spot_img
Saturday, June 10, 2023
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အင်တောစစ်ရှောင်စခန်းမှာ တစ်ပိုင်တစ်နိုင် မွေးမြူကြတဲ့ကြက်တွေ အနာကျသေဆုံး

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ အင်တောစစ်ရှောင်စခန်းမှာ စစ်ရှောင်တွေ တစ်ပိုင်တစ်နိုင်မွေးမြူကြတဲ့ အိမ်ကြက်တွေဟာ ယခုမေလ မိုးဦးအစမှာပဲ အနာကျ သေဆုံးတာတွေ ရှိတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ဝင်ငွေမရှိတဲ့ စစ်ရှောင်တွေဟာ ကြက်ကို တစ်ပိုင်တစ်နိုင် မွေးမြူကြတာဖြစ်ပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာတဲ့ အတောအတွင်း စားသုံးဖို့ အဓိကရည်ရွယ်ပြီး စစ်ရှောင်ကာလအစောပိုင်းကတည်းက မွေးမြူကြတာဖြစ်တယ်လို့ ဆိုပါတယ်။

” စစချင်း ပြေးတုန်းက ယူလာကြတာပေါ့။ တချို့မရှိဘူး ဒီမှာရောက်မှ သူများဆီတောင်းပြီး မွေးတာလည်း ရှိတယ်၊ အိမ်မှာတော့ အများကြီးကျန်ခဲ့တာပေါ့ ကြက်တွေ။ အခု ရာသီအပြောင်းအလဲ ကြောင့်လားမသိဘူး ကြက်တွေက လူလိုဖြစ်နေတယ်၊ ဖျားကုန်ပြီ တစ်ချို့လည်း သေကုန်တယ် ” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကြက်အနာကျ သေဆုံးမှုရဲ့ နောက်ဆုံးတွဲ ဆိုးကျိုးမရှိလာနိုင်အောင် သေဆုံးတဲ့ ကြက်တွေကို သေချာမြေမြုပ်ထားတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ကြက်အနာကျတဲ့ ကာလအတွင်း တတ်ကျွမ်းနားလည်တဲ့ တိရိစ္ဆာန်ဆေးကု ဆရာတွေ မရှိတာကြောင့် စစ်ရှောင်အချို့ဟာ သစ်ဥ၊ သစ်မြစ်နဲ့ အနာကျတဲ့ ကြက်ကို တိုက်ကျွေးပေမယ့်လည်း သေဆုံးတာများတယ်လို့ဆိုပါတယ်။

မေလ မိုးဦးကျချိန်မှာ ဒေသခံတွေနဲ့ စစ်ရှောင်တချိူ့ဟာ လယ်ယာ၊ တောင်ယာ ထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင်တဲ့ကာလဖြစ်တာကြောင့် လုပ်ငန်းခွင်အတွင်း စားသုံးဖို့ ရည်ရွယ်တဲ့ ကြက်တွေသေဆုံးတာကြောင့် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

” တစ်ကောင် (တစ်သောင်း) စျေးနဲ့ ပေါ့ ပိဿာပြည့်ရင် အခုက ကြက်အနာကျတာ ဖြစ်နေကြတယ် ” လို့​စစ်ရှောင်တစ်ဦးက ပြောပါတယ်။

အိမ်ခြေ (၁၈၀) ၊ လူဦးရေ (၈၀၀) ကျော်နေထိုင်တဲ့ အင်တောစစ်ဘေးရှောင်စခန်းမှာ ယခု ကြက်နာကျနေတဲ့အပြင် ယခင်ကလည်း ဝက်ပေါက်စ အုံလိုက် သေဆုံးမှု ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အလားတူ စစ်ရှောင်စခန်း အနီးအနားက ကျေးရွာတွေမှာလည်း အိမ်မွေး ကြက် သေဆုံးမှုတွေရှိနေပြီး ယခုလို သေဆုံးမှူတွေက နှစ်စဥ်ပုံမှန်ဖြစ်နေတယ်လို့ ဆိုပါတယ်။

Recent posts