spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ စာသင်ဆောင်နှင့်ကျောင်းသုံးပစ္စည်း မလုံလောက်တာကြောင့် စာသင်ကြားတဲ့အတန်းကို အကန့်အသတ်ဖြင့် ဖွင့်လှစ်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ စာသင်ဆောင်နဲ့ ကျောင်းသုံးပစ္စည်းတွေ မလုံလောက်တာကြောင့် စာသင်တဲ့အတန်းတွေကို အကန့်အသတ်နဲ့သာ ဖွင့်လှစ်သင်ကြားနေကြရပါတယ်။

လူဦးရေ တထောင်ကျော်ရှိပြီး ထက်ဝက်လောက်က ကျောင်းနေအရွယ် ကလေးငယ်တွေဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်း အမှတ် ၈ မှာဆိုရင် စာသင်ကြားဖို့အတွက် စာသင်ဆောင်၊ ဆရာ၊ ဆရာမဦးရေနဲ့ ကျောင်းသုံးပစ္စည်းတွေ မလုံလောက်တာကြောင့် စာသင်တန်းကို Grade 7 ( ၇ တန်း) အထိသာ ဖွင့်လှစ်သင်ကြားပေးနိုင်တယ်လို့ စစ်ဘေးရှောင်စခန်းရဲ့ ကျောင်းကော်မတီတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ ကျောင်းဖွင့်တာကတော့ အစတုန်းကတော့ ကျနော်တို့ ၈ တန်း ၉ တန်းထိပေါ့နော်။ ဆိုတော့ Grade-9 ကျနော်တို့ အဲ့အထိစဉ်းစားတယ်။ ဒါပေမဲ့ ဒီစာရေးကိရိယာတွေပေါ့နော်၊ ဖတ်စာအုပ်တွေရယ်၊ ကျောင်းသုံးတဲ့ ဒီကိရိယာအားလုံးက မပြည့်စုံလို့ ကျနော်တို့ Grade-7 ဘဲပေါ့နော် ၇ တန်းထိဘဲ ကျနော်တို့ ဖွင့်လှစ်နိုင်တယ်ပေါ့။ “ လို့ အဆိုပါ ကျောင်းကော်မတီတာဝန်ခံတဦးက ပြောပါတယ်။

အဆိုပါ အမှတ် ၈ စစ်ဘေးရှောင်စခန်းမှာ ကျောင်းသားဦးရေ ၂၅၀ ဝန်းကျင်ရှိနေပြီး၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၆ ဦးက သင်ကြားပေးနေတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်းအတွင်းမှာ ၈ တန်းနဲ့အထက် ကျောင်းနေအရွယ်တွေ ရှိနေပေမဲ့ သင်ကြားဖွင့်လှစ်ပေးနိုင်ဖို့ ခက်ခဲတာကြောင့် သူတို့ဟာ စာမသင်ရဘဲ နေအိမ်မှာသာ နေနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ၇ တန်းအထိ ဖွင့်လှစ်သင်ကြားပေးနေပေမဲ့ ဖတ်စာအုပ်မရှိတာကြောင့် သင်ခန်းစာတွေသင်ကြားမှုမှာ နောင့်နှေးမှုတွေ ဖြစ်နေတယ်လို့ စာသင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာမတဦးက ပြောပါတယ်။

“စာအုပ်တွေမစုံဘူးပေါ့နော။ ကလေးတွေ စာအုပ်မစုံတော့ ကလေးတွေကများတော့ Whiteboard (သင်ပုန်းဖြူ) မှာဘဲရေးလို့ရှိရင် ကိုယ်ရေးတဲ့အချိန်က တအားအချိန်ကြာတယ်။ အချိန်နောင့်နှေးတာပေါ့နော။ အရှေ့သွားရမဲ့ သင်ခန်းစာက အနောက်ဟာဖြစ်နေတယ်။ အဲ့ကြောင့်မို့လို့ ဖတ်စာအုပ်လည်း လိုအပ်တယ်ပေါ့နော့။” လို့ စစ်ဘေးရှောင်စခန်း အမှတ် ၈ မှာ စာသင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာမတဦးက ပြောပါတယ်။

ထို့အတူဘဲ ဖားဆောင်းမြို့နယ်နဲ့ ဘောလခဲမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေကြတဲ့ မယ်စဲ့မြို့နယ်အတွင်းက ကျေးရွာတရွာမှာဆိုရင်လည်း ကျောင်းသူ၊ ကျောင်းသားတွေထဲက Grade 9(ကိုးတန်း) အထိ ရှိနေပေမဲ့ သင်ကြားပေးနိုင်တဲ့ ဆရာ၊ ဆရာမဦးရေ၊ စာသင်ဆောင်နဲ့ ကျောင်းသုံးပစ္စည်းတွေရဲ့ အခက်အခဲကြောင့် လတ်တလောမှာတော့ Grade 4
(လေးတန်း) အထိသာ ဖွင့်လှစ်သင်ကြားပေးနိုင်တယ်လို့ သိရပါတယ်။

“Grade 4 အထိဘဲ ဖွင့်မယ်လို့ ရည်ရွယ်ထားပေမဲ့ Grade 8 အထိ ကလေးတွေ ရှိတယ်။ Grade 9 ကလေးတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျမတို့ ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲကြောင့်မို့လို့ပေါ့နော။ အဆင်မပြေသေးဘူး လောလောဆယ်။ စဉ်းစားရဦးမှာပေါ့။” လို့ အဆိုပါ ကျေးရွာမှာ စာသင်ကြားပေးနေတဲ့ CDM ကျောင်းဆရာမတဦးက ပြောပါတယ်။

ကရင်နီပြည်မှာ ကိုယ်ထူကိုယ်ထကျောင်းတွေအပါအဝင် ကျောင်းပေါင်း လေးရာရှိပြီး စေတနာ့ဝန်ထမ်းတွေအပါအဝင် ကျောင်းဆရာ၊ ဆရာမပေါင်း သုံးထောင်ငါးရာနဲ့ ကျောင်းသားဦးရေ လေးသောင်းအထိ ရှိနေတယ်လို့ ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စက်တင်ဘာလ စာရင်းအရ သိရှိရပါတယ်။

spot_img
spot_img

Recent posts