ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေ ယခုရက်ပိုင်းအတွင်း တပ်ပြင်ထွက်ပြီး ကင်းရှည်ယူတာတွေ ခပ်စိတ်စိတ် ရှိလာတာကြောင့် ဒေသခံတွေရဲ့ မြို့ထဲ အဝင်အထွက် သွားလာမှုကို ကန့်သတ်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ မြို့တွင်း၊ မြို့ပြင် ကင်းရှည်ထွက်တာတွေ ရှိသလို ဖရူဆို မီးသတ်ရုံးအနီးအနားမှာလည်း လမ်းပိတ်ထားတာကြောင့် မိုင်းတွေထောင်ထားနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မြို့ထဲမှာ လူထုတွေ မရှိတော့ဘူး စကစ (စစ်ကောင်စီ) ဘက်က ရှိနေတယ်။ လူထုတွေကို ပေးမဝင်တော့တာလည်း ၂၀၂၄ ဒီဇင်ဘာလ ကတည်းက ဆိုတော့ အခုဆို ၅ လ၊ ၆ လရှိနေပြီ၊ လူနေအိမ်က စကစ မီးရှို့သွားတာ ၆ လုံးနဲ့အထက် လောက်ရှိပြီပေါ့နော ခန့်မှန်းအရပေါ့။ ခုခြေနေထိက စကစ (စစ်ကောင်စီ) ဘက်က မြို့ထဲမှာ ကင်းရှင်ထွက်ယူနေတယ်၊ ပြည်သူအိမ်တွေမှာပေါ့၊ မီးသတ်ဘက်က သူတို့ လမ်းတွေ ထွက်ပိတ်နေတယ်၊ မြို့ထဲမှာ သူတို့ ရက်တိုင်းလိုလို လှုပ်ရှားမှုရှိနေတယ်၊ မြို့ဘေးပတ်လည် မိုင်းတွေ ထွက်ထောင်နိုင်တယ်။” လို့ သူက ပြောပါတယ်။
စစ်ရေးနဲ့ လုံခြုံရေးအခြေအနေအရ ဒေသခံတွေကို မြို့တွင်း အဝင်အထွက် ပြုလုပ်ဖို့ ကန့်သတ်ထားသလို လုံခြုံရေးသတိရှိကြဖို့လည်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် လက်ရှိကာလဟာ စိုက်ပျိုးရာသီရောက်ရှိနေတာကြောင့် တောင်ယာလုပ်ငန်းကို အားထားလုပ်ကိုင်နေရတဲ့ ဒေသခံတွေအနေနဲ့လည်း သွားလာရေး ဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ဖရူဆိုမြို့တွင်းမှာ တိုက်ပွဲမဖြစ်တာ ကြာမြှင့်နေပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်သားတွေကတော့ ကင်းလှည့်တာ၊ ကင်းထောက်တာတွေ ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း ဖရူဆိုမြို့တွင်းက ဒေသခံတွေရဲ့ နေအိမ် ၆ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ဖရူဆိုမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီရဲ့ ခမရ (၅၃၁) ၊ ခမရ (၄၂၈)၊ မြို့မရဲစခန်း၊ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်း စတဲ့ တပ်စခန်းတွေ ရှိနေပါတယ်။