spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အတွင်းရှိသစ်များကို တန်ပေါင်း တစ်သောင်းတစ်ထောင်ကျော်အထိ သယ်ယူခွင့်ပြုထား

Author

Date

Category

မော်ဦးမြာ

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ သံလွင်မြစ်အရှေ့ဘက်ကမ်းမှ သစ်များကို အစိုးရအနေဖြင့် တရားဝင်ထုတ်ခွင့် တန်ပေါင်းတစ်သောင်းတစ်ထောင်ကျော် သယ်ယူခွင့်ပြုထားသည်ဟု ကယားပြည်နယ် သဘာဝသံယဇာတနှင့် သစ်တော ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ကြီး ဦးတီရယ်က ပြောသည်။

“တရားမဝင်တဲ့ သစ်တွေကို တရားဝင်အောင် လုပ်ပေးရတာပေါ့။ ပြည်ထောင်စုကလည်း ဒီဟာနောက်ဆုံးပဲ နောက်ဘယ်အဖွဲ့အစည်းမှ မပေးတော့ဘူးဆိုတဲ့စာလည်း ရှိပါတယ်။ သစ်က အလကား ဖြစ်မှာစိုးလို့ပေါ့နော။” ဟု ဝန်ကြီး ဦးတီရယ်က ပြောသည်။

ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ သစ်များကို နောက်ဆုံးကြိမ်အဖြစ် ခွင့်ပြုခြင်းဖြစ်သည်ဟုဆိုပါသည်။

သံလွင်အရှေ့ဘက်ခြမ်းမှ သစ်များသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)သစ်များဖြစ်ပြီး သစ်တောဦးစီးဌာနမှ သိမ်းဆည်းလိုက်ကာ မြန်မာ့သစ်လုပ်ငန်းသို့လွှဲပြောင်းလိုက်ခြင်းဖြစ်ကြောင်း၊ ထိုမှတဆင့် ကုမ္မဏီများကို လေလံပြန်ပစ်လိုက်ရမှ လေလံအောင်သည့် ကုမ္မဏီများက သစ်များကို သယ်ယူကာ လက်ရှိလွိုင်ကော်မြို့ ကုန်းသာ သစ်ဆိပ်တွင် သွင်းနေကြသည်ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသွားပါသည်။

“လေလံအောင်သွားတဲ့ လုပ်ငန်းရှင်တွေက သူတို့ အောင်တဲ့(Data)အချက်တွေကို သယ်တာပေါ့။ မကုန်သေးဘူး သယ်နေကြတုန်းပဲ။” ဟု ၎င်းက ပြောပါသည်။

ယခု ပြည်နယ်အတွင်း သယ်ယူနေသော သစ်များသည်လည်း အစိုးရမှ တရားဝင် အကောင့်ရိုက်ထားပြီး ခွင့်ပြုထားသော သစ်များဖြစ်ကြောင်း၊ သစ်များကို မြန်မာနိုင်ငံအတွင်းမှာသာ ရောင်းချခွင့်ပြုထားကြောင်း ဝန်ကြီးဦးတီရယ်က ရှင်းပြသည်။

ယခုကဲ့သို့ တရားဝင်သယ်ခွင့်ပြုသည့်ကြားကပင် တစ်ဘက်တွင်လည်း တရားမဝင်သစ်လုပ်ငန်းများ၊ သစ်မှောင်ခိုများကလည်းရှိနေသေးသည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်က ပြောပါသည်။

“သစ်မှောင်ခိုတွေ ဒီလောက်ထုတ်နေတာတောင် မသိတာလား ဒါမှမဟုတ် ပေါင်းစားပြီးတော့မှ လုပ်တာလားပေါ့။ ကျနော်အဲလိုပဲ မြင်ပါတယ်။ တကယ်လို့ တိတိကျကျလုပ်နိုင်တယ် လုပ်ချင်တယ်ဆိုလို့ရှိရင် နည်းလမ်းတွေက အများကြီးပဲ ရှိပါတယ်လို့မြင်ပါတယ်။အခု မှောင်ခိုကိစ္စက အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပိုလုပ်တဲ့ဟာမျိုးတွေရှိတယ်။ အထူးသဖြင့်ဒီငြိမ်းချမ်းရေး ယူပြီးတဲ့အဖွဲ့တွေပေါ့။” ဟု ဦးသဲရယ်က ပြောပါသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ကယားပြည်နယ် လွှတ်တော်အစည်းအဝေးတွင်လည်း သစ်မှောင်ခိုများကို ဖမ်းဆီးပြီး မည်ကဲ့သို့ ပြန်လည်ပြီး လေလံရောင်းချလျက်ရှိသနည်း၊ မည်ကဲ့သို့ အရေးယူဆောင်ရွက်နေပါသနည်းဆိုသည့် မေးခွန်းကိုလည်း မေးမြန်းခဲ့ပြီးဖြစ်သည်။

ဖမ်းဆီးရမည့်သည့် တရားမဝင်သစ်များကို ပြည်ထောင်စုသို့ ပို့ဆောင်ခဲ့ရကြောင်း ၊ ပြည်နယ်အတွင်းတွင် အနည်းငယ်ကိုသာ သစ်များကို လေလံပြန်လည်ရောင်းချကြောင်း ပြည်နယ်အစိုးရက ဖြေကြားခဲ့ဖူးပါသည်။

ယခုနှစ်တွင် တရားမဝင် ဖမ်းဆီးရမိထားသည့် သစ်များ အနည်းအကျဉ်းသာ ရှိနေကြောင်းနှင့် အမှု ပြီးပြတ်သည့် သစ်များကို ဒေသသုံးများ အနေဖြင့် ပုံစံ (၈) ဆောင်ရွက်ပြီး ပြန်လည်ရောင်းချထားကြောင်း ဝန်ကြီးဦးတီရယ်က ဆက်ရှင်းပြပါသည်။

၂၀၁၈ခုနှစ်တွင် အရှေ့သံလွင်တွင် စုပုံထားသော ကျွန်းနှင့် သစ်မာများကို ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) အဖွဲ့ပိုင် သစ်ထုတ်လုပ်ကွက်များမှ ခုတ်လှဲပြီး ခွင့်ပြုရန်တင်ပြခဲ့ရာမှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၏ခွင့်ပြုချက်ဖြင့် တန် ၅ ထောင် သယ်ယူခွင့်ပြုခဲ့ပြီးဖြစ်သည်။

spot_img
spot_img

Recent posts