ကန္တာရဝတီတိုင်း (မ်)
ထိုင်းနိုင်ငံအထိလှုပ်ခတ်ခဲ့တဲ့ မြန်မာ့ပြင်းအားငလျင်ကြောင့် ဘန်ကောက်မြို့ထဲရှိ ဆောက်လက်စ အဆောက်အဦးပြိုကျခဲ့စဥ်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ ပါဒေါဒူကျေးရွာက လူငယ်အမျိုးသားတစ်ဦးလည်း ပါဝင်နေတယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူ ဦးထူးချစ်က ပြောပါတယ်။
“လောလောဆယ်သိတာကတော့ ၂ ယောက်ပါတယ်။ ဒါပေမဲ့ တစ်ယောက်ကတော့ ပြိုကျတဲ့ တိုက်အောက်မှာ ကျန်ခဲ့တယ်။ တစ်ယောက်ကတော့ မိုးဇက်။ သူကတော့ လွှတ်လာတယ်ပေါ့နော။ သူနဲ့လည်းတွေ့ဖို့ပြင်ဆင်နေတယ်” လို့ ဦးထူးချစ်က ပြောပါတယ်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းပြိုကျမှုအတွင်း ပါဝင်သွားသူမှာ ဒီးမော့ဆိုမြို့နယ်၊ ပါဒေါဒူကျေးရွာက လူစီယားနို အမည်ရှိတဲ့ စစ်ရှောင်လူငယ်တစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။
လွတ်မြောက်လာတဲ့ ကရင်နီလူငယ်နဲ့တွေ့ဆုံဖို့ ပြင်ဆင်နေပြီး အဆိုပါ လွတ်မြောက်လာသူနဲ့ သေဆုံးသူလူငယ်အတွက် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IECကို ကူညီစေချင်တယ်လို့ ဦးထူးချစ်ကပြောပါတယ်။
“IECအနေနဲ့ မန္တလေး၊ စစ်ကိုင်းဖက်ကို ငလျင်ဘေးသင့် ဒုက္ခသည်တွေအတွက် သိန်း၁,၀၀၀ လားမသိ ညီမယ်လို့ ကျနော်တို့ကြားလိုက်တယ်ပေါ့နော။ အဲဒီအတွက် ကျနော် အင်မတန်ဝမ်းသာတယ်။ ကိုယ့်ရဲ့ ကရင်နီမှာ အခုလိုမျိုးဆုံးရှုံးသွားတဲ့သူကိုလည်း IEC အနေနဲ့ တစ်စုံတရာ ထောက်ပံ့ဖို့ကိုလည်း ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်တယ်” လို့ ဦးထူးချစ်ကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းမြို့ကိုဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးနဲ့ လှုပ်ခတ်ခဲ့တဲ့ ပြင်းအားကြီးငလျင်က အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း သက်ရောက် လှုပ်ခတ်မှုရှိခဲ့တာဖြစ်ပါတယ်။
ငလျင်ကြောင့် ပြိုကျခဲ့တဲ ဘန်ကောက်မြို့က အထပ် ၃၀ ရှိတဲ့ ဆောက်လုပ်လက်စအစိုးရရုံးထဲ ပိတ်မိခဲ့သူတွေက ဧပြီ ၁ရက်နေ့အထိ ၈၃ ယောက်ရှိပြီး ထိုင်းနိုင်ငံသား ၅၅ယောက်၊ ကမ္ဘောဒီးယား နိုင်ငံသား ၃ယောက်၊ မြန်မာရွှေ့ပြောင်းလုပ်သား ၂၄ယောက်နဲ့ လာအို နိုင်ငံသား ၁ယောက်တို့ ပါဝင်ခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဒါပေမဲ့ မြန်မာလုပ်သားတွေရဲ့ အရေအတွက်က ၂၄ ယောက်ထက်ပိုနိုင်တယ်လို့ ဦးထူးချစ်ကပြောပါတယ်။
အဆိုပါတိုက်ပြိုကျမှုမှာ ပိတ်မိနေသူတွေကို လက်ရှိမှာလည်း ထိုင်းအစိုးရက နည်းပညာအသုံးပြုပြီး ရှာဖွေနေဆဲဖြစ်ပါတယ်။ ပိတ်မိသွားတဲ့ ကရင်နီပြည်က အလုပ်သမားတစ်ဦးကိုလည်း တူးဖော် မရရှိသေးဘူးလို့ဆိုပါတယ်။
ထိုင်းနိုင်ငံရှိ ဧရာဝဏ်အရေးပေါ်ကယ်ဆယ်ရေး ထုတ်ပြန်ချက် အရ တိုက်ပြိုကျမှုမှာ သေဆုံးသူ ၁၀ ယောက်ရှိပြီး ၉ ယောက်က အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့ကာ ၁ ယောက်က ဆေးရုံမှာ သေဆုံးတယ်လို့ သိရပါတယ်။