spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့မှာ လက်နက်ကြီးကျရောက်မှုကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် နှစ်ဦးဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇွန်လ ၂၁ရက်) မနက်အချိန်ကစပြီး တနေ့ကုန်နီးပါး ဖားဆောင်းမြို့အနီးက သံလွင်တံတားထိပ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဖားဆောင်းမြို့ပေါ် တောင်ပိုင်းရပ်ကွက်က သိမ်ကျောင်း ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြသူတချို့ ထိမှန်ဒဏ်ရာရရှိတယ်လို့ ဖားဆောင်းဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲစဖြစ်တာကတော့ မနေ့ကပေါ့နော။ အခြေအနေကပြင်းထန်နေတယ်ဆိုတော့ လက်နက်ကြီးသံတွေ သေနတ်သံတွေ ကြားနေရတယ်။ ဒေသခံတွေပြောတဲ့ဟာ ကြားရသလောက်ကတော့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ သိမ်ကျောင်းဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးဆရာတော်ထိတယ် ပြီးတော့မှ ဒေသခံတစ်ယောက်ထိတယ်ပေါ့နော။ ဆရာတော်ကတော့ လက်ထိတယ် နောက်တစ်ယောက်ကတော့ ဝမ်းဗိုက်ထိတယ်လို့ ကြားတယ်ပေါ့နော။ လက်ထိတဲ့ဆရာတော်ကတော့ အရမ်းစိုးရိမ်စရာမရှိပေမယ့် ဝမ်းဗိုက်ထိတဲ့တစ်ယောက်ကတော့ စိုးရိမ်ရတယ်လို့ ကြားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း ဖားဆောင်းမြို့နယ်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေသလို သွားလာရေးအဆင်မပြေတဲ့အတွက် ဒေသခံတချို့ တိုက်ပွဲအတွင်းမှာ ပိတ်မိနေတာရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဖားဆောင်းမြို့အနီးက သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့တုန်းက စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိခဲ့တာကြောင့် ဖားဆောင်းမြို့ပေါ်က ဒေသခံအပါအဝင် တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ဒေသခံတွေကဟာလည်း ဘေးကင်းရာလို့ ယူဆရတဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိ ဖားဆောင်းမြို့ပေါ် က ဘုန်းကြီးကျောင်းတွေမှာ ကျောက်ပန်းညို၊ ကယားဝမ်အောင်း၊ စုစည်း၊ နမ်းဟူးကုန်း၊ ဖားဆောင်းမြို့ဒေသခံတချို့ဟာ တိမ်းရှောင်နေကြပေမယ့် လက်နက်ကြီးကျရောက်မှုရှိတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့မှာ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဘက်ခြမ်း ကျောက်ပန်းညိုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဖားဆောင်း PDF ၊ ဘောလခဲ PDF ၊ လွိုင်ကော် PDF ၊ EAO နှစ်ဖွဲ့ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး နှစ်ဦးသေဆုံးခဲ့တယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၆ရက်နေ့ကနေ ဒီကနေ့အချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က အကျအဆုံးရှိတယ်လို့ ဖားဆောင်း PDF က ပြောပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့အတွက် လူထုတွေအနေနဲ့သွားလာခြင်း မပြုလုပ်ကြဖို့ ဖားဆောင်း PDF က တိုက်တွန်းထားပါတယ်။

spot_img
spot_img