မယ်စဲ့နယ်စပ်ကုန်သွယ်ရေး ထင်သလောက်ခရီးမပေါက်

ထျိုးမြာ

ကယား(ကရင်နီ) ပြည်နယ်မယ်စဲ့မြို့နယ်ဘက်မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်လိုက်တာဟာ ငါးလဝန်းကျင်ရှိပါပြီ။ ဒါပေမဲ့ ကြီးမားတဲ့ကုန်သွယ်မှုတွေ လုံလောက်တဲ့အခြေအနေမရှိသေးတာကို တွေ့ရပါတယ်။

ဒါဟာနှစ်ဘက်နားလည်မှုစာချွန်လွှာထိုးလိုက်ရုံနဲ့တော့ ရှင်းလင်းတိကျတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေရှိမနေသေးဘဲ နားလည်မှုအခြေခံ သို့မဟုတ် မြေစမ်းခရမ်းပျိုးအဆင့်နဲ့ သွားမလားဆိုတာမျိုး စဉ်းစားကြကောင်း စဉ်းစားလိမ့်မယ်။ အဆင်သင့်ဖြစ်မှုအဆင့်ကတော့ ခုနေအခါမှာ မတွေ့ရသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တာဝန်ရှိသူတဦးက သုံးသပ်ပြောပြပါတယ်။

ဥပမာဆိုရင် ကုန်သွယ်မှုလမ်းကြောင်းလွယ်ကူအဆင်ပြေမှု၊ ကုန်ကျမှု၊ နှစ်ဘက်လုပ်ငန်းရှင်များရဲ့ အရေအတွက်နဲ့ ကုန်စည်ပစ္စည်းတောင်းဆိုမှု၊ လိုအပ်မှုပမာဏ၊ အမျိုးအစား၊ ဆိုလိုုတာက ဝယ်လိုအား၊ ရောင်းအားအပြင် ဖြည့်ဆည်းပေးမဲ့ ဈေးကွက်အနေအထား၊ နှစ်ဘက်နဲ့အသားကျမဲ့ ကုန်စည်များရဲ့ နှုန်းထားများနဲ့ အခွန်အကောက်နှုန်းထားတွေနဲ့ အခြားသော လိုအပ်မှုတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ကြီးမားတဲ့ ကုန်သွယ်မှုအဆင့်မဖြစ်နိုင်သေးဘူးလို့ KNPP ဒုတိယ ဥက္ကဋ္ဌ ခူးဦးရယ်က ထင်မြင် ပြောဆိုလိုက်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပြီးတော့ လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ နယ်စပ်ဘက်မှာဆိုရင်လည်း လမ်းတွေ ပြုပြင်ဖို့ရှိနေသေးတာရယ် နယ်စပ်ဘက်ကကြည့်ရင် တရားဝင်မဟုတ်သေးတာရယ်ကြောင့် အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးရှိတယ်လို့ ကယားပြည်နယ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဦးဆော်လမွန်ကပြောပြပါတယ်။

“ကျနော်တို့ သကြားကို ပြည်ပတင်ပို့ချင်တယ်ဆိုပြီးတော့ တင်ပြတာကို နယ်စပ်ပေါက်ကနေ ဝင်လို့မရသေးဘူးဆိုပြီး ပြန်ပြီးတော့ ပြောလာတဲ့ဟာတွေရှိတယ်။ ကျနော်တို့က ကြီးကြီးမားမား လုပ်ချင်တယ်ဆိုရင်တော်မှ အခက်အခဲရှိတယ်” လို့ သူက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးအတွက် နှစ်နို်င်ငံကြား နည်းစနစ်ပိုင်းနဲ့ အခြားအခက်အခဲများ ရှိနေသေးသလို မျက်မှောက်ဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းမှုနဲ့လည်း ပတ်သက်မှုရှိနေတယ်လို့ သုံးသပ်မှုတချို့လည်း ရှိပါတယ်။

NCA ထိုးပြီးရင်တော့ ကျနော်တို့က ပထမပြည်နယ်အစိုးရနဲ့ နှစ်ဘက်သဘောတူခွင့်ပြုမှုအရ ညှိနှိုင်းသွားရဦးမယ့်အခြေအနေပဲ ရှိဦးမယ်၊ ဒါကြောင့် ကြီးမားတဲ့ ကုန်သွယ်မှုအဆင့်မဖြစ်နိုင်သေးဘူးဆိုတာပါပဲ။ ဒီလို လိုအပ်မှုတွေ အဆင်သင့်မဖြစ်တာကြောင့် နှစ်ဘက်ကြား ကုန်သွယ်ရေးကြိုးပမ်းမှုတွေ ခုနေခါထိ မအောင်မြင်သေးတာဘဲ ဖြစ်တယ်လို့ ခူးဦးရယ်က ပြောပါတယ်။

မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်း ပီပီပြင်ပြင်လည်ပတ်နိုင်မယ်ဆိုရင် ဒေသခံတွေရဲ့ထွက်ကုန်တွေကို တဖက်ကိုရောင်းချနိုင်သလို စီးပွားရေးအခွင့်အလမ်းနဲ့ ဒေသဖွံ့ဖြိုးရေးကိုပါ အထောက်အကူဖြစ်နို်င်ပါတယ်။ ဒီအတွက် ဒေသအစိုးရနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း အားပေးထောက်ခံကြဖို့ လိုအပ်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ပြောရမယ်ဆိုရင် လူထုတွေ လွတ်လပ်စွာ ကုန်စည်ရောင်းဝယ်နိုင်တဲ့ အခွင့်အလမ်းတွေရရှိဖို့ ဈေးကွက်တွေ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ တခြားဆက်သွယ်ရေးတွေ လွယ်ကူအောင် ဒေသနဲ့လိုက်လျောညီထွေဖြစ်မဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဈေးကွက်တွေ ဖန်တီးပေးဖို့ လိုပါတယ်လို့ ခူးဦးရယ်က ပြောပါတယ်။

နယ်စပ်ကုန်သည်ရေးစခန်း ဖွင့်လိုက်တဲ့အပေါ်မှာ မျှော်လင့်ချက်တွေအများကြီးရှိပေမဲ့ ယခုအချိန်ထိတော့ ဆက်စပ်ပြီးဆောင်ရွက်တာဘာမှမရှိသေးပဲ အချိန်ယူနေစဲဖြစ်တယ်လို့ ကယားပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်မြင့်က ပြောပါတယ်။

“မျှော်လင့်တာပေါ့ သူတို့နဲ့ပေါင်းပြီးတော့မှ နှစ်နိုင်ငံအရောင်းအဝယ်ဌာနတွေ အများကြီးတိုးတက်လာအောင်တော့ မျှော်လင့်တယ်။ ဒါပေမဲ့ အခုကတော့အစဆိုတော့ နည်းနည်းဖြေးဖြေးပဲရှိသေးတယ်လေ။ အောင်မြင်ဖို့တော့ ကြိုးစားရဦးမှာပါ ”လို့ သူကပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရအသစ်လက်ထက်မှာဆိုရင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်နိုင်ခဲ့တယ်။ ပြီးတော့ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့တို့ကို ညီအမမြို့တော်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီသာ ဆောင်ရွက်နေကြပြီး လွတ်လွတ်လပ်လပ် သွားလာလို့မရသေးဘူး။ နောက်ပိုင်းကျရင်တော့ အားကစားကဏ္ဍဖြစ်စေ၊ စီးပွားကဏ္ဍဖြစ်စေ၊ ကူးသန်းရောင်းဝယ်ရေးကဏ္ဍဖြစ်စေ၊ ပညာရေးကဏ္ဍဖြစ်စေ၊ မြို့တော်နှစ်ဘက်ကြားထိုးထားတဲ့ နားလည်မှုစာချွန် အရဆိုရင် အများကြီး ပူးပေါင်းလုပ်ဆောင်လို့ ရသွားပြီလို့ ဦးဆော်လမွန်ကတော့ ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပြီး ကယားပြည်နယ်ကို လောလောဆယ်ဝင်လာတဲ့ ကုန်သွယ်တွေမှာဆိုရင် စားကုန်သောက်ကုန်တွေ၊ ရာသီဥတုပူလာတာနဲ့အမျှှ အချိုရည်တွေခပ်များများဝင်လာတာရှိပေမဲ့ အကြီးစားကုန်သွယ်မှုတွှေကတော့ ဝင်လာတာမရှိသေးဘူးလို့ သိရပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ မူဝါဒအပိုင်းတွေနဲ့လည်း ဆိုင်တယ်လို့ နယ်စပ်ကုန်သွယ်ရေးဥက္ကဋ္ဌလည်းဖြစ်သူက ပြောပါတယ်။

လက်ရှိအခြေအနေအထိ တရားဝင်နယ်စပ်ကူးသန်းရောင်းဝယ်မှုတွေ မရှိသေးလို့ ဘယ်လိုကုန်သည်ကြီးတွေက ကယားပြည်နယ်ကို စိတ်ဝင်စားတယ်ဆိုတာ တိတိကျကျမပြောနိုင်ပါဘူး။ သွင်းကုန်ထုတ်ကုန်အရ ကြည့်မယ်ဆိုရင် ပြည်နယ်ဘက်က ထွက်ကုန်တွေထက် ထိုင်းဘက်က သွင်းတဲ့ ကုန်ပစ္စည်းပမာဏက များနေပါတယ်။

Comments

comments

Next Post

စားသုံးသူအခွင့်အရေး ပြည်သူများကိုချပြရန် ဝန်ထမ်းအင်အားမရှိ

Mon Apr 3 , 2017
ထျိုးမြာ ပြည်သူလူထုများအနေနှင့် စားသုံးသူဆိုင်ရာ အခွင့်အရေးကို မသိခြင်းသည် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများ၏ အားနည်းမှုကြောင့်ဟု ကယားပြည်နယ် စာသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်း က ပြောသည်။ ပြည်သူများအနေနှင့် ၎င်းတို့၏စားသုံးသူဆိုင်ရာ အခွင့်အရေးများကို မသိသောကြောင့် ပြည်နယ်တွင် ဖွဲ့စည်းထားသော စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံ တိုင်းကြားမှုအားနည်းနေသည်ကို တွေ့ရသောကြောင့် ၎င်းတို့အနေနှင့် များစွာလုပ်ရှားရန်လိုအပ်နေသည်ကို တွေ့ရသည်ဟုသူကပြောပါသည်။ “နယ်ခြားတိုင်းမှာဆိုရင် စားသုံးသူအငြင်းပွားဖြေရှင်းရေးအဖွဲ့က မိနစ်ထက် စက္ကန့်ပိုင်းလေးတောင်မှ တိုင်စာတွေ တစ်စောင်ပြီးတစ်စောင် တက်လာတာတွေ့ရပါတယ် ” ဟု ပြောပါသည်။ မတ်လ (၁၅) ရက်နေ့၌ ကယားပြည်နယ်လွိုင်ကော်မြို့ ၊ နောင်ယား(ခ) ရပ်ကွက် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ပြုလုပ်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခန်းအနားတွင် ပြောသွားခြင်းဖြစ်သည်။ စားသုံးသူပြည်သူများအခွင့်အရေး […]