်ပင်ထားကြတယ် ကိုယ်စားလှယ်တွေက။ ဒါပေမယ့် ကျတော်တို့တစ်ခါမှာမလုပ်ဖြစ်ခဲ့ဘူးပေါ့နော။ တစ်ဖက်က ဝန်ကြီးချုပ်က ဒီဟာနဲ့ပတ်သက်ပြီး သူပြန်ပြီးအကောင်အထည်ဖော်ပေးနိုင်မလားဆိုတဲ့ ပုံစံမျိုးနဲ့ ကျတော်တို့စောင့် စောင့်ရင်းနဲ့ ဒီဖက်ထိ ၂၀၂၀အထိ ရောက်လာတော့တာပေါ့နော။”

ယခု စွပ်စွဲပစ်တင်တဲ့ကိစ္စကတော့ ပြည်နယ်အစိုးရကနေရဲ့ စက်ယန္တရား ပြင်ဆင်ခတွေကို ပြည်သူ့ဘဏ္ဍာငွေကနေယူပြီး ငှားရန်းရရှိလို့ ရတဲ့ငွေတွေကိုတော့ ပြည်သူ့ဘဏ္ဍာငွေထဲမရောက်ဘူးတဲ့အကြောင်းတွေကို ပြီးခဲ့တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာလည်း ဆွေးနွေးတင်ပြခဲ့ကြတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။

စက်ယန္တရားဌားရမ်းခမှ ရရှိသည့် ရငွေတွေကို ပြည်နယ်အစိုးရအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်ဖြစ် သုံးစွဲခဲ့တာ ဖြစ်တယ်လို့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) မှာပြောကြားခဲ့ပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် စက်ယန္တရားတွေကို လေလံတင်စနစ်ဖြင့်ရောင်းချဖို့အတွက် ၂၀၂၀၊ဧပြီလ ၁ရက်နေ့မှ ၃၀ရက်နေ့အထိ ပထမအကြိမ်တင်ဒါခေါ်ယူခဲ့ပြီး၊ ၂၀၂၀၊မေလ ၁၈ရက်နေ့မှ ၂၀၂၀၊ ဇွန်လ ၁၇ရက် နေ့အထိ ဒုတိယအကြိမ် တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

(၁၆.၉.၂၀၁၅)ရက်နေ့မှ (၈.၅.၂၀၁၈) နေ့အထိ စက်ယန္တရားဌားရမ်းခကျပ်ငွေ(၃၆၇.၂၄၄) သန်းရရှိခဲ့တာ ဖြစ်ပြီး ၊ အမှန်တကယ် စက်ယန္တရားဌားရမ်းခမှ အနည်းဆုံးရသင့်တဲ့ငွေမှာ ငွေကျပ်(၉၄၈.၆) သန်း ရရှိရမည် ဖြစ်တယ်လို့ သိရပါတယ်။

ဌားရမ်းခ ရရှိငွေမှာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ငွေစာရင်းအမှတ် ND-023111 သို့ပေးသွင်းပြီး စက်ယန္တရား ၁၀စီးအား ၁၀\၂၀၁၈ လတွင်လည်းကောင်း၊ မြေသယ်ယာဉ် ၈ စီးအား ၁\ ၂၀၂၀ လတွင်လည်းကောင်းဌားရမ်းမှု မပြုတော့ဘဲ လေလံတင်ရောင်းချရေး တင်ဒါခေါ်ယူလျက်ရှိရာ ပထမအကြိမ်မှာအကြိမ် တင်ဒါပြိုင်သူမရှိခဲ့ဘူးလို့သိရပါတယ်။

မေလ ၁၃ ရက်နေ့တွင် လေလံတင်ဒါ ထပ်မံရောင်းလျက်ရှိပြီး ရောင်းရငွေအား ပြည်နယ်အစိုးရအဖွဲ့ ငွေစာရင်းအမှတ် ND- 023111 သို့ပေးသွင်းဖို့ရှိတယ်လို့ လွှတ်တော်အစည်းအဝေးမှာ ဖွန်လအတွင်းက ပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အစိုးရဘက်က ဖြေဆိုထားပါတယ်။

Comments

comments

Next Post

Kayah Radio August 4th Week

Sun Aug 23 , 2020
အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယား)(တနင်္ဂနွေနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကယားပြည်နယ်အခြေစိုက် ကယန်းအမျိုးသားပါတီ (KNP) နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)၊ နှစ်ပါတီပေါင်းမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၂ ရာခိုင်နှုန်းကျော် ပါဝင်တယ်ဆိုတဲ့သတင်း၊ တပ်ပိုင်မြေကျူးကျော်မှုတွေနဲ့ တရားရုံးက ချမှတ်လိုက်တဲ့ပြစ်ဒဏ်တွေကိုကျခံပြီးသွားတဲ့ လွိုင်ကော်မြို့နယ်ထဲက တောင်သူတွေရဲ့ အမှုကို ပြည်နယ်တရားလွှတ်တော်က ဩဂုတ်လ ၁၄ ရက်နေ့မှာ ပလပ်လိုက်ပြီဆိုတဲ့သတင်းနဲ့ “စစ်ပွဲ အမွေဆိုး” ဆိုတဲ့ ဆောင်းပါးလေးအပြင် တေးရေး Khu David Brown ရေးစပ်ထားပြီး တေးဆို – Nay Thorn သီဆိုထားတဲ့ “Why you […]