spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ၊ ဒေသခံတချို့ ပိတ်မိနေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့ပေါ်နဲ့ မြို့ပြင်အနီးတစ်ဝိုက်မှာ ဇန်နဝါရီလ ၇ ရက်နေ့ ညပိုင်းကစ တိုက်ပွဲဖြစ်ပွားနေပြီး မြို့တွင်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရသလို ပိတ်မိတဲ့ဒေသခံပြည်သူတွေရှိနေတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဖယ်ခုံဒေသခံတွေဆီကနေ သိရပါတယ်။

“ တိုက်ပွဲကတော့ ဖြစ်တာ ၇ ရက်နေ့ည ၇ နာရီကျော်အချိန်ကစတယ်။ လက်နက်ကြီးကတော့ ဖယ်ခုံမြို့ပေါ် ရပ်ကွက်တချို့မှာ ကျတာရှိတယ်။ မီးလောင်တာလဲ ရှိတယ်။ ကျနော်တို့ ထွက်ပြေးလာတာကတော့ ဇန်နဝါရီလ ၈ရက်နေ့ပေါ့။ ခုတော့ စစ်ရှောင်နေရတယ်။ ပိတ်မိတဲ့သူလည်းရှိနေတုန်းပဲ လမ်းပေါ်သွားတဲ့သူကို စစ်တပ်က ပစ်တာလည်းရှိတော့ လုံခြုံရေး ကရုစိုက်ပြီး သွားလာနေရတယ်။ ဖယ်ခုံ မြို့မ ဘုန်းကြီးကျောင်းရှေ့က ကားဝပ်လျှော့အိမ်တစ်အိမ် လေယာဉ်ဗုံးကြဲခံရတယ်။ နေအိမ် ပျက်စီးတာလည်း ရှိနေတယ်။” လို့ ဖယ်ခုံမြို့ကနေ စစ်ရှောင်လာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းက ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ -၄၂၁၊ ခမရ-၃၃၆ အခြေစိုက်ထားတဲ့ နေရာအနီးတွေမှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ဖယ်ခုံမြို့ပေါ် ရပ်ကွက် မြို့မ၊ ညောင်ကုန်း၊ ဈေးရှေ့တွေမှာ ကျရောက်တာလည်းရှိတာကြောင့် ဒေသခံတွေရဲ့ နေအိမ် ပျက်စီးမှုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေပြီး ထွက်ပြေးတိမ်းရှောင်ကြသူကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်မှုရှိတယ်လို့ သိရပါတယ်။ ကျန်ရစ်တဲ့ ဖယ်ခုံဒေသခံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် လက်ရှိဖယ်ခုံမြို့ရဲ့ အခြေအနေကို မသိရှိရသေးဘူးလို့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။

“ ဆက်သွယ်ရေးလိုင်းပြတ်တာတော့ ကြာပြီ။ အခုက တိုက်ပွဲလည်းဖြစ်တော့ ကျန်ခဲ့တဲ့ အသိမိတ်ဆွေတွေအတွက် စိတ်ပူနေရတယ်။” လို့ ဖယ်ခုံဒေသခံအမျိုးသမီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ဖယ်ခုံမြို့နယ်အတွင်းက ရွှေပြည်အေး နဲ့ လွယ်ပတာ စခန်းကုန်းနှစ်ခုကို မဟာမိတ်တော်လှန်ရေးအင်အားစုတွေကနေ သိမ်းပိုက်ရရှိပြီးနောက် ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာ၊ ရပ်ကွက်အတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ ကြိုတင်တိမ်းရှောင်ကြတာလည်းရှိတယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး “ဖယ်ခုံမြို့မှာတော့ တိုက်ပွဲတွေပြင်းထန်နေတုန်းဖြစ်ပါတယ်။ တိုက်ပွဲစဖြစ်တာတော့ ၈ ရက်နေ့ကတည်းက စဖြစ်တာဖြစ်ပါတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်လိုက်တဲ့ တစ်လေးလုံးစစ်ဆင်ရေးဟာ မိုးဗြဲ-ဖယ်ခုံ ဒေသတွေမှာလည်း တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီခြေကုပ်ယူထားတဲ့ ကင်းစခန်း၊ ခြေကုပ်စခန်း၊ ပွိုင့်ကုန်း စတဲ့ မိုးဗြဲ-ဖယ်ခုံဒေသက စစ်ကောင်စီရဲ့ စခန်း ၁၂ ခုအထိ သိမ်းပိုက်ရရှိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts