spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်နှင့် တွေ့ဆုံခြင်း

Author

Date

Category

၂၀၁ရ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး လက်ရှိအချိန်ထိ လွှတ်တော်သက်တမ်း တစ်နှစ်ခွဲအထိ လွှတ်တော်ထဲကို မေးခွန်း၄၉ခု၊ အဆို၃ခု တင်သွင်းခဲ့တဲ့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ရဲ့ လွှတ်တော်အတွေ့အကြုံတွေကို ကန္တာရဝတီတိုင်းမ်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ကန္တာရဝတီတိုင်းမ်။   ။ ဆရာလွှတ်တော်ထဲကို ဝင်လာတာတစ်နှစ်ကျော်ကြာပြီးတဲ့အချိန်မှာ မေးခွန်းဘယ်နှခု၊ အဆိုဘယ်နှခု တင်သွင်းခဲ့ဖူးပြီလဲရှင့်။

ဦးသဲရယ်။   ။ ကျွန်တော်လွှတ်တော်ထဲမှာက စုစုပေါင်းအစည်းအဝေးက ၆ကြိမ်ပေါ့နော။ ကျွန်တေ်ာ ဒုတိယပုံမှန်အစည်းအဝေး ၆ကြိမ်မြောက်မှာမှ ဝင်လာတာပေါ့နော။ အဲ့မှာ ကျွန်တေ်ာ ၆ကြိမ်မြောက်ကနေ ၁၁ကြိမ်မြောက်အထိ ၆ကြိမ်လွှတ်တော်အစည်းအဝေးမှာ ကျွန်တော်အဆို ၂ခု၊ ကြယ်ပွင့်ပြမေးခွန်း ၄ခု မေးခဲ့ပါတယ်။

အဆိုရော၊ မေးခွန်းရော အကုန်လက်ခံတဲ့ထဲမှာ လက်ရှိအကောင်အထည်ဖော်တဲ့အပိုင်းမှာတော့ အဆိုက ၁ခုအကောင်အထည်ဖော် ဆောင်ရွက်ပြီးပြီ။ ကြယ်ပွင့်ပြမေးခွန်းနဲ့ ပတ်သက်ပြီးတော့ ၂ခုတော့ အကောင်အထည်ဖော်ပြီးပြီပေါ့နော။ (၇)ကြိမ်မြောက်အစည်းအဝေးမှာတော့ ကျွန်တော်အဆိုမတင်တော့ဘူး။ ကြယ်ပွင့်ပြမေးခွန်း ၈ ခုကိုပဲ ကျွန်တော် မေးလိုက်တယ်ပေါ့နော။ ဒီ ၈ ခုလုံးက လွှတ်တော်ထဲမှာ မေးခွင့်ရှိသွားတယ်။ ဒီထဲမှာ ၄ခုက အကောင်အထည်ဖော်ပြီး အခြေအနေမှာရှိပါတယ်။ နောက်ပြီး (၈)ကြိမ်မြောက်မှာတော့ ၉ခု ကျွန်တော်ကြယ်ပွင့်ပြမေးခွန် တင်သွင်းတယ်၊ အဲ့ထဲမှာ ၄ခုပယ်ချခံရပြီး ၅ ခုပဲ လက်ခံဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီမှာ ၁ခုပဲ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အပိုင်းမှာရှိတယ်။ နောက် (၉)ကြိမ်မြောက်မှာ ကျွန်တော် ၁ဝခုတင်သွင်းတယ်။ အဲ့မှာ ၃ခုပယ်ပြီးတော့ ရခုကို လက်ခံဆွေးနွေးတယ်။ အဲ့ထဲမှာ ၁ခုပဲ လက်ခံဆောင်ရွက်တဲ့ အပိုင်းမှာ ရှိပါတယ်။ နောက်(၁၀)ကြိမ်မြောက်မှာ ၆ခုလောက် ကျွန်တော်တင်သွင်းတယ်။

အဲ့ဒီမှာ ၆ခုလုံး လက်ခံဆွေးနွေးခဲ့ပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အပိုင်းတော့ မရှိသေးဘူးပေါ့နော ဒီ(၁၀)ကြိမ်မြောက်မှာတော့။ (၁၁)ကြိမ်မြောက်မှာတော့ ကျွန်တေ်ာအဆိုတစ်ခုတင်တယ် ဒါကတော့ အဓိကငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ရေးရာတစ်ခုဖွဲ့ဖို့လိုမလား ဆိုပြီးတော့ အဲ့ဒါကို ကျွန်တော်အဆိုတင်ကြည့်တယ်။ ဒါပေမယ့် ဒီဟာလည်း လက်မခံခဲ့ဘူးပေါ့နော လွှတ်တော်ရုံးက လက်မခံခဲ့ဘူး။ ကျွန်တေ်ာကြယ်ပွင့်ပြမေးခွန်း ၁၁ခုတင်တယ်။ အဲ့မှာ ၆ခုလောက်ပယ်ပြီးတော့ ၅ခုပဲ လက်ခံဆွေးနွေးခွင့် ပေးခဲ့တယ်ပေါ့နော။

အဲ့မှာလည်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့အပိုင်းမှာ တစ်ခုမှမရှိသေးဘူးပေါ့။ ဒါက (၁၁)ကြိမ်မြောက်နောက်ဆုံးအကြိမ်လို့ပဲ ပြောရမှာပေါ့နော။ အဲ့လိုရှိတယ် နောက်ပြီးတော့မှ ဒီမှာက စုစုပေါင်းအဆိုက ၃ခုရှိပြီး၊ ကြယ်ပွင့်ပြမေးခွန်းက ၄၉ခုရှိတယ်။ ပြီးတော့မှ ပယ်ချခံရတာက ၁၃ခုပေါ့။ လက်ခံဆွေးနွေးတာက ၃၅ခုလောက်ရှိတယ်။

အားလုံးစုစုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့အပိုင်းကတော့ ၈ခုလောက်ပဲရှိတာပေါ့နော။ နောက်ပြီးတော့ ကြယ်ပွင့်မပြမေးခွန်းလည်း ကျွန်တော် ၁၁ခု မေးထားတယ်။ အဲ့ဒီမှာလည်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အပိုင်းလည်းမရှိသေးဘူးပေါ့နော ကြယ်ပွင့်မပြမေးခွန်းတွေထဲမှာ။ ဒါကတော့ ကျွန်တော်လွှတ်တော်ထဲမှာ ရောက်လာတာ ၁နှစ်ခွဲအတွင်းမှာပေါ့နော။ မေးခွန်းက ဒီလောက်မေးထားပြီးတော့ ဆောင်ရွက်တဲ့အပိုင်းကလည်း ဒီလောက်ပါဆိုတာကို ပြောတာပါ။

ကန္တာရဝတီတိုင်းမ်။   ။ ဆရာ့ရဲ့ မေးခွန်းတွေထဲမှာ ပယ်ချခံခဲ့ရတာ ၁၃ခုလောက်ရှိတဲ့အထဲမှာ ဘာအကြောင်းအရာတွေပါလဲ၊ သူတို့တွေကရော အရေးမကြီးလို့လား။

ဦးသဲရယ်။   ။ အဲ့ထဲမှာက ကျွန်တော်လျှပ်စစ်နဲ့ ပတ်သက်ပြီးမေးထားတဲ့ မေးခွန်းတွေ တစ်ချို့ရှိတယ်။ နောက်ပြီး ကျေးရွာဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ မေးထားတာတွေလည်းရှိတယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေလည်း တစ်ချို့ပါတယ်ပေါ့နော။

ဆိုတော့ ဒီဟာတွေက အရေးမကြီးဘူးထင်ပြီး ပယ်ချတာလား ဘယ်လိုလုပ်ပြီး ပယ်ချတာလဲဆိုတာ ကျွန်တေ်ာလည်းမသိဘူးပေါ့နော။ ပယ်ချခံခဲ့ရတဲ့ ဟာတွေထဲမှာဆိုရင် တစ်ချို့ကို ကျွန်တေ်ာအားရကျေနပ်မှုမရှိခဲ့ဘူးပေါ့နော။

ဘာလို့လဲဆို ဥပမာကျွန်တေ်ာတို့ ကယားစာပေသို့မဟုတ် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ မေးခွန်းတွေကို ပယ်ချခံခဲ့ရတယ်ပေါ့။ ဆိုတော့ အဲ့ဒါကလည်း တကယ်တမ်းပြောမယ်ဆိုရင် ဒီမှာရှိနေတဲ့ ကျွန်တေ်ာတို့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့လည်းဆိုင်တဲ့ အတွက်ကြောင့် ဒီလိုပယ်ချခံရတဲ့ အထဲမှာတော့ ကျွန်တော်တစ်ယောက်တည်း အနေနဲ့တော့ ဒါကျေနပ်မှုမရှိဘူးပေါ့နော။ အဲ့ဒါလည်းတစ်ခုပေါ့။ နောက်ကျန်တဲ့အပိုင်းတွေလည်း လိုအပ်တယ်ကျွန်တော်ထင်ပြီး တင်ပြလာတဲ့အပေါ်မှာ ပယ်ချခံရတဲ့ကိစ္စက ဘာကြောင့်ပယ်တာလဲဆိုတာ ကျွန်တေ်ာနဲ့မဆိုင်တော့ဘူးပေါ့နော ရှင်းရှင်းပြောရရင် ဒါလွှတ်တော်ရုံးနဲ့ပဲဆိုင်တယ်ပေါ့နော။

ကန္တာရဝတီတိုင်းမ်။   ။ မေးခွန်းတွေ၊ အဆိုတွေအများကြီးထဲမှာမှ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့မေးခွန်းတွေကော မေးဖူးလားဆရာ၊ ဘယ်နှခုလောက်ရှိလဲ။

ဦးသဲရယ်။   ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတော့ ကျွန်တော်အဆိုတစ်ခုပဲ တင်ခဲ့ဖူးပါတယ်။ ကျန်တဲ့မေးခွန်းတွေကတော့ ဥပဒေအပိုင်းနဲ့ ဆိုင်တဲ့ဟာတစ်ခုပါတယ်။ ဥပမာ ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ ဟာတွေက များတယ်ပေါ့နော။ ဒီဥပဒေပိုင်းနဲ့ဆိုင်တဲ့ မေးခွန်းတွေက ပြည်နယ်မှာ ဥပဒေပြုနိုင်တဲ့အပိုင်းတွေက ဘာတွေရှိသလဲ။ အဲ့ဒါတွေက ဘာတွေပြင်ဆင်ထားသလဲ၊ ဘာတွေလုပ်ဖို့အစီအစဉ်ရှိသလဲပေါ့နော အဲ့လိုပဲ ကျွန်တေ်ာမေးတာတော့ ရှိတာပေါ့နော။

ကန္တာရဝတီတိုင်းမ်။   ။ ဆရာရဲ့ လွှတ်တော်သက်တမ်း ၁နှစ်ခွဲကာလအတွင်းမှာ စိန်ခေါ်မှုတွေ ဘာတွေကြုံတွေ့ရလဲ၊ အဲ့ဒီစိန်ခေါ်မှုတွေကိုရော ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ။

ဦးသဲရယ်။   ။ ကျွန်တော့်အတွက်ကတော့ ဒီလွှတ်တေ်ာထဲမှာ အဆိုတင်တဲ့နေရာမှာ ကျွန်တော်တစ်ယောက်တည်းပဲ ရှိတာပေါ့နော၊ ကိုယ့်ပါတီထဲမှာ အဖော်တွေမပါတဲ့အခါကျွန်တော့် တစ်ခါတလေ ကိုယ့်အဆိုတွေကို ထောက်ခံမယ့်ပုဂိ္ဂုလ်ကို ရှာရနည်းနည်းခက်တယ်ပေါ့နော။ ဒါပေမယ့် ကိုယ့်ရဲ့ခင်ရာမင်ရာ လွှတ်တော်ကိုယ်စားလှယ်နဲ့ အကူအညီတောင်းတာတွေတော့ လောလောဆယ်တော့ အဆင်ပြေတယ်ပေါ့နော။

ဒါပေမယ့် ဟို ဒီအပေါ်မှာတော့ ကျွန်တော်တို့နည်းနည်း စိုးရိမ်စရာတွေတော့ ရှိတယ်ပေါ့နော။ ဒါတွေက ကျွန်တော်တို့ပါတီပေါ်လစီတွေနဲ့ မကိုက်ညီတဲ့ဟာတွေရှိတဲ့အခါကျွန်တော့် တခြားလူတွေကို ခိုင်းတယ်ဆိုတဲ့အခါကျွန်တော့် သူများအတွက် အခက်အခဲများရှိမလားပေါ့နော အဲ့တစ်ခုတော့ ကျွန်တော်တော့စိုးရိမ်တယ်။

နောက်ပြီးတော့ လွှတ်တေ်ာမှာ ကျွန်တော်တစ်နှစ်ခွဲရောက်နေတဲ့အတောအတွင်းမှာ လွှတ်တော်ရဲ့ ရေးရာကော်မတီ ၆ ဖွဲ့လောက်ရှိတယ်ပေါ့နော။ ဒီလွှတ်တော်ရေးရာကော်မတီတွေ ဘယ်နေရာမှာမှ မပါရဘူးပေါ့နော၊ နောက်ပိုင်း ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီမှာမှ အဖွဲ့ဝင်အနေနဲ့ ပြန်ထည့်ပေးတာတွေတော့ ရှိတယ်။

ဒါပေမယ့် တကယ်တမ်းပြောရလို့ရှိရင် တခြားကော်မတီတွေမှာလည်း လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ်ပေါ့နော ဒါပေမယ့် ကျွန်တော့်ကိုတော့ ဘယ်ကော်မတီမှာမှ မထည့်ထားဘူးပေါ့နော၊ ဒါကျွန်တော်အတွက် တော်တော်ကို ခက်ခဲတာပေါ့နော၊ ကျွန်တော်အတွက် စိန်ခေါ်မှုတစ်ရပ်လို့ပဲ ကျွန်တော်ခံယူပါတယ်။ အဲ့ဒီအတွက် ကျွန်တော်အတွက် နစ်နာတာသာမက ကျွန်တော့်ရဲ့ မဲဆန္ဒရှင်တွေအတွက်လည်း အများကြီးနစ်နာတယ်လို့ ကျွန်တော်တစ်ယောက်အနေနဲ့ အဲ့လိုယူဆတယ်ပေါ့နော။

ကန္တာရဝတီတိုင်းမ်။   ။ လွှတ်တော်ထဲမှာ မေးခွန်းတွေ၊ အဆိုတွေတင်တဲ့နေရာမှာ ဆရာက တစ်ယောက်တည်းရှိတယ်ဆိုတော့ အခြားလွှတ်တော်အမတ်တွေနဲ့ ဘယ်လိုအတိုက်အခံလုပ်ခဲ့ရတာ ရှိဖူးသလဲဆရာ။

ဦးသဲရယ်။   ။ ကျွန်တော်ကတော့ ဘတ်ဂျက်ခွဲတဲ့အပိုင်းတွေရော၊ နောက်ပြီးတော့ ဘယ်လိုပြောမလဲ၊ လက်ရှိဒီပြည်နယ်မှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ အထူးသဖြင့် အစိုးရတွေလုပ်သွားတဲ့ လုပ်ငန်း တစ်ချို့အပေါ်မှာ လုပ်ငန်းတစ်ချို့တွေက မဖြစ်သင့်တဲ့ဟာတွေကို ကျွန်တော်တို့မေးခွန်း မေးတာတွေလည်း ရှိတယ်။ ဒါတွေကတော့ ဘယ်လိုပြောရမလဲဆိုရင်တော့ သူတို့လုပ်နေတဲ့အပေါ်မှာ ကျွန်တော်တို့ မနာလိုလို့မဟုတ်ဘူးပေါ့နော။

မဖြစ်စေချင်လို့ပြောတာ မဟုတ်ဘူးပေါ့နော။ တစ်ချို့ဟာတွေက ဘတ်ဂျက်တွေအလေအလွင့် မရှိအောင် ကျွန်တော်တို့က ထိန်းရတယ်လေ ဆိုတော့ တစ်ချို့ဟာတွေက လုပ်သင့်တယ်လို့ ကျွန်တော်တို့ထင်တဲ့ဟာတွေက မလုပ်ဘဲနဲ့ မလုပ်သင့်ဘူးဆိုတဲ့ဟာတွေတော့ လုပ်သွားတယ် ဆိုတဲ့အပေါ်မှာတော့ ကျွန်တော်တို့အနေနဲ့ ကြည့်မယ်ဆိုရင် ဘတ်ဂျက်အလေအလွင့် မရှိအောင် ကျွန်တော်တို့ ထိန်းညှိပေးတဲ့ သဘောဖြစ်တယ်ပေါ့နော။

တစ်ချို့နေရာမှာဆိုလို့ရှိရင် ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့မှ ဒါပေါ်လစီနဲ့ မသွားဘဲနဲ့ ကက်ဘိနက် Cabinet ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သွားတယ်ဆိုတဲ့အပိုင်းတွေလည်း ရှိခဲ့ဖူးတယ်၊ ကျွန်တော်တို့အအတိုက်အခံတွေလည်း လုပ်ခဲ့ဖူးတယ် ပြည်နယ်အစိုးရတွေနဲ့ပေါ့။ ဒီမှာ တစ်ချို့ပြည်သူတွေ နားမလည်တဲ့အခါကျွန်တော့် အစိုးရလုပ်ပေးသွားတဲ့ဟာကို သူတို့က ကြားပြီးတော့ သူတို့က အတိုက်အခံလုပ်တယ်၊ ကန့်ကွက်တယ်၊ ပယ်ချတယ်ဆိုတဲ့ဟာတွေကလည်း တစ်ချို့မြင်လာနိုင်တယ်ပေါ့နော။

ဒီလိုကန့်ကွက်တယ်၊ ဒီလိုထိန်းညှိတယ်ဆိုတဲ့ဟာတွေက နိုင်ငံတော်ဘတ်ဂျက် အလေအလွင့်မရှိအောင်ပါ။ ဆိုတော့ ကျွန်တော်တို့ကလည်း ဒါကိုစေတနာမရှိလို့ မဟုတ်ဘူး။ လူထုအပေါ် စေတနာရှိလို့ပဲ ကျွန်တော်တို့ထိန်းညှိပေးတယ်လို့ ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို သိစေချင်တယ်ပေါ့။

ကန္တာရဝတီတိုင်းမ်။   ။ အခုဆရာ လွှတ်တော်ထဲကို ရောက်လာတာ တစ်နှစ်ကျော်ရှိနေပြီဆိုတော့ နောက်ပိုင်း ကျန်တဲ့ သက်တမ်းအတွင်းမှာ ဆရာ့ မဲဆန္ဒနယ်ကရော၊ ပြည်နယ်အတွင်းက ပြည်သူတွေအတွက်ရော ဘာတွေဆက်ပြီး လုပ်ဆောင်ပေးဖို့ စဉ်းစားထားလဲ။

ဦးသဲရယ်။   ။ ကျွန်တော်ကတော့ တာဝန်ရှိတဲ့အချိန်ကာလပတ်လုံးမှာတော့ ဒီဒေသအတွက်၊ ဒီပြည်နယ်အတွက် ကျွန်တေ်ာလုပ်သွားဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ဒီကြားမှာ ဘယ်လိုအဟန့်အတား၊ ဘယ်လိုအကန့်အသတ်လာဦးမလဲဆိုတာ ကျွန်တော်မသိသေးပါဘူး။

ဆိုတော့ ဖွံ့ဖြိုးရေးလုပ်ငန်းပဲပြောပြော၊ ကျန်တဲ့ဒီဥပဒေပိုင်းပဲ ပြောပြော ပေါ်လစီအပိုင်းပဲပြောပြော အကောင်းဆုံးဖြစ်အောင် ဒီအစိုးရကို ကျွန်တော်တစ်ယောက်နေနဲ့ ထိန်းညှိနိုင်တဲ့အပိုင်းရှိရင်တော့ လုပ်သွားဖို့ ကျွန်တော်ဆန္ဒရှိပါတယ်။ နောက်ပြီး ကိုယ့်မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကိုလည်း အတတ်နိုင်ဆုံး ကျွန်တော်ကိုယ်စားပြုပြီးတော့ လွှတ်တော်ထဲမှာ အဆိုတင်တာပဲဖြစ်ဖြစ်၊ မေးခွန်းမေးတာပဲဖြစ်ဖြစ် လုပ်သွားဖို့ ကျွန်တော်စိတ်ဆန္ဒလေး ဆုံးဖြတ်ထားပါတယ်။

တစ်ခုတော့ ပြည်သူလူထုတွေကို ပြောချင်တယ်၊ ကျွန်တော်ကတော့ အတိုက်အခံပါတီက ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော့်ပါတီကလည်း အစိုးရမဖြစ်သေးတဲ့ အခါကျွန်တော့်  ကျွန်တော်တို့သွားချင်တဲ့ ကျွန်တော်တို့ပါတီပေါ်လစီရဲ့ အတိုင်း ကျွန်တေ်ာတို့အကောင်အထည် ဖော်လို့မရဘူးပေါ့နော။

ဆိုတော့ လက်ရှိမှာက အဲန်အယ်လ်ဒီပါတီက အစိုးရဖြစ်နေတယ်။ ပြည်နယ်အတွက်ရော၊ ပြည်သူအတွက်ရော အကျိုးမရှိဘူးဆိုရင် ကျွန်တော်တို့ အတိုက်အခံလုပ်ရမှာပဲ၊ ဒါတွေကလည်း ဒီမိုကရေစီရဲ့ စံနှုန်းတစ်ခုပဲလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ကလည်း အတိုက်အခံ လုပ်တယ်ဆိုတာကလည်း ပြည်သူလူထုကလည်း ကျွန်တော်တို့ကို အဖျက်သမားအနေနဲ့ သွားပြီးမြင်လာရင် မကောင်းဘူးပေါ့နော။

အတိုက်အခံလုပ်တယ်ဆိုတာက ဒီမိုကရေစီစနစ်ရဲ့ စံနှုန်းပဲ။ အတိုက်အခံမရှိတဲ့ စနစ်တစ်ခုဟာ ရှင်းရှင်းပြောရရင် အာဏာရှင်လို့ ကျွန်တော်တို့ သုံးလို့ရတာပေါ့နော။ ဆိုတော့ ကျွန်တော်တို့ အတိုက်အခံလုပ်တယ်ဆိုတာက ကောင်းတဲ့ဘက်ကို သွားဖို့လုပ်နေတာကို သိစေချင်တယ်။

ကျွန်တော်တို့ မေးခွန်းမေးတာပဲဖြစ်ဖြစ်၊ အဆိုတင်တာပဲဖြစ်ဖြစ်၊ သဟဇာတမဖြစ်ဘူးဆိုရင် ကျွန်တော်တို့အတိုက်အခံလုပ်ရမှာပဲ၊ အကျိုးမရှိဘူး၊ နောက်ပြီးတော့ ဒီလို Public Area နဲ့ဆိုင်တဲ့နေရာတွေမှာဆိုရင်လည်း ကျွန်တော်တို့ အဆိုတင်တာပဲဖြစ်ဖြစ် မေးခွန်းမေးတာပဲဖြစ်ဖြစ် အတိုက်အခံလုပ်ရတာက ဒါက ပြည်သူလူထုအတွက် ဖြစ်တယ်။ ဒါတွေက ကျွန်တော်တို့ အဖျက်အငေါ့လုပ်ချင်လို့ အဆိုတင်တာမဟုတ်ဘူးပေါ့နော အဲ့ဒါလည်း ပြည်သူလူထုကို သိစေချင်တယ်။

ကန္တာရဝတီတိုင်းမ်။   ။ ဆရာရဲ့ လက်ရှိအချိန်ထိ လွှတ်တော်ထဲမှာ မေးခဲ့တဲ့ မေးခွန်း၊ အဆိုတွေကို အားရကျေနပ်မှုရှိရဲ့လား၊ ဘာကြောင့်လဲ။

ဦးသဲရယ်။   ။ ကျွန်တော်ကတော့ လုံးဝအားရကျေနပ်မှုမရှိဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တင်လာတဲ့ မေးခွန်းအဆိုတွေထဲမှာ ပယ်ချတာများတယ်ပေါ့နော၊ ကျွန်တော် ၁ဝခုတင်ရင် ၅ခုလောက်ပယ်တယ်၊ ၁ဝခုတင်လာရင် ၄ခုလောက်ပယ်တယ် ဆိုတာက တစ်ဝက်နီးပါးလောက် ပယ်ဖျက်ခံရတဲ့အခါကျွန်တော့် ကျွန်တော်တစ်ယောက်အတွက် မဟုတ်ဘူးပေါ့နော၊ ကျွန်တော့်မဲဆန္ဒနယ်က မဲဆန္ဒရှင် ပြည်သူတွေအတွက် အထိနာတယ်ပေါ့နော။

ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပယ်ဖျက်ခံရတဲ့ဟာတွေထဲက လိုအပ်လို့ ပယ်ဖျက်တယ်လို့ ကျွန်တော်လက်ခံလို့ရတဲ့ ဟာတွေရှိတယ်၊ ဒါပေမယ့် တချို့ဟာတွေက တအားအရေးကြီးပြီး ပယ်ချခံရတာတွေလည်း ရှိတဲ့အခါကျွန်တော့် ကျွန်တော်တစ်ယောက်အနေနဲ့ လုံးဝအားရကျေနပ်မှု မရှိဘူးပေါ့နော။ ကျွန်တော်အဆိုတင်တဲ့ ဟာတွေလည်းနည်းပါတယ်။

ကျွန်တော်မေးခွန်းပဲ မေးတယ်လေ။ ကြယ်ပွင့်ပြမေးခွန်းပေါ့နော၊ ဒါပေမယ့် အများကြီးပယ်ချခံရတယ်ဆိုတော့ ကျွန်တော့်တစ်ယောက်အနေနဲ့ တစ်နှစ်ခွဲအတွင်း လွှတ်တော်မှာ ဆောင်ရွက်သွားတဲ့၊ မေးခွန်းမေးသွားတဲ့ အပေါ်မှာတော့ ကျွန်တော်လုံးဝ အားရကျေနပ်မှုမရှိဘူး လို့ပဲ ပြောချင်ပါတယ်။

ကန္တာရဝတီတိုင်းမ်။   ။ အရေးကြီးတဲ့ အဆိုတွေ၊ မေးခွန်းတွေ ပယ်ချခံလိုက်ရတဲ့အပေါ် ဆရာနောက်တစ်ခေါက် ပြန်ပြီးမေးတာ၊ တင်တာတွေ ရှိဖူးလား။

ဦးသဲရယ်။   ။ ကျွန်တော်တကယ့် အရေးကြီးတဲ့မေးခွန်းတွေကို အဲ့အကြောင်းအရာကိုပဲ နောက်တစ်ခေါက် ထပ်တင်ပြီး တချို့ အကြောင်းအရာတွေကို ချန်ထားပြီးတော့မှ လက်ခံနိုင်တဲ့ အကြောင်းအရာတွေကို စာပြန်စီပြီး ပြန်တင်တာမျိုးတွေ ရှိပါတယ်။ ပယ်ချပြီးရင်ပြီးရော ဆိုပြီး ချန်ထားခဲ့တာမျိုး မဟုတ်ဘဲ တစ်ခါမရဘူးဆိုရင် ကျွန်တော် နောက်တစ်ခါပြန်ကြိုးစားတာမျိုးတွေ ရှိပါတယ်။

ကန္တာရဝတီတိုင်းမ်။   ။ ဒီအပေါ်မှာကော သက်ဆိုင်ရာတွေဆီကနေ ဘယ်လိုတုန့်ပြန်မှုတွေ ရခဲ့လဲ။ ဘာတွေပြောင်းလဲသွားလဲ။

ဦးသဲရယ်။   ။  ပြောင်းလဲမှုကတော့ အဲ့လောက်မရှိဘူးပေါ့နော။ ဒါပေမယ့် ကျွန်တော်ကတော့ ပါးပါးနပ်နပ်နဲ့ တစ်ဖက်လှည့်ပြီး ပြန်မေးတာတွေတော့ရှိတယ်၊ ဒါပေမယ့် သူတို့ဘက်က ပြန်လည်ဖြေကြားတာတွေကတော့ ကျေနပ်အားရမှုမရှိပါဘူး။ မေးခွန်းတိုင်းကို အစိုးရကပြန်လည်ဖြေကြားပေးခဲ့တာတွေကို ကျွန်တော်အားရကျေနပ်မှု မရှိပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မေးလိုက်တဲ့ မေးခွန်းတွေက ဥပမာ လမ်းတံတား၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မေးတဲ့အခါ အရေးကြီးတယ် ကျွန်တော်တို့ကို လျာထားပေးဖို့ ကျွန်တော်တို့မှတ်ထားပေးပါမယ် ဆိုတာထက် အစိုးရတွေက ကျွန်တော်တို့နောက် ၁၅နှစ်Plan ထဲမှာ ကျွန်တော်တို့လျာထားပြီးပါပြီ၊ နောက် ၂၀၂၁-၂၂ထဲမှာပါဖို့ ကျွန်တေ်ာတို့ အစီအစဉ်ရှိပါတယ်လို့ ပြောသွားတဲ့အခါကျွန်တော့် နောက် ၂၀၂၁-၂၁ဆိုတဲ့ကိစ္စက အခြားအစိုးရလက်ထဲရောက်သွားပြီ။ ဆိုတော့ ဒီအစိုးရလက်ထဲမှာ ဖြစ်စေချင်လို့ ကျွန်တော်တို့မေးတာပေါ့နော။

ဆိုတော့ ဒီလက်ရှိအစိုးရလက်ထက်မှာတော့ မလုပ်ပေးနိုင်ဘူးဆိုတဲ့ သဘောမျိုးဖြစ်သွားတယ်။ ကျွန်တော်တင်လာတဲ့ မေးခွန်းအပေါ်မှာ လက်ခံဆွေးနွေးတဲ့ အပေါ်မှာရေ ၊ ကျွန်တော်ဆွေးနွေးထားတဲ့အပေါ်မှာ ပြန်ဖြေကြားတဲ့အပေါ်မှာရော ကျွန်တော်တစ်ယောက်အနေနဲ့ လုံးဝအားရကျေနပ်မှု မရှိဘူးလို့ပဲ ကျွန်တော်ဖြေချင်ပါတယ်။

ကန္တာရဝတီတိုင်းမ်။   ။ ဆရာမေးလာတဲ့ မေးခွန်းတွေထဲမှာ မှတ်မှတ်ရရဖြစ်တဲ့မေးခွန်းရှိမလား။

ဦးသဲရယ်။   ။ ကျွန်တော်အမှတ်ရတာက မြေယာနဲ့ပတ်သက်တဲ့မေးခွန်းလေး၊ ဥပဒေအရအသိအမှတ် ပြုပေးဖို့ဆိုတဲ့ မေးခွန်းလေး၊ ပြီးတော့ မြေယာနဲ့ပတ်သက်ပြီး ပုံစံ(၇)ထုတ်ပေးသွားတဲ့ဟာ တချို့ဟာတွေက လူထုတွေကို နစ်နာစေတယ်ဆိုတဲ့ဟာတွေပေါ့။

ဆိုတော့ မြေယာနဲ့ ပတ်သက်ပြီး ကျွန်တော်မေးသွားတဲ့ မေးခွန်းတွေတချို့ကို လက်ရှိဖြေကြားနေတဲ့ အဖြေပေါ်မှာ လုံးဝကွာဟမှုရှိနေပါတယ် အဲ့တာတွေကိုကျွန်တော် လွှတ်တော်ထဲမှာမဟုတ်ဘူးပေါ့နော်။ အပြင်အစည်းအဝေးမှာကျွန်တော် အများကြီးပြန်ပြီးထောက်ပြတာတွေရှိတာပေါ့နော် ဥပမာပုံစံ(၇)ကိစ္စတွေ ရွှေ့ပြောင်းတောင်ယာတွေကို ပုံစံ(၇)ထုတ်ပေးတာတွေရှိတယ်လို့ ကျွန်တော်အဲ့လိုပြောတယ် ပြီးတော့မှ ဒီလိုထုတ်ပေးတဲ့အပေါ်မှာ ဘယ်နှစ်ဧကလောက်ရှိပါသလဲ ကျွန်တော်အစိုးရကိုမေးတယ်။

အစိုးရကတော့ မရှိပါဘူး၊ လုံးဝမရှိပါဘူး၊ တစ်ဧကမှမရှိပါဘူးလို့ သူအဲ့လိုဖြေထားတာပေါ့နော။ ကျွန်တော်တို့က ပုံစံ(၇)ရရှိထားပြီးတော့မှ  ပုံစံ(၇)ဈေးမရှိထားလည်းမသိဘူး တောင်သူတွေက။ နောက်ပြီးတော့မှ ရွှေ့ပြောင်းတောင်ယာမှာလည်းဖြစ်တဲ့အခါ ကျွန်တော့် ဒါတရားဥပဒေစိုးမိုးမှုအတိုင်း တကယ်လုပ်သွားမယ်ဆိုလို့ရှိရင် ဒါပြည်သူလူထုတွေပဲ နစ်နာတာပေါ့နော။ ဆိုတော့ ဒါတွေလည်းအစိုးရအနေနဲ့ ပြန်စဉ်းစားပေးဖို့ ကျွန်တော်အဲ့လိုမေးခွန်းမေးဖူးတယ် ဒါတွေလည်းသူတို့ သေချာတဲ့အဖြေပြန်မပေးနိင်ပါဘူးပေါ့နော်။

ဒါလုံးဝမရှိပါဘူးဒီလိုဖြစ်ပါတယ်။ ဒီချိန်မှာကကျွန်တော်တို့ ဒီပုံစံ(၇)ကို ရွှေ့ပြောင်းတောင်ယာတွေမှာ ပေးတာတွေ လုံးဝမရှိပါဘူးဆိုတဲ့ဟာမျိုးတွေပေါ့နော်။ ဒါတွေက ကျွန်တော့်အတွက်တော့ အမှတ်ရစေတဲ့အရာလို့ ပြောလို့ရတာပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာလည်းမြေယာပြသာနာတွေ အများအပြားဖြစ်တာပေါ့နော။ ဆိုတော့အပြင်ကလာသိမ်းတာမဟုတ်ဘဲနဲ့ တရားဥပဒေနဲ့ တစ်ဖက်လက် အနုနည်းနဲ့လာသိမ်းတဲ့ပုံစံမျိုးလည်း ဖြစ်သွားနိုင်တယ်။ ဆိုတော့ဒါတောင်သူလယ်သမားတွေရဲ့ အရေးစိုးရိမ်ပြီး ကျွန်တော်ဒါမေးခြင်းဖြစ်ပါတယ်

ကန္တာရဝတီတိုင်းမ်။   ။ နောက်လွှတ်တော်မှာပဲဖြစ်ဖြစ်ပေါ့နော် ဆရာထပ်ပြီးတော့ မေးမယ့်မေးခွန်းတွေပေါ့နော် အရေးကြီးမယ့်ဟာတွေ ပြီးတော့မှ ပြီးခဲ့တဲ့သက်တမ်းမှာ မမေးလိုက်ရတဲ့ဟာတွေကဘာတွေရှိမလဲ။

ဦးသဲရယ်။   ။ ပြီးခဲ့တဲ့သက်တမ်းမှာ ကျွန်တော်မမေးလိုက်ရတဲ့ဟာတွေက ရှင်းရှင်းပြောရရင်တော်တော်များပါတယ်။ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်  နောက်ပြီးတခြားဥပဒေအပိုင်း၊ ပေါ်လစီပိုင်း၊ ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့အပိုင်းတွေလည်းရှိပါတယ်။

အဲ့တာတွေလည်းကျွန်တော်ဆက်မေးဖို့ရှိပါတယ်။ နောက်ပြီးတော့ နောက်(၁၂)ကြိမ်မြှောက်အစည်းအဝေးကျရင်လည်း ကျွန်တော့်အဆိုတွေ၊ မေးခွန်းတွေလည်းထပ်တင်ဖို့ ကျွန်တော်ပြင်ဆင်ထားပြီးတဲ့ အနေအထားရှိထားတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်လည်းအားလုံးကို ပြင်ဆင်ထားတယ်၊ ပြုစုထားတယ် ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးမကဘူးပေါ့နော။ တခြားလူထုတွေနဲ့ တိုက်ရိုက်ဆိုင်တဲ့ ကိစ္စတွေကိုလည်း ကျွန်တော်မေးခွန်းပဲဖြစ်ဖြစ်၊ အဆိုပဲဖြစ်ဖြစ် တင်ပေးဖို့ ကျွန်တော်ဆန္ဒရှိပါတယ်။

ကန္တာရဝတီတိုင်းမ်။   ။ တချို့ ကိုယ်စားလှယ်တွေက စပြီးတက်လာတုန်းကဆိုရင် အများကြီးလုပ်ဆောင်ပေးခဲ့တယ်။ အခုဆိုရင် ငြိမ်နေတယ်ပေါ့နော် အဲ့ဒီအပေါ်မှာဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးသဲရယ်။   ။ ကျွန်တော်ဒီအပေါ်မှာကလည်း မေးခွန်းတွေမေးဖူးပါတယ်။  ဒီလုပ်ငန်းတွေဆောင်ရွက်တဲ့အပေါ်မှာက အစိုးရတွေက အကောင်အထည်ဖော် ဆောင်ရွက်တဲ့အပိုင်းမှာ ဘာကြောင့်အားနည်းနေသလဲ ဆိုတဲ့အပေါ်မှာပေါ့နော။

ဆိုတော့ သူတို့ကဘတ်ဂျက်မလောက်လို့ပေါ့နော။ နိုင်ငံတော်ဘတ်ဂျက်မလောက်တဲ့အခါ ကျွန်တော်တို့အကန့်အသတ်နဲ့ပဲ လုပ်သွားတယ်ပေါ့နော်။ ဆိုတော့ လက်ရှိမှာက ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာက တစ်မြို့နယ်ကို ဘယ်နှစ်ခု၊ ဘယ်လောက်ဆိုတဲ့ဟာမျိုးတွေ ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ ခွဲတမ်းနဲ့ပဲချပေးတယ်ဆိုပြီးတော့မှ အဲ့လိုပြောတာပေါ့နော် ဒါပေမယ့် ကျွန်တော်တစ်ဖက်အနေနဲ့ ကြည့်လိုက်တဲ့အခါ ကျွန်တော် တကယ့် ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ် တင်ပြလာတဲ့အပေါ်မှာက တကယ်အရေးကြီးတဲ့အပိုင်းတွေရှိတယ်။

အဲ့ဒါတွေက အစိုးရကမလုပ်ပေးဘူးပေါ့နော်။ ဒါမယ့်သူတို့ဇွတ်လုပ်တဲ့ အပိုင်းတွေလည်း ရှိတာပေါ့နော်။ ဆိုတော့ ဒီအပိုင်းမှာကျွန်တော်တို့ သိပ်ကျေနပ်မှုမရှိဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရတွေ သူတို့ဖြစ်ချင်တဲ့ဟာ၊ လုပ်ချင်တဲ့ဟာ သူတို့ဇွတ်လုပ်ပြီးမှ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြလာတဲ့ဟာတွေကို မလုပ်ပေးချင်ဘူးလား ဆိုတဲ့ဟာမျိုးတွေပေါ။့ ဒါကျွန်တော်တို့အတွက်တော့ နည်းနည်းလေးပြဿနာရှိတယ် အဲ့ပေါ်မှာ။

ဆိုတော့ကျွန်တော်တို့က နောက်ပိုင်းမှာ အစိုးရရဲ့အကြောင်းပြချက်ကတော့ ဘတ်ဂျက်မလောက်လို့  ခွဲတမ်းဘဲချပေးနိုင်တယ်ဆိုတဲ့အပိုင်းတွေ အဲ့လိုပဲပြောသွားတာပဲ ကျွန်တော်တို့ကြုံရတာပေါ့။

ကန္တာရဝတီတိုင်းမ်။   ။ ဆရာရဲ့လွှတ်တော်ထဲက အတွေ့အကြုံတွေရှိသေးရင် ထပ်ပြောပြပေးပါလား။

ဦးသဲရယ်။   ။ ကျွန်တော် လွှတ်တော်ထဲစဝင်လာတုန်းကအချိန်ဆို ကျွန်တော်နဲ့ လက်ရှိအစိုးရဦးဆောင်နေတဲ့ NLDပါတီပေါ့နော။ သူတို့နဲ့လက်တွဲပြီးတော့မှ တကယ်အဆင်ပြေချောမွေ့မှုရှိမယ်လို့ ကျွန်တော်အနေနဲ့ မျှော်မှန်ထားတာပေါ့နော။

တကယ့်တကယ်ရောက်တဲ့အခါ ကျွန်တော်လုပ်သွားတဲ့ဟာက တချို့က ကျွန်တော်အမြင်နဲ့ ကိုက်ညီမှုမရှိတဲ့အပိုင်းတွေ ရှိတာပေါ့နော။ ဆိုတော့ ကျွန်တော်တို့ကလည်း ဒီမိုကရေစီအင်အားစုအနေနဲ့ သွားမယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တချို့ဟာတွေက ကျွန်တော်တို့အချင်ချင်း အတိုက်အခံတွေလည်းရှိတယ်။ ဒါပေမယ့် ခုနက ကျွန်တော်ပြောသလိုမျိုးပဲ ဒီမိုကရေစီဆိုတာက အတိုက်အခံရှိကြစမြဲပေါ့နော်။ ဒါတွေက အပြစ်ပြောစရာမရှိဘူးပေါ့နော။

ဒါပေမယ့် ကျန်တဲ့အပိုင်းတွေက မဖြစ်သင့်တဲ့ဟာတွေလည်း ဖြစ်လာတဲ့အခါ ကျွန်တော်တစ်ယောက်အနေနဲ့ကသူတို့နဲ့အတူ လက်တွဲဖို့ဆိုတာကလည်း ဒါကျွန်တော့်တွက် ဟာသဖြစ်တာပေါ့နော်။ ဥပမာဒီပြည်နယ်ထဲမှာ ရှိနေတဲ့ပြဿနာအချို့ဆိုရင်လည်းပဲ ကျွန်တော့်အနေနဲ့ သူတို့ဘက်ထောက်ခံရပ်တည်ပေးတဲ့ အပိုင်းတွေမရှိဘူးပေါ့နော။ ရပ်တည်ပေးလို့လည်းမရဘူးပေါ့။ သူတို့ရဲ့အမြင်နဲ့ကျွန်တော့်ရဲ့အမြင်က နည်းနည်းကွဲလွဲမှုရှိတယ်ဆိုတဲ့ဟာတွေ ဒီလိုကြုံရပါတယ်။

ကန္တာရဝတီတိုင်းမ်။   ။ နောက်ထပ်အစိုးရသက်တမ်းတွေမှာကော ဆရာ့အနေနဲ့ ဘယ်လိုမျိုးဖြစ်စေချင်လဲ၊ ဆရာသူတို့နဲ့ ဘယ်လိုမျိုးလက်တွဲချင်လဲ။

ဦးသဲရယ်။   ။ နောက်အစိုးရသက်တမ်းကျလို့ရှိရင်တော့ ပြည်သူလူထုက ထပ်ပြီးတော့ ရွေးချယ်တာမျိုးတွေရှိခဲ့မယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့က သွားချင်တဲ့ဒီမိုကရေစီလမ်းကြောင်းအတိုင်းပဲ သွားချင်းတာပေါ့နော်။

အခုလို ဒီမိုကရေစီလမ်းကြောင်းနဲ့ သွားမယ်ဆ်ိုပြီးတော့မှ တကယ့်တကယ်လုပ်လာတဲ့အခါ ဒီမိုကရေစီလမ်းကြောင်းပုံစံမျိုး မဟုတ်တော့ဘဲနဲ့ အာဏာရှင်ဆန်ဆန် လုပ်သွားတဲ့အပိုင်းတွေရှိတဲ့အခါ ကျွန်တော့်အနေနဲ့က မကြိုက်ဘူးပေါ့နော။ ရှင်းပြောရရင် ကျွန်တော်တို့ဒီမိုကရေစီနဲ့ ဆန်ကျင်တဲ့ကိစ္စတွေလည်း တချို့ရှိတာပေါ့နော်။

ဆိုတော့ ကျွန်တော့်တစ်ယောက်အနေနဲ့ မကြိုက်ဘူးပေါ့ဗျာ။ ဆိုတော့ အဲ့ဒီအပေါ်မှာတော့ နောက်လာမယ့်အစိုးရသက်တမ်းမှာဆိုလို့ရှိရင် ဒီလိုပုံစံနဲ့ပဲဆက်သွားမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့သွားချင်နေတဲ့ ဒီမိုကရေစီစနစ်တစ်ခုကို မြန်မြန်နဲ့ရောက်နိုင်မှာမဟုတ်ဘူးပေါ့နော် အများကြီးကျန့်ကြာသွားနိုင်တယ်လို့။

ကန္တာရဝတီတိုင်းမ်။   ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။

spot_img
spot_img

Recent posts