spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းမှာ သောက်သုံးရေအတွက် အကူအညီလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြိုနယ် အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာ ၅ ရွာမှာ ယခုနှစ် စုဆောင်းထားတဲ့ ရေသိုလှောင်ကန်မှာ ရေမရှိတော့တဲ့အတွက် သောက်သုံးရေရရှိဖို ရေနီကန်ကို အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖရူဆိုမြို့နယ်က ကျေးရွာအများစုမှာ ရေထွက်ပေါက် မရှိသလို၊ ရေအရင်းအမြစ် မရှိတဲ့ မြေနီဒေသဖြစ်တာကြောင့် နှစ်စဥ် ရေရှားပါးမှု ပြဿနာနဲ့ ကြုံတွေ့နေရတာပါ။

သန့်ရှင်းကြည်လင်တဲ့ သောက်သုံးရေရရှိဖို့အတွက် တစ်နာရီကျော် ခြေလျင်နဲ့ သွားရတဲ့နေရာမှာ သွားရောက်ခပ်ယူရတယ်လို့ ဆိုပါတယ်။ အဲ့ဒီရေအရင်းအမြစ်ကို ကျေးရွာခံအပြင် စစ်ရှောင်တွေလည်း အသုံးပြုနေပြီး လူဦးရေများပြားတာကြောင့် ရေမလုံလောက်မှုတွေ ကြုံတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကား၊ ဆိုင်ကယ် မရှိတော့ ကျမသွားလွယ် လာရတာပေါ့၊ ရေမရှိတော့ တော်တော်ခက်တယ်။ ရေကြည်ရှိတဲ့နေရာ သွားခပ်တာ အသွားအပြန် တစ်နာရီခွဲ ရှိတယ် နည်းနည်းတော့ ဝေးတယ်။ အစောကြီး ထသွားလည်း သူများကို မမှီဘူးလေး လူများတယ်၊ ကားဆိုင်ကယ်နဲ့သွားကြတော့ ကိုယ်က ခြေလျင်နဲ့ဘယ်မှီတော့မလဲပေါ့။ တစ်ရက် နှစ်ခေါက်လောက်တော့ သွားခပ်တယ် မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်ပေါ့။ တောင်ယာဘက်သွားရင်း လမ်းကြုံရေပါ ခပ်လာတာလည်း ရှိတယ်။ ရေဝယ်ဖို့ ကျမတို မတတ်နိုင်ဘူးလေး။ အုတ်ကန်တစ်လုံး ၂ သောင်းလောက် ပေးရတယ်၊ ကျမမဝယ်နိုင်ဘူးလေး၊ ကိုယ့်အားကိုယ်ကိုးတော့ တော်တော်လေး ခက်ခဲတယ်”လို့ အသ်က ၄၂အရွယ် ကျေးရွာခံတစ်ဦးဖြစ်တဲ့ ဒေါ်လိမာက ပြောပြပါတယ်။

ကား၊ ဆိုင်ကယ် မရှိတဲ့သူတွေဟာ သောက်သုံးရေ ရရှိဖို့ မနက်စောစော သွားရောက်ခပ်ယူရပါတယ်။ ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ရေရှိရာနေရာအထိ စက်တွေ၊ ဆိုင်ကယ်တွေနဲ့ ရေသယ်ယူဖို ငွေကြေးမတတ်နိုင်ကြဘူးလို့ ပြောပါတယ်။

“ဒီရေကန်က (၃)ရွာ၊ (၄) ရွာအထိ ပေါင်းပြီး၊ သောက်သုံးတာပေါ့နော။ အရင်နှစ်တွေက တော်တော်လေးအားကိုးရတယ် ဒီနှစ်က အရင်နှစ်ထက် ရေခမ်းသွားတာပေါ့၊ အခုမြင်တဲ့ အတိုင်းပဲ”လို့ ကျေးရွာခံ ကိုလူရယ်က ပြောပါတယ်။

အဲ့ဒီ ရေနီကန်ကို အသုံးပြုနေရတဲ့ ကျေးရွာ ၅ ရွာ အပြင် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ စစ်ဘေးရှောင်တွေလည်း စုပေါင်း အသုံးပြုနေကြတယ်လို့ သိရပါတယ်။ ရေရှားပါးမှု ပြဿနာကြုံတွေ့နေတဲ့ ဒေသခံ နဲ့ စစ်ရှောင်အတွက် ရေအလှူရှင်လိုအပ်နေတယ်လို့ ဆိုပါတယ်။

spot_img
spot_img