spot_imgspot_imgspot_imgspot_img
Saturday, June 22, 2024
spot_imgspot_imgspot_imgspot_img

မတူကွဲပြားမှုတွေကြားက ရှေ့ဆက်ရမယ့် ကရင်နီစစ်ရှောင်များ

လေးမြာ(ကန္တာရဝတီတိုင်း(မ်))

မြေနီ၊မြေသားလမ်းပေါ်မှာ ဖုန်တွေ အလိမ့်လိမ့်နဲ့…… တခုသော ညနေခင်းမှာ ဒေါ်ငယ်တစ်ယောက် စစ်ရှောင်စခန်းထဲက ဘုရားကျောင်းကနေ လက်ထက်က ပုတီးလေးကိုင်ပြီး ပြန်လာပါတော့တယ်။

သူမက ကက်သလစ်ဘာသာကို ယုံကြည်ကိုးကွယ်သူမို့ ကက်သလစ်ဘာသာဝင်တွေ အတွက် ဘုရားဝတ်ပြုလို့ရအောင် ရည်ရွယ်ဆောက်ထားတဲ့ ဘုရားကျောင်းတဲဆောင်ထဲမှာ ညစဉ်ညတိုင်း သွားရောက် ဝတ်ပြုသူဖြစ်ပါတယ်။

“ဝတ်ပြုဆုတောင်းတဲ့အချိန်မှာခါကျတော့ ဘာကို အဓိကထား ဆုတောင်းလဲဆိုတော့ ရှေ့တန်းမှာသွားတဲ့ ပြည့်သူအတွက်၊ တိုက်ပွဲဝင်တဲ့ ရဲဘော်တွေအတွက်၊ စစ်ရှောင်တွေ စည်းလုံးညီညွတ်မှုအတွက်နဲ့ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့အတွက်ပေါ့နော်။ နောက် ဒီစစ်ရှောင်ရဲ့ စားနပ်ရိက္ခာ ဖူလုံဖို့အတွက် ဘုရားက အလှူရှင်ကို စေလွှတ်လာပေးဖို့ ဆုတောင်းပေးပါတယ်ရှင့်” လို့ ဒေါ်ငယ်က သူမရဲ့ ဝတ်ပြုခြင်းရဲ့ ရည်ရွယ်ချက်ကိုပြောပြပါတယ်။

ဒီလို စစ်ဘေးဒုက္ခတွေကြုံတွေ့နေရတဲ့ အချိန်မှာ ကိုးကွယ်ယုံကြည်မှုတွေ ကွဲပြားနေကြပေမဲ့လည်း စစ်ရှောင်ပြည်သူတစ်ယောက်စီတိုင်းရဲ့ ဆုတောင်းသံဟာ ဒေါ်ငယ်ရဲ့ ဆုတောင်းသံနဲ့ ထပ်တူကျနေပါလိမ့်မယ်။
ဒေါ်ငယ်ဟာ ဒီမော့ဆိုမြို့နယ် ဒေါငံရောက်ရွာမှာနေထိုင်တဲ့ အသက် (၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦးပါ။ သူမတို့ မိသားစုအတွက် လက်ရှိ စစ်ရှောင်တဲ့ နေရာဟာ ဒုတိယ အကြိမ်စစ်ရှောင်တဲ့ နေရာဖြစ်သလို အချိန်ကာလအားဖြင့်လည်း နှစ်နှစ်နီးပါး ရှိနေပါပြီ။

ဒေါ်ငယ်တို့ စစ်ရှောင်တဲ့ နေရာဒေသကတော့ ဒီးမော့ဆို အနောက်ဖက်ခြမ်းက တံခွန်တိုင်(ရိုးရာ) ကိုးကွယ်တဲ့ ကျေးရွာလေး တစ်ရွာပါ။

အဲဒီနေရာကို စစ်ရှောင်လာကြသူတွေဟာ ကျေးရွာထဲမှာ တစ်ချို့ ၊ ရွာဘေး စစ်ရှောင်စခန်းမှာတစ်ချို့ ၊ ကိုယ်စီတဲလေးဆောက်ထားကြပြီး အိမ်ထောင်စု အားဖြင့် ၅၆၂ စု၊ စစ်ရှောင်လူဦးရေ ၂၃၇၀ ဦးရှိပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ အတူယှဉ်တွဲနေထိုင်ကြတဲ့ စစ်ရှောင် စခန်းတခုလည်းဖြစ်ပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေကတော့ ကရင်နီမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့က အိုးအိမ်စွန့်ခွားတိမ်းရှောင်နေကြတဲ့ ဒီးမော့ဆိုမြို့နယ် နေရာအနှံ့က စစ်ရှာင်ပြည်သူတွေပဲ ဖြစ်ကြပါတယ်။

ဗုဒ္ဓဘာသာ၊ ကက်သလစ်ခရစ်ယာန်ဘာသာ၊ နှစ်ခြင်းခရစ်ယာန်ဘာသာနဲ့ တံခွန်တိုင်း (ရိုးရာ) စတဲ့ ဘာသာတွေကို ကိုးကွယ်ကြတာပါ။ စစ်ရှောင်တွေ လွတ်လွတ်လပ်လပ် ဝတ်ပြုနိုင်ဖို့အတွက် သက်ဆိုင်တဲ့ ဘာသာအသီးသီးက ဘုရားဝတ်ပြုတဲဆောင်လေးတွေကို သတ်မှတ်ထားတဲ့ စစ်ရှောင်ရပ်ကွက်တွေမှာ ဆောက်လုပ်ခဲ့ကြပါတယ်။
ဒေသတခုထဲနေထိုင်သူတွေ မဟုတ်တာကတကြောင်း၊ ရိုးရာဓလေ့တွေ၊ ကိုးကွယ်ရာဘာသာတွေ မတူညီတာက တမျိုးကြောင့် အားလုံးလက်ခံ လိုက်နာနိုင်မယ့် ဘုံသဘောတူညီချက်ကို စစ်ရှောင်စခန်း စတင်တည်ထောင်ချိန်ကစ ထုတ်ပြန်ထားတာရှိတယ်လို့ စစ်ရှောင်စခန်း ကော်မတီတာဝန်ခံ ဦးကိုင်စူးက ပြောပါတယ်။
“ဘာသာရေးသော်လည်းကောင်း၊ လူမှုရေးသော်လည်းကောင်း ဒါတော့ တစ်ခုခုလုပ်မယ်ဆိုရင် ကျေးရွာနဲ့ တိုင်ပင်ပြီးတော့မှ လုပ်ဆောင်ပါ ဆိုတဲ့ ဟိုဟာမျိုးတော့ ဒေသခံ တိုင်းရင်းသား တွေပဲခါကျတော့ အဲလောက်ထိ ဇောကတ တက်တာမျိုးတော့ ဟို ငါလုပ်ချင်တာ သူနဲ့မဆိုင်ဘူး ဆိုတဲ့ပုံစံမျိုးတော့ မရှိပါဘူး။ အများ ထိခိုက်တဲ့ဟာမျိုး ဆို မလုပ်ပါနဲ့ ဆိုတဲ့ စည်းကမ်းချက်နဲ့ ကြိုထုတ်ထားတော့ စည်းကမ်းချက်အတိုင်းပဲ လိုက်နာကြပါတယ်။” လို့ သူက ပြောပါတယ်။

ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတစ်ချို့မှာ ဘာသာရေးပြဿနာ၊ လူမျိုးရေးပြဿနာ စတာတွေ မဖြစ်လာစေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စစ်ရှောင်အချင်းချင်း သဘောတူညီမှုရှိတဲ့ စည်းကမ်းချက်တွေကို စစ်ရှောင်စခန်း အသီးသီးထုတ်ပြန်ထားကြပါတယ်။
ကရင်နီပြည်မှ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်တဲ့အခါမှာ တစ်ဦးအပေါ် တစ်ဦး အထူးနားလည်ဖို့လိုအပ်တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
“ဒီမတူကွဲပြာကြားထဲမှာ သင့်မြတ်မှုရှိအောင် ဆိုလို့ရှိရင်တော့ ဒါကတော့ အချင်းချင်းအပြန်အလှန် လေးစားမှုရှိဖို့ လိုတယ်။ ဘာသာရေးဆို ဘာသာရေးအလျှောက်၊ လူမျိုးရေးဆို လူမှုရေးအလျှောက် လူမျိုးရေးကို ထိခိုက်စေတာမျိုတို့၊ ဘာသာရေးကို ထိခိုက်စေတဲ့ အပြောအဆို မျိုးတွေကို မပြောဘဲနဲ့ အားလုံးက အတူတူပဲ လူသားချင်းနဲ့လာတာဆိုတဲ့မျိုးတွေ နေထိုင်ဆင်ခြေရမယ်ဆိုလိုရှိရင်တော့ ဒါကတော့ သဟဇတ ရှိပြီးသားဖြစ်မှာပါနော်။” လို့ သူကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုတွေကြောင့် ကရင်နီပြည်မှာ လူဦးရေ ၂ သိန်းကျော် စစ်ဘေးရှောင်နေရပါတယ်။ လက်ရှိအချိန်မှာ စစ်ရှောင်တွေဟာ စားနပ်ရိက္ခာနဲ့ ရေရှားပါးမှု ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။

“အခက်အခဲရှိတာက စားနပ်ရိက္ခာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးတို့ပေါ့နော်။ နောက် အများရေလှောင်ကန်။ တစ်ချို့ ရပ်ကွက်တွေ ရေပိုက်လိုင်းမရှိတဲ့နေရာခါကျတော့ ဆီဖိုးတို့ဘာတို့လိုအပ်တာပေါ့နော်” လို့ ဒေါ်ငယ်က သူမတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းရဲ့ အဆင်မပြေမှုတွေကို ပြောပါတယ်။

ဒေါ်ငယ်တို့ စစ်ရှောင်စခန်းမှာ ဒေသခံရွာသားတွေနဲ့ စစ်ရှောင်တွေဟာ လူမျိုးမတူ ၊ ဘာသာမတူကြပေမယ့် ရှိအတူ မရှိအတူ မျှဝေစားသောက်နေကြရတာပါ။ ရေရှားပါးတဲ့ အခုလို နွေရာသီမှာ ရရှိတဲ့ရေကို သူသူငါငါ မျှဝေပြီး ဒေသခံနဲ့ စစ်ရှောင်တွေ မခွဲခြားဘဲ အတူတကွ အသုံးပြုနေကြရတယ် လို့ ဆိုပါတယ်။

ဒေါ်ငယ်ကတော့ မတူကွဲပြားတဲ့ အရပ်ဒေသမှာ စစ်ရှောင်ရင်း သူမနဲ့ တခြားစစ်ရှောင်တွေ ၊ ဒေသခံတွေ ကြား တစ်ဦးနဲ့ တစ်ဦးအပေါ် ထားတဲ လေးစားမှုတွေကို အခုလို ပြောပြပါတယ်။

“ဥပမာ ခရစ္စမတ်ပွဲ့တို့ ပညာရေးတစ်ခုခု ပွဲဆိုလိုရှိရင် လူမျိုးမရွေး ဘာသာမရွေးဘဲနဲ့ စုပေါင်းဆုတောင်းတာလဲရှိပါတယ်။ စုပေါင်း ဆုတောင်း ပျော်ပွဲရွှင်ပွဲ လုပ်တာလဲရှိတာပေါ့နော်။ ဒီကက်သလစ်က ကက်သလစ်ဘာသာပဲခေါ်မယ် ဆိုတဲ့ဟာမျိုးတော့ မရှိဘူး။ တံခွန်တိုင် က တံခွန်တိုင် သီးသန့် ဆိုတဲ့ဟာ ခွဲခြားဆက်ဆံတာတော့ မရှိဘူးပေါ့နော်။ လူမျိုးမရွေး ဘာသာမရွေး ဆက်ဆံ ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ စုပေါင်းဆုတောင်း နေထိုင်သွားလာလှုပ်ရှားတာပေါ့နော်။ “ လို့ ဒေါ်ငယ်က ပြောပါတယ်။

လက်ရှိ ကရင်ရင်နီပြည်ရဲ့ စစ်ရေးအခြေအနေအရ ဘယ်အချိန်မှာ အိမ်ပြန်ရမလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးသလို အိမ်ပြန်လို့ ရရင်တောင် ပြန်စရာအိမ် မရှိတော့တဲ့ ကရင်နီပြည်က စစ်ဘေးဒုက္ခသည်တွေဟာ မတူကွဲပြားမှုတွေနဲ့အတူ တစ်ဦးအပေါ်တစ်ဦး ဖေးဖေးမမနဲ့ နေ့ရက်တွေကို ရှေ့ဆက်နေရအုံးမှာပါပဲ……။

spot_img
spot_img