spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့က စစ်ကောင်စီတပ်ရင်း၂ရင်း ၎င်းတို့ အခြေစိုက်တပ်စခန်းမှာ ခံစစ်အနေနဲ့သာ ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့က စစ်ကောင်စီတပ်ရင်းတွေဟာ ၎င်းတို့ရဲ့အခြေစိုက်တပ်စခန်းမှာ ခံစစ်အနေနဲ့သာ ရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တပ်စခန်းနှစ်ခုဖြစ်တဲ့ ခလရ ၁၃၅ နဲ့ ၁၃၄ တပ်ရင်းရင်း နှစ်ရင်း ကျန်ရှိတာဖြစ်ပါတယ်။

“ မြို့ရဲ့ နေရာတော်တော်များများကို ကျနော်တို့တွေ သိမ်းလိုက်နိုင်ပြီပေါ့နော။ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းလိုက်နိုင်ပြီ။ စစ်ကောင်စီကတော့ သူတို့အခြေစိုက်တပ်ရင်းထဲမှာပဲ ရှိနေတဲ့ အနေအထားမျိုးဖြစ်တယ်။ သူတို့အခြေစိုက်တပ်ရင်းမှာပဲ ခံစစ် အနေနဲ့ ပြုလုပ်နိုင်တဲ့အနေအထားမျိုးပဲရှိတော့ပါတယ်။ “ လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၉)ရက်နေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖားဆောင်းမြို့တွင်းက စစ်ကောင်စီကင်းစခန်းဖြစ်တဲ့ သံလွင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်(၂)ခု၊ ဗျူဟာအရ အရေးပါတဲ့ စေတီကုန်း ၊ ရဲစခန်း၊ မြို့နယ်ခန်းမတွေကို သိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာရုံးတချို့မှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်တွေလည်း အခြေစိုက်တပ်ရင်းတွေဆီ ပြန်ဆုတ်ခွာသွားတာရှိတယ်လို့ ဆိုပါတယ်။

မတ်လ တတိယပတ် အတွင်းမှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်တာ မရှိသေးပေမယ့် အပြန်အလှန်ချောင်းမြောင်းပစ်ခတ်တာ ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၂၀)ရက်နေ့မှာဆိုရင် ဖားဆောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီ တပ်မ(၆၆) စစ်ကြောင်းကို ပါပုရွာသင်္ချိုင်းကုန်း မှာ ‌တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ‌ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ဖက် နည်းဗျူဟာမှူး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဖက် သေဆုံးသူ (၁၄)ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ (၁၈)ဦးရှိတယ်လို့ ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်ခံရတဲ့ စစ်ကြောင်းမှာ အင်အား (၁၀၀)ဝန်းကျင်ရှိပြီး ခလရ (၁)၊ ခလရ(၃၅) နဲ့ ခမရ (၅၁၆) တို့ ပါဝင်တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရပြီးနောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ထူးချောင်းစခန်းဖက် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ဖားဆောင်းမြို့တွင်းတိုက်ပွဲတွေမှာတော့ စစ်ကောင်စီဖက်ကနေ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို အဓိကထားလုပ်ဆောင်နေတယ်လို့ ကရင်နီပြည်တပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

“ သူတို့(စစ်ကောင်စီ) ကျနော်တို့ကို နိုင်တာက ဗုံး ၊ လေယာဉ် လာကြဲတာတစ်ခုပဲ။ မဟုတ်ရင် ရတာကြာပြီပေါ့။ ဗုံးလာကြဲတော့ မထိခိုက်အောင် ရှောင်ပြီးနေရတာပေါ့။ သူတို့ကတော့ လေယာဉ်နဲ့ပဲ အနိုင်ယူတာလေ။ ဒါပေမယ့် သိပ်မကြာဘူး ရမယ်လို့ သုံးသပ်ပါတယ်။ သူတို့က စခန်းထဲမှာလောက်ပဲ ကျန်တယ်။ ကျန်တယ်ဆိုတာက သူတို့ များသောအားဖြင့် ဒဏ်ရာ ရတဲ့လူကများတယ်။ “ လို့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေပြီး KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူရဲ့ ပြောပြချက်အရ စစ်ကောင်စီဖက် အနည်းဆုံး (၃၀)ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံနေအိမ် ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ဖားဆောင်းမြို့ပေါ်က ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရသလို မြို့ထဲ ပိတ်မိနေတဲ့ ပြည်သူတွေကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts