ဘုရင့်ယောက်ဖခေတ်

သိုက်စိုးထွန်း(နတ်ရွာ)

အားလုံးကြားဖူးကြပါရဲ့။ ခွေးမလေးတစ်ကောင်ပေါက်နေတာနဲ့ပတ်သက်ပြီး ဘုရင်က သူ့ယောက်ဖကို ခွေးမလေးမွေးပြီဆိုတာဟုတ်သလားလို့မေးတော့ ပြေးကြည့်ပြီး ဟုတ်မှန်ကြောင်း ပြန်လျှောက်၊ ဒါဖြင့် ဘယ်နှကောင်မွေးသလဲဆိုတော့ မဖြေနိုင်၊ သွားကြည့်၊ ဘယ်နှကောင်ပါဘုရားလို့ ပြန်လျှောက်၊ အထီးဘယ်နှကောင်၊ အမဘယ်နှကောင်လဲလို့ထပ်မေးတော့ မဖြေနိုင်၊ နောက်တစ်ခေါက် ပြန်ကြည့်၊ အထီးဘယ်နှကောင်၊ အမဘယ်နှကောင်ပါဘုရားလို့ ပြန်လုပ်။ ဘယ်လိုအရောင်တွေလဲလို့ ထပ်မေးပြန်တော့၊ နောက်တစ်ခါသွားကြည့်ရပြန်၊ ပြန်လျှောက်လိုက်ရပြန်။ ဒီအဖြစ်လေးက တကယ့်အဖြစ်လား၊ ထိုးဇာတ်လားတော့ မပြောနိုင်ပါဘူး။ ဒီဖြစ်ရပ်လေးထဲမှာတော့ ဘုရင့်ယောက်ဖကို ပြစ်တင် ဝေဖန်ကြတာပေါ့။ နမော်နမဲ့နိုင်လွန်းလို့၊ စေ့စပ်သေချာမှုမရှိလို့၊ ထူပိန်းပိန်းနိုင်လွန်းလို့၊ ရှေ့ကိုလာဘ်မမြင်လို့ စသည်စသည်အားဖြင့်။

ဒီဖြစ်ရပ်လေးထဲမှာ ကိုယ်သာဘုရင့်နေရာမှာ ဆိုရင် ဘယ်လိုမေးမလဲ၊ ပညာစမ်းလိုတဲ့သဘောနဲ့၊ အကဲခတ်လိုတဲ့သဘောနဲ့ အရိပ်အမြွက်လောက်သာမေးပြီး အကဲစမ်းမလား၊ ဘယ်လိုမေးမလဲဆိုတာကို သတိထားပြီး စဉ်းစားဖို့လိုလာပါပြီ။ ပြီးတော့၊ ကိုယ်သာဘုရင့်ယောက်ဖနေရာမှာဆိုရင်ရော ခွေးမလေး မွေးပြီလားမေးရင် မွေး၊ မမွေးဘဲ သွားကြည့်ဖြစ်မလား၊ အထီး၊ အမ၊ အရောင်အသွေး၊ အပိန်၊ အဝ အကုန်လုံး ကြည့်ရှုမှတ်သားဖြစ်ခဲ့လေမလားဆိုတာကို မညာတမ်းပြန်သုံးသပ်သင့်ပါတယ်။

တစ်ဘက်ကမေးနေတာက ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ကို စမ်းသပ်လိုလို့မေးတာမှန်း ရိပ်မိရင်တော့ ပြည့်ပြည့်စုံစုံလုပ်ကိုင်ဆောင်ရွက်ဖြစ်ခဲ့လေမလားလို့ တွေးမိပါတယ်။ သာမန်အတိုင်းပဲ ပြောတာဆိုတာမျိုး ဆိုရင်တော့ သာမန်ကာလျှံကာပဲ လုပ်ဖြစ်လိမ့်မယ်ထင်ပါတယ်။ ဒါကလည်း တစ်ယောက်နဲ့တစ်ယောက် အမြင်အတွေးချင်း၊ လုပ်ရပ်ခြင်းတူကြမှာမဟုတ်ပါဘူး။ အထက်ကဖြစ်ရပ်လေးထဲမှာတော့ တစ်ခြား တစ်ယောက်က တစ်ခေါက်တည်းသွားကြည့်တာနဲ့ ဘုရင်မေးသမျှ ပြန်လျှောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်လေးထဲမှာက ဘုရင်က သူ့ယောက်ဖကို အကဲစမ်းလိုတဲ့သဘောနဲ့မို့သာ ဒီလိုမျိုး အခေါက်ခေါက် အခါခါစမ်းသပ်မေးမြန်းခွင့်ရခဲ့တာလို့လည်း ယူဆစရာရှိပါတယ်။ တကယ်လို့များ သူ့ယောက်ဖကို ခွေးအကြည့်ခိုင်းတာမဟုတ်ဘဲ သေနာပတိအရာထားပြီး သူပုန်ရန်နှိမ်နင်းဖို့တာဝန်ပေးအပ် တာမျိုးဆိုရင် ‘သူပုန်ရန်ကိုနှိမ်နင်းချေ’ဆိုတာမျိုးလောက်ကိုပဲ မိန့်နိုင်မလား၊ ဒါမှမဟုတ် တိုက်ဆင်ဘယ်နှရာ၊ တိုက်မြင်းဘယ်နှရာ၊ စစ်သည်ဘယ်နှထောင်နဲ့ ရေကြောင်း၊ ကြည်းကြောင်းကချီစေ၊ လက်ဝဲတပ်က ဘယ်သူက အင်အားဘယ်ရွေ့ဘယ်မျှနဲ့ချီစေ၊ လက်ျာတပ်က ဘယ်သူဦးစီးပြီး အင်အား ဘယ်လောက်နဲ့ချီစေ၊ အကွပ်အညှပ်မပေါ့လျော့စေနဲ့ဆိုတာမျိုးနဲ့ သေသေချာချာမိန့်လေမလားဆိုတာကို ဆက်ပြီးစဉ်းစားစရာရှိပြန်ပါတယ်။

စောစောကဖြစ်ရပ်လေးထဲမှာ ဘုရင့်ထက်ကြီးတဲ့သူပေါ်လာခဲ့ပြီဆိုပါစို့။ ခွေးအကြည့်ခိုင်းတဲ့ကိစ္စ နဲ့ပတ်သက်ပြီး အကြိမ်ကြိမ်အထပ်ထပ် ပြန်လည်ဆောင်ရွက်နေရတဲ့အခြေအနေမှာ ဘယ်သူ့ဘက်က အားနည်းချက်ဖြစ်ပြီး ဘယ်သူ့ဘက်က တာဝန်ကျေခဲ့သလဲ၊ ဘယ်သူကပျက်ကွက်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးတာတွေလုပ်တော့မယ် ဆိုပါစို့။ စုံစမ်းတဲ့သူတွေက ဘုရင်ကိုမျက်နှာသာပေးလိုတဲ့သူတွေ ဆိုရင်တော့ ဘုရင့်နှုတ်ထွက်စကားမှာ အကဲစမ်းလိုတဲ့ဉာဏ်ပညာတွေပါနေတဲ့အတွက် ဘုရင်ကိုချီးမွမ်းခန်း ဖွင့်နေလိမ့်မယ်။ သူ့ယောက်ဖကိုတော့ ထူရပိန်းရကောင်းလားဆိုပြီး ပြစ်တင်မောင်းမဲနေပါလိမ့်မယ်။ ဒါမှမဟုတ် စုံစမ်းရေးအဖွဲ့တွေက ဘုရင့်ထက် ကြီးတဲ့သူရဲ့သဘောသွားကိုလိုက်ပြီး ယောက်ဖဘက်က ရပ်တည်ကြမယ်ဆိုရင်လည်း အမိန့်ကို ဘယ်လိုပေးနေတာလဲ၊ ဘုရင်လုပ်ပြီး အမိန့်လေးတောင် မပေးတတ်ဘူးလား၊ ညွှန်ကြားချက်ကို တိတိကျကျ ပေးလိုက်ပါတော့လား၊ ဟိုတစ်ဘက်က အကြိမ်ကြိမ်အထပ်ထပ်လုပ်ကိုင်ဆောင်ရွက်နေရတာကိုမှ အားမနာဘူးလား၊ ဘာလားညာလား စသည်အားဖြင့် ဘုရင်ကိုတောင် မောင်းမဲနေကြလိမ့်ဦးမယ်ထင်ပါတယ်။

ဒီဇာတ်ဆောင်နှစ်ယောက်နေရာမှာ ကိုယ်ကိုယ်တိုင်သာဖြစ်ခဲ့ရင်ကော ဘယ်လိုပြောဖြစ်၊ လုပ်ဖြစ် ခဲ့လေမလဲဆိုတာကလည်း စဉ်းစားစရာဖြစ်ပါတယ်။ ကိုယ်ဟာ ဘုရင့်ယောက်ဖလိုလူလား၊ ဘုရင်လိုလူလား၊ ဒါမှမဟုတ် တစ်ကြိမ်တစ်ခါပြောလိုက်ရုံနဲ့ အလုံးစုံပြီးပြတ်အောင်၊ ထောင့်စေ့အောင်ဆောင်ရွက်နိုင်တဲ့လူမျိုး လားဆိုတာကို ကွဲပြားအောင် သုံးသပ်သင့်ပါတယ်။ ဒီ့နောက်မှာ ကိုယ်နဲ့လက်တွဲဆောင်ရွက်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကရော ဘုရင့်ယောက်ဖတွေလား၊ ထက်မြက်စေ့စပ် တဲ့သူတွေလားဆိုတာကို ဆက်ပြီးသုံးသပ်ဖို့လိုဦးမှာဖြစ်ပါတယ်။ ပြီးတော့ စေ့စပ်သေချာသူတွေက ဘယ်နှယောက်၊ ကပေါ်ကလျှော် လုပ်တတ်သူတွေက ဘယ်နှယောက်၊ ဘယ်သူက ဘယ်အမျိုးအစား ဆိုတာတွေကိုလည်း ကြိုသိထားဖို့ လိုအပ်ပါသေးတယ်။ ‘အရိပ်ပြရင် အကောင်မြင်ရမယ်’၊ ‘တစ်ထွာပြရင် တစ်လံမြင်ရမယ်’ဆိုတဲ့စကားတွေက လုပ်ငန်းခွင်ထဲမှာ လက်သုံးစကားတွေပါ။ ဒါပေမဲ့ အလုပ်ဖြစ်ရဲ့လားဆိုတာကို စဉ်းစားစရာရှိပါတယ်။

ဒီနေရာမှာ ချဉ်းကပ်တင်ပြလိုတဲ့ရှုထောင့်ကတော့ ညွှန်ကြားသူနေရာက၊ စီမံခန့်ခွဲသူနေရာက စဉ်းစားပေးတဲ့ရှုထောင့်ပါ။ ဒီလိုဆိုတော့ စီမံခန့်ခွဲမှုပညာရဲ့အခန်းကဏ္ဍကပါလာပြီပေါ့။ စီမံခန့်ခွဲမှုပညာရဲ့ သဘောက ကိုယ်ဖြစ်စေချင်တဲ့ရည်မှန်းချက်၊ တစ်နည်းအားဖြင့် အဖွဲ့အစည်းတစ်ခုရဲ့ ဘုံရည်မှန်းချက်ကို ရောက်အောင် အဖွဲ့သားတွေကိုအသုံးပြုပြီး ဖော်ဆောင်တဲ့လုပ်ငန်းစဉ်ပါ။ ဒီတော့ ကိုယ့်အဖွဲ့သားတွေ ဘာလုပ်စေချင်သလဲဆိုတာကို တိကျရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေ၊ ဘာဖြစ်စေချင်တယ်ဆိုတဲ့ ရည်မှန်းချက် တွေ၊ မျှော်မှန်းချက်တွေ ချပေးထားရမှာပါ။ တစ်ခုခုလုပ်ဖို့ ညွှန်ကြားလိုက်တယ်ဆိုရင် နံပါတ်(၁) ဘာလုပ်ရမယ်၊ နံပါတ်(၂) ဘာဆက်လုပ်ရမယ်၊ နံပါတ်(၃) ဘယ်လိုပြန်လည်သုံးသပ်ရမယ် စသည်အားဖြင့် အသေးစိတ်ဖို့လည်းလိုပါတယ်၊ တိကျဖို့လည်းလိုပါတယ်။

ခွေးမွေးပြီလားလို့မေးရင် မွေး၊ မမွေးကိုပဲ သွားကြည့်ကြမှာပါ။ ဒါက လက်တွေ့ကျတဲ့ ချဉ်းကပ် သုံးသပ်မှုပါ။ အထူးသဖြင့် ကိုယ့်လုပ်ငန်းခွင်ထဲမှာ ပါဝင်ဆောင်ရွက်နေသူတွေက တကယ့်ကို ထက်မြက် တက်ကြွတဲ့သူတွေချည်းပါဝင်နေတာမျိုးမဟုတ်ဘဲ ထူးချွန်သူရော၊ မထူးချွန်သူရော၊ အရိပ်ပြလို့ အကောင် မြင်သူတွေရော၊ အကောင်လိုက်ကြီးပြတာတောင်မှ အရိပ်လိုက်ရှာနေရတဲ့သူမျိုးတွေရော အရောရော အနှောနှောဖြစ်နေပြီဆိုရင် ကိုယ်ပေးလိုက်မယ့် လမ်းညွှန်ချက်တွေက တိကျပြတ်သားနေဖို့၊ ဟိုလိုလည်း တွေးလို့ရတယ်၊ ဒီလိုလည်းတွေးလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်နှစ်ခွထွက်စေမယ့် အသုံးအနှုန်းတွေ ပါမနေဖို့ အရေးကြီးပါတယ်။

အရိပ်ပြရင် အကောင်မြင်၊ တစ်ထွာပြရင်တစ်လံမြင်ပုဂ္ဂိုလ်တွေရှိတော့ရှိပေမယ့် မြင်တဲ့အတိုင်း မပြောတာမျိုးကလည်းရှိနေပြန်တယ်။ တစ်လံမြင်ပေမယ့် တစ်လက်မလောက်ပဲ အလုပ်လုပ်တဲ့သူတွေ လည်း ရှိနေတယ်။ လုပ်တတ်သလောက်မလုပ်ဘူး၊ ကြိုးစားနိုင်သလောက်မကြိုးစားဘူး။ နားလည်ပါလျက်နဲ့ နားမလည်ချင်ယောင်ဆောင်နေတယ်။ ဒီလိုတွေလည်းရှိနိုင်သေးတာကိုး။ ဒီတော့ ကတ်ကတ်သတ်သတ်နဲ့ ခိုင်းတဲ့သူရဲ့လိုအပ်ချက်၊ အခိုင်းခံရသူရဲ့လိုအပ်ချက်ဆိုတာတွေ အငြင်းပွားမနေရဖို့အတွက် ကိုယ်ပြောတဲ့ စကားမှာ မူဘောင်သတ်မှတ်ချက်နဲ့တကွ တိကျရှင်းလင်းပြတ်သားနေဖို့ အမြဲတမ်းဂရုပြုနေရမှာဖြစ်ပါတယ်။ ‘ဒီလောက်လေးပြောလိုက်ရင် သူသဘောပေါက်မှာပါလေ’ဆိုပြီး မပြောဘဲထားလိုက်လို့ တလွဲတချော်တွေ လုပ်လာခဲ့ရင် ပြင်မရတဲ့အမှားမျိုးဆို ဒုက္ခရောက်နိုင်တာမဟုတ်လား။ ရောက်ပြီးကြပေါင်းလည်း များလှပြီဆိုပါတော့။

လုပ်ငန်းခွင်အတွေ့အကြုံများနေပြီဖြစ်တဲ့ ဝါရင့်သဘာရင့် ပုဂ္ဂိုလ်ကြီးတွေရဲ့ သြဝါဒတွေကို မကြာမကြာနားထောင်ခဲ့ရဘူးပါတယ်။ နားထောင်နေရင်းနဲ့ တစ်ခါတစ်ခါကျတော့ စိတ်မရှည်နိုင်တော့ လောက်အောင်ဖြစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညွှန်ကြားချက်က သိပ်ကိုအသေးစိတ်လွန်းနေတယ်။ အသေးစိတ်ဆိုတာထက် အနုစိတ်လွန်းနေတယ်လို့ပြောရမယ်။ ဥပမာတင်ပြရရင် ထမင်းစားစေချင်တယ်ဆို ‘ထမင်းစားကြဟေ့’လို့ဆိုလိုက်ရင် တစ်ခွန်းတည်းပြီးရောမဟုတ်လား။ သူက ဒီလိုမဟုတ်ဘူး။ “ဟင်းပန်းကန်တွေဆေးပါ၊ ပြီးရင် ဟင်းထည့်ပါ။ ထမင်းပန်းကန်တွေဆေးပါ၊ ထမင်းခူးပါ။ လက်ဆေးပါ။ ညာလက်နဲ့စားပါ။ ပြီးရင် လက်ဆေးပြီး လက်သုတ်ပါ။ ရေသောက်ပါ”ဆိုတာမျိုးပေါ့။ ကြားခါစကတော့ ‘ဘာကြီးလဲဟ’ဆိုတဲ့အတွေးမျိုးပေါ့။

နောက်တော့ အစားအသောက်ချက်ပြုတ်ရေးစီမံချက်တို့၊ ဧည့်ခံကျွေးမွေးရေးစီမံချက်တို့ဆိုတာမျိုး တွေနဲ့ စာတစ်စောင်ပေတစ်ဖွဲ့လုပ်ရတာတွေ၊ ဝယ်ယူရေးဆပ်ကော်မတီအစည်းအဝေး၊ ချက်ပြုတ်ရေး ဆပ်ကော်မတီအကြိုညှိနှိုင်းအစည်းအဝေး၊ ဧည့်ခံကျွေးမွေးရေးအဖွဲ့ အထူးအစည်းအဝေးဆိုတာမျိုးတွေ တွေ့လာကြုံလာရတော့ ‘အဟောဝတ-အံ့သြဖွယ်ကောင်းစွတကား’ဆိုတာမျိုး အဗ္ဘုတရသတွေ တစ်ဝကြီး ခံစားလိုက်ရတော့တယ်။

အံ့သြတယ်ဆိုတာကလည်း အစပိုင်းမို့လို့သာပါ။ နောက်ပိုင်းတော့မအံ့သြတော့ဘူး။ တကယ် လုပ်ကြည့်တဲ့အခါကျတော့ သိပ်မလွယ်မှန်းလည်းသိလာရတယ်။ ဘာတွေ၊ ဘာတွေ ကျွေးပါ့မယ်ဆိုပြီး မီနူးစာရင်းတင်ရတာကတစ်မျိုး၊ တကယ်ချက်တော့ ပေါ့လို့၊ ငန်လို့ဆိုတာကတစ်ဖုံ၊ ဟင်းပွဲတည်တဲ့အခါ ဘယ်ပန်းကန်ကိုအလယ်မှာထား၊ ဘယ်ပန်းကန်ကဘေးမှာထား၊ ဘယ်ဇွန်းကဘယ်ဘက်၊ ဘယ်ခက်ရင်းက ဘယ်ဘက်၊ တစ်သျှူးကဘယ်ပုံ၊ သောက်ရေကဘယ်နည်း၊ ဟင်းလိုက်ရင် ဘယ်ဘက်ကဝင်၊ ပြန်ထွက်ရင် ညာဘက်ကထွက်၊ အလို၊ တည်ခင်းဧည့်ခံခြင်းဆိုင်ရာ အတတ်ပညာတွေ၊ အနုပညာတွေက စာဖွဲ့လို့ မကုန်နိုင်အောင် များလှပါကလားပေါ့။ လူအမျိုးမျိုး၊ နတ်အဖုံဖုံဖြစ်တဲ့အတွက် စည်းစနစ်တကျရှိအောင် သွန်သင်လေ့ကျင့်ပေးရတာမျိုးပါ။ ဒါက ဥပမာတစ်ခုအနေနဲ့သာ ပြောလိုက်တာပါ။ တစ်ခြားလုပ်ငန်းတွေ မှာလည်း အသေးစိတ်ရတာတွေ တစ်ပုံကြီးရှိပါတယ်။ ခဲတံလုံးလေးကိုက်ပြီး စနစ်တကျပြုံးနည်းသင်တန်း ဖွင့်ပေးတယ်ဆိုတာမျိုးလည်း ကြားလိုက်ရဖူးပါရဲ့။

ဆိုလိုတာကတော့ အလုပ်တစ်ခုလုပ်တဲ့အခါ သေသေချာချာစနစ်တကျလေ့ကျင့်သင်ကြားပေးရ တာမျိုးရှိသလို အမိန့်တစ်ခုပေးတဲ့အခါ၊ ညွှန်ကြားချက်တစ်ခုထုတ်ပြန်တဲ့အခါမှာလည်း အစကတည်းက ခွေးမွေး၊ မမွေးသိချင်ရုံသက်သက်ပဲလား၊ အထီးအမခွဲပြီး သိချင်သေးသလား၊ အကြောင်အကျားက ဘယ်နှကောင်၊ အဖြူကဘယ်ရွေ့၊ အမည်းကဘယ်မျှဆိုတာကို သိချင်သေးသလားဆိုတာတွေကိုပါ တစ်ပါတည်းထည့်သွင်းပြောကြားပေးလိုက်ဖို့၊ ရေးသားပေးလိုက်ဖို့လိုတယ်ဆိုတဲ့အကြောင်းပါ။ လက်တွေ့ နယ်ပယ်မှာက ဘုရင်ကြီးလို သူ့ယောက်ဖကို ပညာစမ်းချင်တိုင်းစမ်းလို့မရတော့ဘူး။ စမ်းဖို့အချိန်မရ တော့ဘူး။ သူ့ယောက်ဖလိုလူတွေကိုလည်း ခွေးအကြည့်ခိုင်းရုံလောက်ပဲ အလုပ်ပေးရတော့တာမဟုတ်ဘူး။ ခွေးကြည့်ခိုင်းပြီးရင် နွားကြည့်ရမယ်၊ လူကြည့်ရမယ်၊ လူမှာမှ လူပျိုလား၊ အပျိုလား၊ အိမ်ထောင်နဲ့လား၊ ကလေးဘယ်နှယောက်ရှိသလဲ၊ ဘာအလုပ်လုပ်ကြသလဲ စသည်စသည်အားဖြင့် အချက်အလက်တောင်းတဲ့ အလုပ်မျိုးဆိုရင်လည်း ကိုယ်လိုချင်တဲ့အချက်အလက်တွေကအများကြီး။ တစ်ခုခုဆောင်ရွက်ဖို့ စေခိုင်းတာ ဆိုရင်လည်း ဒီတစ်ခုပြီးရင်နောက်တစ်ခု၊ နောက်တစ်ခုပြီးရင် ဟိုးနောက်တစ်ခု စသည်စသည်အားဖြင့် ကိုယ်ခိုင်းရမယ့်အလုပ်တွေက တန်းစီနေတာ။ ကိုယ်ပေးတဲ့အမိန့်မတိကျလို့ ဒီအလုပ်တစ်ခုကို နှစ်ခါ လုပ်နေရမယ်ဆိုရင် သူပြီးရင်တစ်ဆက်တည်းလုပ်ရမယ့်အလုပ်ကို မစနိုင်တော့ဘူး။ ဒီတစ်ခုတည်းမှာတင် အချိန်ကုန်သွားပြီး။ တစ်လုပ်မပြီး၊ နှစ်လုပ်မပြီးနဲ့ အလုပ်တွေပုံသွားနိုင်တယ်။ ဒီတော့ တတ်နိုင်သမျှ အချိန်တိုအတွင်းမှာ ကိုယ်လုပ်ချင်တဲ့အလုပ်တွေပြီးသွားဖို့လိုတယ်။ ဒါ့ကြောင့် တိကျဖို့လိုတယ်။

စောစောကတင်ပြခဲ့သလိုပဲ သဘာရင့်ဝါရင့်ပုဂ္ဂိုလ်ကြီးတစ်ချို့ကတော့ တိတိကျကျညွှန်ကြားတယ်။ အသေးစိတ်ညွှန်ကြားတယ်။ တိကျလွန်းလို့၊ အသေးစိတ်လွန်းလို့ တစ်ခါတစ်ခါ ပြဿနာကြုံရတယ်။ လုပ်ငန်းခွင်မစမီမှာ သြဝါဒပေးတယ်။ သြဝါဒပေးချိန်ကြားလွန်းလို့ တန်းစီမတ်တပ်ရပ်ပြီး နားထောင်နေရတဲ့ လူတစ်ယောက်နှစ်ယောက်လောက် မူးလဲသွားတာမျိုးတောင် ကြုံရတယ်။ ပတွတ်ပတွတ်နဲ့ပြောနေတာက မပြီးနိုင်တော့ဘူး။ နောက်ဆုံးအနှစ်ချုပ်ကြည့်လိုက်တော့ နားထောင်ရတဲ့သူက ဘာမှမမှတ်မိတော့ဘဲ ခြေသလုံးတောင့်တာ၊ ညောင်းညာကိုက်ခဲတာလောက်သာ မှတ်မိနေတော့တာမျိုးလည်း ဖြစ်သွားနိုင် ပါတယ်။

တိကျ၊ ပြည့်စုံရုံမက အသေးစိတ်လွန်းခြင်း၊ အနုစိတ်လွန်းခြင်းနဲ့ တိုတောင်းလွန်းခြင်း၊ ယေဘုယျ ဆန်လွန်းခြင်းကြားမှာ အလယ်အလတ်ကျတဲ့ အခြေအနေလေးတစ်ခုကိုတော့ ဖန်တီးပေးနိုင်ဖို့လိုပါတယ်။ ဘာမှမပြည့်မစုံနဲ့ စမ်းတဝါးဝါးပြောလိုက် တာမျိုးဆိုရင် လုပ်တဲ့သူကလည်း စမ်းတဝါးဝါးပဲ ဖြစ်နေမှာပါပဲ။ ရှည်လျားထွေပြားလွန်းနေပြီး ခေါင်းစဉ်ကြီး ၁ ကဘာ၊ ခေါင်းစဉ်အသေး (က) ကဘာ၊ (ခ) ကဘာ ဆိုတာမျိုး တွေနဲ့ က အက္ခရာကနေ အ အထိရေးတာတောင် မပြီးသေးလို့ ကက တွေ၊ ခခ တွေတပ်နေရတဲ့အထိ ရှည်လျားနေပြန်ရင်လည်း ဘယ်ဟာက အဓိကကျလို့ ဘယ်အစအရင်ဆွဲထုတ်ရမှန်း မသိဘဲဖြစ်သွားနိုင် ပါတယ်။

အမိန့်တွေ တိကျဖို့လိုတယ်။ အမိန့်က တိကျနေရုံနဲ့လည်းမရဘူး။ ဖြစ်နိုင်တဲ့အမိန့်မျိုးလည်း ဖြစ်ဖို့လည်းလိုသေးပြန်တယ်။ ဥပမာအားဖြင့် “ဒီနိုင်ငံကို သုံးနှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်အောင်လုပ်ပါ” ဆိုတဲ့အမိန့်မျိုးပေါ့။ မရှင်းဘူးလား၊ ရှင်းတယ်။ မတိကျဘူးလား၊ တိကျတယ်။ ကာလသတ်မှတ်ချက်ပါ ပါလိုက်သေးတယ်။ ဒါပေမဲ့ လက်တွေ့ဖြစ်နိုင်သလားဆိုတော့ မဖြစ်နိုင်သလောက်နီးပါးကို မလွယ်ဘူး။ ဒီလိုပါပဲ။ မလွယ်တဲ့အလုပ်တွေကို အတင်းတွန်းနေလို့လည်းမဖြစ်ပါဘူး။ “ငါတောင်ပြောလို့ပြီးနေပြီဟာကို မင်းကအခုထိ လုပ်မပြီးသေးဘူးလား”ဆိုတာမျိုး လုပ်လို့မရပါဘူး။

စေခိုင်းတဲ့စကားလုံးကရှင်းလင်းတိကျနေပါလျက်နဲ့တောင်မှ အချိန်မီ၊ အချိန်ကိုက်၊ စံချိန်စံညွှန်းနဲ့ အညီ ပြီးမြောက်အောင်မြင်ဖို့က အခက်အခဲတွေရှိနေနိုင်သေးတယ်ဆိုရင် မရှင်းမလင်း၊ မတိမကျနဲ့ ဟိုလိုလို ဒီလိုလိုပြောလိုက်တာမျိုးဆိုရင်တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတွေဖြစ်ကုန်နိုင်ပါတယ်။ ဘယ်လို လုပ်ရမလဲလို့ ပြန်မေးတာမျိုးကို ‘ရေဘူးပေါက်တာမလိုချင်ဘူး’လို့ ပြောလိုက်ပြန်ရင်လည်း အခြေအနေက ပိုလို့သာ ဆိုးဖွယ်ရာရှိပါတယ်။

ဒီနေရာမှာ အဓိကတင်ပြလိုတာကတော့ ကိုယ့်အဖွဲ့အစည်းမှာ တစ်ထွာပြတိုင်း တစ်လံမြင်တဲ့ သူတွေချည်း ပါဝင်နေတာလား၊ ဒါမှမဟုတ် အသေးစိတ်ပြောဖို့လိုအပ်သေးတဲ့သူတွေလည်း ပါနေပြီလား ဆိုတာတွေကို စဉ်းစားဖို့ပါ။ ပြီးတော့ တစ်ခုခုအချွတ်အချော်အတိမ်းအစောင်းဖြစ်သွားရင် ပြန်ပြင်ဖို့အချိန် ရရဲ့လားဆိုတာကိုပါ ထည့်တွက်ရမှာပါ။ ပြန်ပြင်နေဖို့အချိန်မရဘူး၊ ဒီတစ်ခုပြီးရင်နောက်တစ်ခု၊ နောက်တစ်ခု ပြီးပြန်တော့ ဟိုးနောက်တစ်ခု လုပ်စရာတွေ တန်းစီနေအောင်ရှိနေတယ်ဆိုရင်တော့ ဘုရင့်ယောက်ဖကို ဘုရင်ကခိုင်းသလိုလုပ်နေလို့မရတော့ပါဘူး။ ဒါက အကဲဖြတ်ချိန်မဟုတ်တော့ပါဘူး။ လက်တွေ့လုပ်ငန်းခွင်ဖြစ်နေတော့ အစကတည်းက ပြည့်ပြည့်စုံစုံညွှန်ကြားလိုက်ရတော့မှာပါ။ တစ်ခုမှားတိုင်း တစ်ခါပြန်ပြင်နေဖို့ အချိန်မရတော့ပါဘူး။ လုပ်ကိုင်ဆောင်ရွက်စရာတွေက အများကြီးပါ။ အများကြီးမှ တကယ့်ကိုအများကြီးပါ။

ကိုယ့်အဝန်းအဝိုင်းထဲမှာက ဘုရင့်ယောက်ဖလိုလူတွေအများကြီးရှိနေမှာပါ။ ဘုရင့်ယောက်ဖကမှ ပြောတဲ့အတိုင်း လိုက်လုပ်လို့တော်သေးတယ်ပြောရဦးမယ်။ မကြားချင်ယောင်ဆောင်ပြီး “သိဘူးလေ၊ ဟိုလိုပဲအလုပ်ခိုင်းတာလားလို့”လို့ ပြောနေရင် ဒုက္ခ။ ဒီတော့ ဘုရင့်ယောက်ဖထက်ကဲတဲ့လူတွေ များလာတဲ့ ခေတ်ကြီးထဲမှာ ဘုရင့်ယောက်ဖခေတ်နဲ့လျော်ညီတဲ့ စကားမျိုးတွေကို စိတ်ရှည်လက်ရှည် ပြောပေးနိုင်ဖို့ ကြိုးစားကြသင့်ပြီဖြစ်ပါကြောင်း။

Comments

comments

Next Post

ပြစ်ဒဏ်ကျခံပြီးသွားတဲ့ တောင်သူတွေကို တပ်မတော်က ထပ်မံ ပြင်ဆင်ချက်တက်တဲ့ အမှု ပလပ်ခံရ

Fri Aug 14 , 2020
နော်ဒွေးအယ်ခူ တပ်ပိုင်မြေကျူးကျော်မှု တွေနဲ့ တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေကိုကျခံပြီးသွားတဲ့ လွိုင်ကော်မြို့နယ်ထဲက တောင်သူကို ပြစ်ဒဏ်နည်းတယ်ဆိုပြီး အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ က ထပ်မံပြီး ပြည်နယ်တရားလွှတ်တော်မှာ ပြင်ဆင်ချက်တက်ထားတဲ့ အမှုကို ပြည်နယ် တရားလွှတ်တော်က ဒီနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ပလပ်လိုက်ပါပြီ။ တောင်သူတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေစောခူးတလေက “ ပြည်နယ်တရားလွှတ်တော်က တရားသူကြီးကတော့ ဒီအမှုတွေအားလုံးကို မူလရုံးချမှတ်တဲ့အမိန့်က လျော်ကန်သင့်မြတ်တယ်။ ပြင်ဆင်မှုကြားနာတဲ့ရုံးတစ်ရုံးအနေနဲ့ ဒီပုဒ်မတွေနဲ့ပတ်သက်ပြီးတော့မှ တရားမျှတမှုကင်းမဲ့ပြီးတော့မှ ကွာခြားနေတာမျိုးမဟုတ်ဘူးဆိုရင် ဆက်ပြီးမသင့်ဘူးဆိုပြီးတော့မှ တရားသူကြီးက အဲ့သုံးသပ်ချက်နဲ့ ဒီအမှုအားလုံးကို ပလပ်လိုက်တာပေါ့” လို့ တရားရုံးချိန်းအပြီး မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ တပ်ကသိမ်းဆည်ထားတဲ့ မြေယာပေါ်မှာ […]