spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းကို တိမ်းရှောင်လာတဲ့ လွိုင်ကော်စစ်ရှောင်လူထုတွေအတွက် စားနပ်ရိက္ခာ လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

(၁၁.၁၁) စစ်ဆင်ရေးစတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ကနေ တိုက်ပွဲတွေကြားက တိမ်းရှောင်လာတဲ့ လူထုတွေဟာ ဖရူဆိုမြို့နယ်အထိ စစ်ဘေးရှောင်လာကြပြီး လက်ရှိမှာ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဖရူဆိုမြို့နယ် စစ်ဘေးရှောင်ကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်း အလှူရှင်တွေ မရောက်တာ ၃ လကျော်ရှိနေပြီဖြစ်တာကြောင့် နဂိုရှိနှင့်ပြီးသား စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ခက်ခဲနေတဲ့အပြင် စစ်ဘေးရှောင်အသစ်တွေ ထပ်မံရောက်ရှိလာတာကြောင့် ပိုမိုခက်ခဲနေတဲ့ အခြေအနေမှာရှိနေတယ်လို့ ကယောလူငယ် အဖွဲ့အစည်းက အထွေထွေ အတွင်းရေးမှူးချုပ် ကိုနိုင်နိုင်ထွေးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အဟောင်းတွေတောင်မှ ‌‌လောလောဆယ်စားဖို့ မရှိဘူးဆိုတော့ အသစ်ကတော့ ပိုဆိုးတာပေါ့နော်။ သူတို့မှာလည်း ဘာမှ မပါလာတော့ အရေးပေါ် ဖြစ်ရပ်တွေလည်း ကျနော်တို့ ပြန်တော့ လိုက်ချိတ်နေတာပေါ့နော်။ လောလောဆယ်တော့ မ ရသေးဘူးပေါ့နော်။ စားဝတ်နေရေး အခြေအနေတော့ တော်တော်တော့ ခက်ခဲတာပေါ့နော်” လို့ ကိုနိုင်နိုင်ထွေးက ဆိုပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ရှောင်လာတဲ့ လွိုင်ကော်ဘက်က လူထု ၄၀၀ ကျော်အထိရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင်စားနပ်ရိက္ခာ သယ်ယူလာသူတွေရှိသလို ကိုယ်လွတ်ရုန်း ထွက်ပြေးတိမ်းရှောင်ရသူတွေလည်း ရှိနေတာပါ။

“ဒီမှာက စစ်ရှောင်တွေ ချေးစားရတာပေါ့နော်။ မရှိဘူးဆို ချေးစားရတယ်။ တစ်ချို့ဆိုလည်း ပါလာတဲ့ ဟာတွေ နည်းနည်းပါးပါးနဲ့ ကုန်ကုန်ပြီပေါ့နော်။ အလုပ်ကလည်းမရှိ ဝင်ငွေလည်း မရှိတော့ ဆန်တွေက သိတဲ့အတိုင်းပဲ အခုဆို (ဆန်တစ်အိတ်ကို) သိန်းကျော်ပြီပေါ့နော်။ ဝယ်စားရတဲ့ ဟာမျိုးတွေ မတတ်နိုင်တဲ့ ဟာမျိုးတွေ အများကြီးတော့ ဖြစ်တာပေါ့နော်”လို့ ဖရူဆို မြို့နယ်ထဲက စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဖရူဆိုအနောက်ခြမ်းဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် စားနပ်ရိက္ခာတွေ သယ်ယူရခက်ခဲသလို ကူညီပံ့ပိုးမယ့်အလှူရှင်တွေ နည်းလာတယ်လို့ သိရပါတယ်။ ထပ်မံ တိမ်းရှောင်လာတဲ့ လွိုင်ကော်စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေလိုအပ်နေသလို ဆောင်းတွင်းကိုရောက်ရှိလာပြီဖြစ်တာကြောင့် နွေးထွေးမယ့် အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts