ကန္တာရဝတီတိုင်း(မ်)
” ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်လေ သူ ငါတို့ကို လိမ်လည်လှည့်ဖျားပြီး နောက်တခါ ပြန်မောင်းထုတ်ရင် ဘယ်လိုလုပ်မလဲ သေလည်း ဒီမှာပဲသေတော့မယ် နေရင်လည်း ဒီမှာပဲ နေမယ်”
အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဖွား ဒါးမယ် ကို သူ့ရဲ့အတိတ်အကြောင်းကို မေးမြန်းရင်း မြန်မာနိုင်ငံ၊ ကရင်နီပြည်တွင်းကို ပြန်ချင်လားလို့မေးတဲ့အပေါ် ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်က နိုင်ငံ့အာဏာကို မတရားသိမ်းပိုက်ခဲ့ပြီးနောက် စစ်အာဏာရှင်စနစ်ကို အလိုမရှိတဲ့အကြောင်း တစ်နိုင်ငံလုံးကနေ လူထုအုံကြွမှု ဆန္ဒပြခဲ့ကြပါတယ်။
စစ်တပ်ကနေ အာဏာသိမ်းတာ ခုမှမဟုတ်ပါဘူး။ မှတ်တမ်းအရဆိုရင် ၁၉၅၈မှာတစ်ကြိမ်၊ ၁၉၆၂မှာတစ်ကြိမ်၊ ၁၉၈၈မှာတစ်ကြိမ် နဲ့ လက်ရှိ ၂၀၂၁ မှာတစ်ကြိမ် လေးကြိမ် တိတိ အာဏာသိမ်းခဲ့တာကြောင့် နှစ်ပေါင်း ၆၀ကျော်ကြာမြှင့်နေပါပြီ။
စစ်အာဏာသိမ်းပြီးတဲ့နောက်ဆက်တွဲကတော့ စစ်တပ်ရဲ့အကြမ်းဖက်နှိပ်စက်ခံရတာ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာက အထူးသဖြင့် ကျေးလက်တောရွာတွေမှာပါ။
အဲ့ဒီထဲမှာမှ ကယားပြည်နယ်လို့ အများကခေါ်ကြတဲ့ ကရင်နီပြည်နယ်လည်းအပါအဝင်ပါပဲ။
ကရင်နီပြည်နယ်ရဲ့အရှေ့ဖက်မှာတည်ရှိတဲ့ ရှားတောမြို့နယ်ဟာ ၁၉၉၅ခုနှစ်မှာ စားနပ်ရိက္ခဖြတ်တောက်တာ၊ ဆက်သွယ်ရေးဖြတ်တောက်တာ သတင်းအချက်အလက်ဖြတ်တောက်တာ ဘဏ္ဍာ
ငွေဖြတ်တောက်တာ စတဲ့ ဖြတ်လေးဖြတ်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ဖူးတဲ့ မြို့နယ််တမြို့နယ်ပါ။
ရှားတောဒေသခံပြည်သူထောင်ပေါင်းများစွာက ဖြတ်လေးဖြတ်ဒဏ်အပြင် စစ်ရဲ့ဒဏ်ကို လွတ်မြောက်ဖို့ရန်အတွက် သံလွင်မြစ်ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ကရင်နီ-ထိုင်းနယ်စပ်ဒေသကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
လုံခြုံမှုမရှိခြင်းနဲ့အတူ ကြောက်ရွံမှုတွေနဲ့ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ ကလေးသူငယ်တွေ အများစုက လမ်းခရီးမှာ အခက်အခဲမျိုးစုံနဲ့ကျော်ဖြတ်ခဲ့ရတာပါ။
ထိုင်းနိုင်ငံရဲ့အစွန်အဖျားတစ်နေရာမှာ ယာယီခိုလှုံနေရတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) တည်ရှိတာ အခုဆိုရင် နှစ်ပေါင်း ၂၀ကျော် ကြာမြှင့်နေပါပြီ။
“အရင်တုန်းကပေါ့နော် ကျမမိဘ အဖိုးအဖွားတွေက ပြည်တွင်းမှာဘဲပေါ့နော် အနောက်ဖက်ကမ်းဖက်ပေါ့။ ဘာလို့ သူတို့ ဒုက္ခသည်စခန်းကို ပြေးလာလည်းဆိုတော့ ဗမာစစ်တပ်ကြောင့်ပေါ့နော် ဗမာစစ်တပ်တွေက သူတို့ကို လာနှိပ်စက်တယ် လာမောင်းထုတ်တယ် ခု သူများအိမ် လာမီးရှို့သလိုမျိုးပေါ့ အဲဒီဒဏ်တွေကို မခံစားနိုင်တော့လို့ သူတို့ ပြေးလာတယ်။ စပြေးတုန်းကနေ ခုထိဆို ကျမ ဒီမှာ နေထိုင်လာတာ နှစ် နှစ်ဆယ်ရှိပြီပေါနော် အနှစ်နှစ်ဆယ်ရှိပြီ ကျမတယောက်အတွက်အနေနဲ့ဆို ဟိုး…… ကျမတို့ မိဘတွေတုန်းတည်းကလည်း ခံစားရပြီးပြီ ခုလည်း ပြည်သူတွေ ထပ်ခံစားနေကြရတယ် နောက်ကျရင် ဒီလိုအဖြစ်မျိုး ထပ်မတွေ့ချင်တော့ဘူး။ ဖြစ်လည်း မဖြစ်စေချင်တော့ဘူး သူတို့ကို ကောင်းကောင်းလေးဘဲ နေခိုင်းစေချင်တော့တယ်။ ကျမတို့ ဒီမှာ လာနေတယ်ဆိုတာလည်း ဒုက္ခသည်စခန်းမှာဘဲ နေရတယ် ကျမတို့ဒီမှာနေတာ အဆင်တော့ပြေတယ် အပြည့်အဝတော့ အဆင်မပြေနိုင်ဘူးလေ။ ဘာလို့လည်းဆို ကျမတို့ ဒုက္ခသည်စခန်းသားတွေဖြစ်တယ်။ အဆင်ပြေတယ်ဆိုတာက တချို့ ဝန်ဆောင်မှုတွေ အဝတ်အစားတွေလောက်ဘဲ အဆင်ပြေပါတယ်” လို့ ဒုက္ခသည်စခန်းမှာ မိဘနဲ့အတူ နေထိုင်တဲ့ အသက် ၂၀ဝန်းကျင်အရွယ် ကီးမယ်က ပြောပါတယ်။
စစ်တပ်ရဲ့နှိပ်စက်မှုဒဏ်၊ စစ်ဘေးဒဏ်ကို မခံစားနိုင်တော့လို့ မိဘ အဖိုးအဖွားတို့က ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ဒုက္ခသည်ဖြစ်တာကြောင့် လုံလောက်တဲ့အဆင်ပြေမှုမရှိဘူးလို့ ကရင်နီဒုက္ခသည်စခန်းက လူငယ်တွေက ပြောဆိုကြပါတယ်။
“ကျမတို့ဒီမှာဘဲ မွေးတယ်ပေါ့နော် ကျမတို့ဒီမှာနေထိုင်ရတာ ပိုအဆင်ပြေတယ်။ ကျမတို့ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ ဟိုးပညာရေးထိပေါ့နော် ကျမတို့ အခွင့်အရေးအများကြီးပိုရတယ်။ ကျမတို့ အဆုံးထိ ကျောင်းတက်ရတယ် ပြည်တွင်းကလူတွေဆို ကျမတို့လို ကျောင်းအဆုံးထိတက်ရဖို့ အခွင့်အရေးသိပ်မရှိဘူး ဆိုတော့ ကျမတို့ဒီမှာနေတာ အခွင့်အရေး ပညာရေး သွားလာခွင့်စတဲ့ အခွင့်အရေးတွေ သူများထက် ပိုအဆင်ပြေတယ်လို့ထင်တယ်။ နေထိုင်စားသောက်မှုတွေ သူများပေးတယ် စောင့်ရှောက်ပေးတယ် ဘာလို့လည်းဆို ကျမတို့ကဆင်းရဲတယ် ဒုက္ခသည်တွေဖြစ်လို့ သူများတွေ ကျမတို့ကို ကောင်းတဲ့ စောင့်ရှောက်မှုတွေ ပေးတယ်ပေါ့နော်”လို့ လူငယ်တစ်ဦးဖြစ်တဲ့ နိုမယ်က ထပ်မံပြောဆိုပါတယ်။
အလှူရှင်ကနေတဆင့် စခန်းကော်မတီကနေ ဝန်ဆောင်မှုပေးတဲ ဆန်၊ ဆီ၊ ငရုပ် စတဲ့မီးဖိုချောင်သုံး စားသောက်ကုန် တစ်နိုင်တစ်ပိုင်နဲ့ လည်ပတ်စားသုံးနေရတယ်ဆိုပေမယ့် လုံလောက်တာတော့မဟုတ်ပါဘူး။
“ကျမတို့စခန်းထဲမှာဆိုလို့ရှိရင်တော့ အလှူရှင်ရဲ့ပေးတဲ့ဟာနဲ့ပဲ မှီခိုနေရတဲ့ ကျမတို့စခန်းသူစခန်းသားတွေလည်း အများကြီးရှိတယ်ပေါ့။ ဆိုတော့ သူတို့အတွက် အဲ့ဒါက ဝန်ဆောင်မှုပေါ့နော ဝန်ဆောင်မှုတွေ လုံလောက်တယ်လို့တော့မဟုတ်ဘူး ဒါပေမယ့် ကျမတို့အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်ကတော့ ကျမတို့မှာရှိနေသေးတယ်ပေါ့။ အစာငတ်ခံပြီးတော့ အဲ့လိုမျိုးနေတဲ့ အဆင့်ထိတော့မဟုတ်သေးဘူး ဒါပေမယ့် လုံလုံလောက်လောက်ဆိုတာ ကျမတို့မရရှိဘူးပေါ့” လို့ ကရင်နီဒုက္ခသည်စခန်း ဥက္ကဋ္ဌ မိုးဘူးက လက်ရှိအခြေအနေကို ပြောဆိုပါတယ်။
လက်ရှိ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ လူဦးရေ ၈ထောင်ကျော်သာ ကျန်ရှိပြီး တတိယနိုင်ငံလို့ ဒုက္ခသည်စခန်းကသူတွေခေါ်ဆိုကြတဲ့ အမေရိကန်၊ ဩစေတးလျ ၊ ကနေဒါ၊ ဖင်လန်၊ နယူးဇီလန်၊ ဆွီဒင် စတဲ့နိုင်ငံတွေမှာ UN အစီအစဉ်ကနေတဆင့် သွားရောက်ခိုလှုံခွင့်ရတဲ့ ဒုက္ခသည်စခန်းထဲက ကရင်နီလူမျိုး ၁သောင်း၅ထောင်ခန့်ဟာ အခြေချနေထိုင်ခွင့်ရှိနေပါတယ်။
ဒုက္ခသည်စခန်းမှာ အလှူရှင်တွေရဲ့ ဝန်ဆောင်မှုပေးတာ လျော့ချလာသလို ရေရှည်နေထိုင်စားသောက်ဖို့က အဆင်မပြေတဲ့အတွက် ပြည်ပနိုင်ငံကိုထွက်ခွာတဲ့ ကရင်နီလူမျိုးတွေ အများအပြားရှိလာခဲ့ပါတယ်။
“ကျမတို့ဒီမှာနေတာကလည်း နှစ်ပေါင်း တော်တော်ကြာပြီပေါ့ နှစ်ပေါင်း ၂၀ကျော်ပြီဆိုတော့ အလှူရှင်ရဲ့ပေးကမ်းတဲ့အပေါ်မှာလည်း လျော့ချလာတယ်ပေါ့နော” လို့ စခန်းဥက္ကဌ မိုးဘူးက ဆက်ပြောပါတယ်။
ဒုက္ခသည်စခန်းမှာ အဆင်မပြေမှု ပေါင်းစုံရှိနေသလို ပြည်နယ်အတွင်းမှာလည်း အဆင်ပြေလားဆိုရင်တော့ ပိုလို့တောင် မပြေပါဘူး။ ဒါက ကရင်နီပြည်နယ်အတွင်းနဲ့ နယ်စပ် ကရင်နီဒုက္ခသည်စခန်းရဲ့အခြေအနေပါ။
စစ်အာဏာသိမ်းပြီး ရက်ပိုင်း ၁၀၀ ကျော်အတွင်း ကရင်နီပြည်တွင်း ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုဒဏ်ကို မခံနိုင်တော့လို့ ရရာလက်နက်စွဲကိုင်ကာ မေလ ၂၁ရက်နေ့ကစပြီး ခုခံတော်လှန်ခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ထွက်ပေါ်လာခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပြီး ရက် ၂၀ကျော်အတွင်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးရှို့ဖျက်ဆီးမှုနဲ့ မွှေနှောက်ရှာဖွေမှုကြောင် ပြည်သူ့နေအိမ်တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်မှာ ကရင်နီပြည်တွင်းမှာ စစ်တပ်ရဲ့အကြောင်းမဲ့ ပစ်ခတ်မှုနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ ၈၀နီးပါး ရှိနေသလို ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၀၀ ကျော် ရှိနေပါပြီ။
ဒါ့အပြင် ကရင်နီပြည်နယ်အတွင်း၊ မိုးဗြဲမြို့နဲ့ နယ်စပ်တွေမှာ တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူတစ်သိန်းကျော်ရှိနေပြီး သူတို့ရဲ့ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်နေဆဲပါပဲ။
နေရပ်ပြန်လည်ထူထောင်ဖို့အတွက် အဖက်ဖက်က လိုအပ်ချက်ပေါင်းစုံက အသစ်တစ်ဖန်ပြန်လည် စတင်ခွင့်တောင်မရှိသေးတဲ့ ဒီအချိန်မှာ ကရင်နီဒုက္ခသည်စခန်းထဲမှာ နေထိုင်သူတွေကို မိမိနေရပ်ပြန်လာချင်လားလို့ မေးရင်တော့ ဘယ်သူမှမပြန်ချင်သေးပါဘူး။
တစ်ချိန်တစ်ခါက စစ်ဘေးကြောင့် နှိပ်စက်ခံရတာ ရွာလုံးကျွတ်နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ ထပ်မံမစားချင်တော့သလို အကြောက်တရားနဲ့အတူ စိတ်ဒဏ်ရာက စွဲကျန်နေဆဲပါပဲ။
အေးအေးဆေးဆေးနဲ့လုပ်ကိုင်စားသောက်ခွင့်၊ နေရာထိုင်ခင်း၊ လုံခြုံရေး၊ နိုင်ငံသားအသိအမှတ်ပြုတဲ့မှတ်ပုံတင် စတဲ့အခြေခံ လူနေမှုဘဝက ပြန်ပြီး လုပ်ရှားရုန်းကန်ဖို့ ဆိုရင် အလှမ်းဝေးနေဆဲပါ။
မိဘ၊ အဖိုးအဖွားတွေကလည်း သူတို့သားသမီးတွေကို အဲဒီစစ်ဒုက္ခမျိုးစုံကို မခံစားစေချင်တော့ဘဲ တိုင်းပြည်အေးဆေးတည်ငြိမ်တဲ့အချိန်ကို ဒုက္ခသည်စခန်းအတွင်းကနေ စောင့်မျှော်နေဆဲပါပဲ။
ဒုက္ခသည်စခန်းမှာနေရတာ ဝမ်းရေးအတွက် အဆင်ပြေလှတယ်လို့တော့ မဟုတ်ပေမယ့် အလှူရှင်ကနေ ထောက်ပံ့ပေးတဲ့ စားနပ်ရိက္ခာအနည်းငယ်က ဝမ်းရေးအတွက် မငတ်ရုံတမယ်လွယ်ကူတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။
စစ်ဘေးကြောင့် နေရပ်အိုးအိမ် စွန့်ခွာထွက်ပြေးလာခဲ့ရတဲ့ အဖွားဒါးမယ်တော့ စစ်ဘေးရဲ့အကြောက်တရားစိုးမိုးမှုက သူ့ရဲ့စိတ်ထဲမှာစွဲကျန်ခဲ့သလို လက်တလောမှာလည်း ကရင်နီပြည်တွင်းမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာကို ကြားသိရပြီး သူနေတဲ့ ဒုက္ခသည်စခန်းအထိ ရောက်လာမှာကို တွေးပူနေရတုန်းပါပဲ။
” ဒီမှာက သူများတွေ ကျွေးမွေးထားတော့ ပိုကောင်းတာပေါ့။ ဟို့ဖက်မှာနေတာ အရမ်းကြောက်နေရတယ်။ တောထဲမှာဘဲ သွားအိပ်နေရတာ မအိပ်နိုင်တော့ဘူး။ ဗမာစစ်သားတွေကိုကြောက်နေရတယ် ။ သူတို့တွေ့ရင် သူတို့ခေါ်တယ် သတ်တယ်။ ဒီမှာရောက်တော့ အေးချမ်းသွားပြီလို့ပဲ အဲလို ထင်တယ်။ အခုက ရွာမှာအဲလိုပြန်ဖြစ်နေတယ်ပြောတော့ စစ်ဒီထိပြန်ရောက်လာမလားဆိုပြီးတွေးပူနေရတယ်” လို့ အဖွား ဒါးမယ်က ပြောဆိုလိုက်ပါတယ်။