spot_imgspot_imgspot_imgspot_img
Sunday, July 14, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်မှာ အထက်တန်းကျောင်း ၃ ကျောင်း တိုးလာပြီး ဘာသာရပ်သင်ကြားမယ့် ဆရာ၊ ဆရာမ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အတွင်းမှာ ယခုနှစ် ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း ၃ ကျောင်း အထိတိုးလာပြီး အထက်တန်း ဘာသာရပ် သင်ကြားမယ့် ကျွမ်းကျင် ဆရာ၊ ဆရာမ လိုအပ်နေတယ်လို့ ဖရူဆိုမြို့နယ် ပညာရေး ဘုတ်အဖွဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

“အထက်တန်း ခါကျတော့လည်း တကယ့်ကို စနစ်သစ်ဖြစ်တဲ့ခါကျတော့ အထက်တန်းပြ CDM ဆရာ ၊ ဆရာမတွေကလည်း ဖရူဆိုမှာ ရှားနေတော့ ဆရာရဲ့လိုအပ်ချက်က ပထမ စိန်ခေါ်မှုဖြစ်လာတယ်ပေါ့၊”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ တခြားဒေသ၊ မြို့နယ်တွေကနေ ရွေ့ပြောင်းလာတဲ့ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ၁၀၀ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ စာသင်ကျောင်းဆောင် ရှိနေပေမယ့် ဘာသာရပ်သင်ကြားမယ့် ဆရာ၊ ဆရာမ လိုအပ်နေသလို ဖတ်စာအုပ်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

အထက်တန်းအဆင့် ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်နဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံ တင်ပြထားပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။ အထက်တန်းအဆင့်ကို သင်ကြားမယ့် ဆရာ၊ ဆရာမတွေရဲ့ စွမ်းရည်မြှင့်တင်ရေးအပိုင်းလည်း လိုအပ်နေဆဲပဲလို့ အဆိုပါ တာဝန်ခံက ဆက်ပြောပါတယ်။

ကရင်နီပြည်တွင်းက ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေမှာ ကျောင်း ဆရာ၊ ဆရာမ လိုအပ်ချက်နဲ့ပတ်သက်ပြီး လိုအပ်နေတဲ့ ဆရာ၊ ဆရာမဦးရေကို အမြန်ဆုံး ရှာဖွေပြီး ခန့်အပ်သွားဖို့ ရှိတယ်လို့ IEC ပညာရေးဌာန၊ ဌာနမှူးကြီး မော်မိမာ က ကန္တာရဝတီတိုင်း (မ်) ရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။

“ဝေးလံခေါင်ဖျားတဲ့ ဒေသမှာဆိုလို့ရှိရင် ၊ စစ်ရှောင်ဒေသတချို့မှာဆိုလို့ရှိရင် ဆရာ၊ ဆရာမ ဦးရေ မလုံလောက်သေးဘူး။ ဆိုတော့ ဆရာ၊ ဆရာမဦးရေတွေလည်း ကျမတို့ အမြန်ဆုံး ရှာဖွေပြီးတော့မှ ခန့်အပ်သွားဖို့ ရှိတယ်ပေါ့။ အခုက အများစုက Volunteer လူထုခန့် ဆရာ၊ ဆရာမတွေ ပိုများတယ်။ CDMဆရာ၊ ဆရာမတွေလည်း တချို့ရှိတယ်။ ဒါပေမယ့် အများစုက Volunteer ဆရာ၊ ဆရာမတွေ ဖြစ်တော့ Volunteerဆရာ၊ ဆရာမတွေက သူတို့ ထိထိရောက်ရောက် သင်ကြားနိုင်ဖို့အတွက်က သူတို့အတွက် သင်တန်းတွေ အမြန်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ၊ သင်ကြားရေးဆိုင်ရာ သင်တန်းတွေ လည်း အများကြီး ဆောင်ရွက်ပေးဖို့ လိုအပ်နေပါသေးတယ်ပေါ့။” လို့ မော်မိမာက ပြောပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကရင်နီပြည်တွင်းက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ ကျောင်းအဆောက်အဦး၊ မိုးကာ၊ ကျောင်းသုံးသင်ထောက်ကူပစ္စည်း၊ ဖတ်စာအုပ်၊ စာရေးကိရိယာ လိုအပ်နေတယ်လို့ သိရပါတယ်။ IEC အနေနဲ့လည်း အကူအညီတွေ ရရှိဖို့ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

ဖရူဆိုမြို့နယ်အတွင်း ယခင်နှစ် ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း ၁၁ ကျောင်းရှိပြီး ယခုနှစ်မှာတော့ ၃ ကျောင်းထပ်တိုးလာတာကြောင့် ၁၄ ကျောင်းအထိ ရှိနေပြီး ကျောင်းသူကျောင်းသားဦးရေ ၉၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts