spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့ပေါ်မှာ ဆန်ပြတ်လပ်နေ၊ ဆန်ပြုတ်ချက်စားနေရသလို ပြောင်းဆံတွေနဲ့ ရောပြီး ချက်စားနေရ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဘောလခဲမြို့ပေါ်က လူထုတွေဟာ ရိက္ခာသယ်ယူခွင့်မရကြတာကြောင့် ဆန်တွေပြတ်လပ်မှုရှိနေပြီး တချို့ သူတွေကတော့ ဆန်ပြုတ်သောက်နေရတာရှိသလို ပြောင်းဆံ(ပြောင်းကောက်) တွေထောင်းပြီး ရောနှောချက်စားသောက်နေကြရတယ်လို့ ဘောလခဲဒေသခံတွေဆီကနေ သိရှိရပါတယ်။

“ကျနော်တို့တကယ်ဒုက္ခ‌‌ရောက်နေတယ်။ တကယ်ဒီမှာ ပြောင်းကောက်ထောင်းစားရတယ်။ ကျနော်တို့စားနေတဲ့ ပြောင်းကောက်မဟုတ်ဘူး။ ကြက်ကျွေးတဲ့ ပြောင်းကောက်ဖြစ်နေတော့ တအားဒုက္ခရောက်တယ်ပေါ့လေ” လို့ ဘောလခဲ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

လွိုင်ကော်ကနေ ရိက္ခာတွေသယ်ယူနိုင်တဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်က လုံခြုံရေးအရ ပိတ်ပင်ထားသလို စစ်ကောင်စီတပ်တွေဘက်ကလည်း ဂိတ်တွေချပြီး စစ်ဆေးနေကြတာကြောင့် ရိက္ခာသယ်ယူခွင့်မရကြဘူးလို့ ဒေသခံတွေကပြောပါတယ်။

“အဖွဲ့များတယ်ဗျာ ဘယ်လိုပြောမလဲ ဟို တဖွဲ့ကခွင့်ပြုရင် တဖွဲ့က ခွင့်မပြုဘူး ၊ တဖွဲ့ကခွင့်ပြုရင် တဖွဲ့က ခွင့်မပြုဘူး အဲ့လိုဖြစ်နေတော့ အဲ့တာ ကျနော် ဘယ်သူ့ကို ပြောလို့ပြောရမှန်းမသိဘူး။” လို့ ဘောလခဲ ဒေသခံ အမျိုးသားတဦးကဆက်ပြောပါတယ်။

လက်ရှိမှာတော့ မြို့ထဲက ပြည်သူတွေအချင်းချင်း ချေးငှားစားသောက်ကြရသလို မငတ်ရုံတမယ် ဆန်ပြုတ်တွေ ချက်သောက်နေရတယ်လို့ ဘောလခဲဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။

“ဆန်ပြုတ်တွေ သောက်တာမလောက်လို့ တချို့အိမ်မှာ ဆန်တဝက်ရှိရင် အတင်းတောင်းဝယ်တယ်။ မရရင် စိတ်ဆိုးကြတယ်။” လို့ ဘောလခဲမြို့ခံ အမျိုးသမီးတဦးက ပြောပြပါတယ်။

လက်ရှိမှာ ရိက္ခာသယ်ယူနိုင်ရေးအတွက် ကိုယ့်နည်းကိုယ်ဟန်နဲ့ လွိုင်ကော်မြို့အထိ ခြေလျင်နဲ့ သွားရောက်သယ်ယူတဲ့ သူတွေရှိနေတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ ဘောလခဲမြို့နယ်အတွင်း ဆန်စျေးက တအိတ်ကို ကျပ် တသိန်းခွဲ အထိစျေးရှိနေပြီး၊ သယ်ယူခက တအိတ်ကို ကျပ် တသိန်းခွဲ အထိရှိနေတာပါ။ ဒါကြောင့် ဆန်တအိတ်ကို ကျပ် သုံးသိန်းအထိရှိနေတဲ့အတွက်
အခြေခံလူတန်းစားတွေကတော့ မဝယ်ယူနိုင်ဘူးလို့ ဘောလခဲမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“မဝယ်စားနိုင်ကြတော့ဘူး။ (ဆန်) တဗူး (နို့ဆီဗူး) တထောင်တဲ့။” လို့ ဘောလခဲမြို့ခံ အမျိုးသမီးတဦးကပြောပါတယ်။

ဘောလခဲမြို့တွင်းမှာ ဆန်တွေပြတ်လပ်မှုကြောင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကိုသယ်ယူခွင့်ပြုပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။

“ကျနော်တို့ကို တခေါက် ဆန်ဖြစ်ဖြစ်ခွင့်ပြုပေးပါ။ မဟုတ်ရင် ဆန်လောက်တော့ခွင့်ပြုပေးပါ။ ဆားနဲ့ပဲစားစား ဘာနဲ့ပဲစားစား ဆန်တော့ ခွင့်ပြုပေးဖို့ ကျနော်အကြံပြုချင်တာပေ့ါနော်” လို့ ဘောလခဲမြို့ ခံ အမျိုးသားတဦးက ပြောပါတယ်။

ဘောလခဲမြို့ပေါ်မှာ နေထိုင်သူတွေရှိနေဆဲဖြစ်ပြီး မြို့နယ်ထဲက ကျေးရွာတချို့ကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

spot_img
spot_img