“မိုးကုန်ရင် ရေရှားတဲ့ဒုက္ခကို ဘယ်လိုကျော်ဖြတ်ကြမလဲ”

မော်ဦးမြာ

ကယား(ကရင်နီ) ပြည်နယ်အတွင်း ရေရှားပါးတဲ့ ပြသနာကို ကြုံတွေ့နေရတဲ့ ဒေသတွေထဲက ဒီးမောဆိုမြို့နယ် အရှေ့ဖက်ခြမ်းကလည်း တစ်ခုအပါအဝင်ပါ။ တစ်နှစ်ထက်တစ်နှစ် ရေပိုမိုရှားပါးလာတဲ့ ပြဿနာက ကြာလေပိုဆိုးလေပါပဲ။ ဒေါဖုကျေးရွာအုပ်စုနဲ့ ဒေါတမကြီး ကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတွေဟာ နှစ်စဉ်ရေရှားပါးပြဿနာနဲ့ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဒီးမောဆိုမြို့နယ် ဒေါပဲ့ဒူကျေးရွာမှာ ရေရှားပါးမှုကြောင့် ကျောင်းသူ၊ကျောင်းသားများကို တစ်ပတ်တစ်ကြိမ် ရေချိုးသန့်စင်နိုင်ဖို့အတွက် စာသင်ချိန်ကို ဖဲ့ပေးနေရတယ်လို့ ဒေါပဲ့ဒူကျေးရွာမှာ တာဝန်ကျတဲ့ ဆရာမ ဒေါ်အိအိခိုင်က ပြောပါတယ်။

“အရင်တုန်းကတော့ ဆရာ၊မ မလုံလောက်လို့ လိုက်မပြောပေးနိုင်ဘူးပေါ့။ အခုတော့ အတတ်နိုင်ဆုံးတော့ ကျမတို့အနေနဲ့လည်း မရှိတဲ့ကြားထဲကနေ သူတို့ တစ်ကိုယ်ရေ သန့်ရှင်းရေးပုံမှန် လုပ်အောင်လို့ ဆိုပြီးတော့ အမြဲတမ်းတော့ ဆုံးမစကားတော့ ပြောပေးပါတယ်။” လို့ သူမက ကျောင်းသူ၊ကျောင်းသားတွေကို တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဆောင်ရွက်ပေးတာတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

နာရီဝက်အကြာဆိုင်ကယ်ဖြင့် ဖဲလျားကျေးရွာသို့ ရေသွားခပ်မည့် ဒေါပဲ့ဒူကျေးရွာမှ ဒေသခံတစ်ဦး (ဓါတ်ပုံ – မော်ဦးမြာ)

ကျောင်းတက်ချိန် တစ်ပတ်အတွင်းတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေ့ခင်း နှစ်နာရီအချိန်တွင် ကျောင်းဆင်းပေးပြီး ရေချိုး၊သန့်စင်နိုင်ရန်အတွက် အချိန်ပေးနေရတယ်လို့ ဆရာ၊ဆရာမတွေက ပြောပါတယ်။ ကျောင်းသားလေးတွေရဲ့ နေအိမ်နဲ့ ရေချိုးလို့ ရနိုင်တဲ့ ရေကန်ကတော့ ၄၅ မိနစ်လောက် ခြေကျင် လျှောက်နေရတယ်လို့ ပြောပါတယ်။

ဒေါဖုကျေးရွာအုပ်စုအတွင်းမှာ ရေရှားပါးလို့ တကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အတွက် ကလေးတွေမှာ အရေပြားရောဂါတွေ၊ ဝမ်းပျက်ဝမ်းလျောတာတွေ ဖြစ်လေ့ရှိတယ်လို့ ဒေါဖုကျေးရွာအုပ်စု ဒေါပဲ့ဒူရွာမှာ ရှိတဲ့ ကရင်နီနယ်လှည့် ကျန်းမာရေးကော်တီမှ တာဝန်ကျ ဆရာမ မော်ဆူမြာက ရေရှားပါးမှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို ရှင်းပြပါတယ်။

“ အများအားဖြင့် ယားနာတွေ ထွက်ကြတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိလို့လေ။ အဲ့လိုတွေ ဖြစ်ကြတယ်။ အရင်တုန်းကဆိုရင် အထက်လှန် အောက်လျောတွေအထိ ဖြစ်ကြတယ်။ ” လို့ ဆရာမ မော်ဆူမြာက ပြောပါတယ်။

ကယားပြည်နယ်မှာတော့ ကျေးလက်ဒေသအများစုမှာ ဆောင်းရာသီနဲ့နွေရာသီ ကာလမှာ ရေရှားပါးတဲ့ ပြသနာကို နှစ်စဉ်ကြုံတွေ့နေရတာပါ။ မိုးရာသီမှာ မိုးရေခံပြီး အသုံးပြုကြပေမဲ့ ရေလှောင်ကန် မရှိတဲ့ ကျေးရွာတွေမှာတော့ မိုးရာသီအကုန်မှာ သုံးစရာရေတွေ နည်းလာတာကြောင့် တချို့သော ကျေးရွာတွေက နွေရာသီမရောက်ခင်အချိန်ကတည်းက ရေရှားပါးမှုပြသနာနဲ့ ရင်ဆိုင်နေကြရပါတယ်။

“ ကျတော်တို့က သုံးလေးရက်မှာ တစ်ခါပဲ ရေချိုးကြပါတယ်။ အိမ်မှာလည်း ရေမရှိတော့ ရေကန်ကို သွားနိုင်တဲ့အချိန်မှာပဲ ရေချိုးတာပါ။” လို့ ဒေါပဲ့ဒူကျေးရွာမှ ဒုတိယတန်းကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်ခါးရယ်က ပါးပြင်ထက်မှာ သနပ်ခါးထူထူ လိမ်းထားပြီး သူရေမချိုးရတဲ့အကြောင်းကို မဝံ့မရဲ ပြောပြနေရှာပါတယ်။

ရေရှားတဲ့ ကျေးရွာတွေမှာ NGOs အဖွဲ့အစည်းတွေကနေ ရေသွယ်တန်းပေးတာတွေရှိပေမဲ့ အဆင်မပြေတဲ့အတွက် ဒေသခံတွေက သက်ဆိုင်ရာအစိုးရက ရေလုံလောက်မှုရရှိရေးကို ဆောင်ရွက်ပေးဖို့ ဆန္ဒရှိနေကြတယ်။ ကယားပြည်နယ်မှာတော့ ရေရှားပါးမှုပြသနာကို လွိုင်ကော်မြို့နယ်၊ ဒီးမောဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်က အများဆုံး ရင်ဆိုင်နေရပါတယ်။

“ ကျောင်းရံပုံငွေနဲ့ ရေစည်ဆောက်ပေမဲ့လည်း မိုးမရွာရင် ရေမရှိဘူးလေ ရေစည်ရှိရင်လည်း အလကားပဲပေ့ါ။ အဲ့ဒါကြောင့် ရေတွေဘာတွေ လာလှူစေချင်တာပေါ့။ ဒီလို ရေရှားပါးတဲ့နေရာမျိုးကိုပေါ့ အခက်အခဲရှိတယ်။ ဖုန်းလိုင်းလည်း မမိဘူးဆိုတော့ ပိုဆိုးတာပေါ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့လည်း မရဘူး။ ကျမတို့ဆိုရင် ပြန်သွားမှပဲ ဖုန်းလိုင်းမိတဲ့အချိန်မှာပဲ ရေလှူဖို့အတွက် အကူအညီတွေ ရှာရတာပေါ့။” လို့ ဆရာမ ဒေါ်အိအိခိုင်က လက်ရှိမှာ သူမ ရင်ဆိုင်နေရတာတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ဒေါပဲ့ဒူကျေးရွာကတော့ လက်ရှိမှာ စားသောက်ဖို့အတွက် မိုးရေသိုလှောင်ထားတဲ့ ရေလှောင်ကန်မှ ရေကုန်နေပြီဖြစ်တဲ့အတွက် ရွာနဲ့ အနီးဆုံးဖြစ်တဲ့ ဒေါဖုကျေးရွာမှာ စားသောက်ဖို့ရေကို သွားရောက်သယ်ယူရတယ်လို့ ဆိုပါတယ်။ ထော်လာဂျီ၊ဆိုင်ကယ် ရှိတဲ့သူတွေကသာ သွားနိုင်တာဖြစ်ပြီး မရှိတဲ့သူတွေကတော့ ချေးငှါးပြီး သွားရောက်သယ်ယူနေရတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်စေမယ်က ပြောပါတယ်။

ဒေါဖုကျေးရွာနဲ့ ဒေါပဲ့ဒူကျေးရွာကတော့ မိနစ် ၃၀ လောက်သာ ခြေကျင်လျှောက်ရတယ်ဆိုပေမဲ့ ၎င်းတို့ ရေသိုလှောင်ထားတဲ့ ရေကန်ကနေ တစ်နာရီနီးပါး ခြေကျင်လျှောက်သွားရတာပါ။ ဒေါပဲ့ဒူကျေးရွာအပါအဝင် ဒေါဖုကျေးရွာသည်လည်း နှစ်စဉ် ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ဒီတစ်နှစ်မှာတော့ ဒေါဖုကျေးရွာမှာ ရေသိုလှောင်ကန်ကို ပြုပြင်ထားတဲ့အတွက် ယခုအချိန်ထိ အသုံးပြုနေရဆဲဖြစ်ပေမဲ့ ရွာသုံးရွာ စုပေါင်းပြီး စားသောက်နေရတဲ့အတွက် ရေအနည်းငယ်သာ ကျန်ရှိပြီး စားသောက်ဖို့ မလုံလောက်မှာကို စိုးရိမ်နေကြပါတယ်။

“ ကျတော် ဒေါဖုကျေးရွာမှာ ရေသွားခပ်မလို့ပါ။ ကျတော့်အိမ်မှာဆိုရင် တစ်ရက် ဒီလိုပုံး(ငါးဂါလံပုံး) နဲ့ လေးငါးပုံးလောက်ကုန်တယ်။” လို့ ဒေါပဲ့ဒူကျေးရွာမှ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့ ဦးလူရယ်က ရေရှားလို့ ရေမဆင်းနိုင်တဲ့ မြေမှုန့်တွေ ပေကပ်နေတဲ့ ဆိုင်ကယ်ပေါ်ကို ငါးဂါလံ ရေပုံးနှစ်ပုံးတင်ပြီး ပြောပါတယ်။

အခုလို မိုးကုန်ပြီဆိုတာနဲ့ စားသောက်ဖို့အတွက် ကျေးရွာနဲ့ တစ်နာရီခွဲလောက်ရှိတဲ့ ဒေါဆိုခူတောင်ပေါ်ကို သွားခပ်ရတယ်ပြောပါတယ်။ အဲဒီမှာ ရေစုပ်တင်ဖို့ကလည်း ဒီဇယ်တွေဝယ်ပြီးထည့်ရတဲ့စနစ်ဖြစ်တဲ့အတွက် လည်း သွားခပ်မယ်ဆို အိမ်ထောင်စုအလိုက်ငွေစုပြီးတော့ ဒီဇယ်ဝယ်ထည့်ရပါတယ်။

တချို့ကတော့ ဆိုင်ကယ်တွေ ၊ ကားတွေ ၊ ထော်လာဂျီ၊တွေနဲ့ နာရီဝက်လောက်မောင်းရတဲ့ ဖဲလျားကျေးရွာအထိ သွားခပ်ကြရတယ်လို့သိရပါတယ်။ တချို့က သောက်ရေအတွက် ဝယ်သုံးရပါတယ်။

ဒေါပဲ့ဒူကျေးရွာက ဒေသခံတွေကတော့ ပြောင်း၊နှမ်း၊မြေပဲ စတဲ့ သီးနှံတွေကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး အသက်ဝမ်းကြောင်းပြုနေကြပါတယ်။ ဝင်ငွေရရှိဖို့အတွက်ကိုတော့ သီးနှံပေါ်ချိန်တွေမှသာ သီးနှံတွေ ရောင်းထုတ်ပြီး ဝင်ငွေရရှိကြတာ ဖြစ်ပါတယ်။ အခုလိုရေရှားပါးတဲ့အချိန် သီးနှံပေါ်ချိန်မဟုတ်သလို ဝင်ငွေရရှိဖို့ နည်းပါးတဲ့အပြင် မရှိမဖြစ် လိုအပ်တဲ့ ရေပါ ရှားပါးနေတဲ့အတွက် ရေကို လှူဒါန်းနိုင်မဲ့ အလှူရှင်တွေအပြင် သက်ဆိုင်ရာ အစိုးရတွေကနေ ကူညီဖြေရှင်းပေးဖို့ကိုလည်း ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

Comments

comments

Next Post

ပရဲ့ကယောဒေသ ဘာလို့ တိုးတက်မှု နှောက်နှေးနေရတာလဲ

Tue Nov 5 , 2019
ကယားထဲ ရေးသားသည်။ အနောက်အရပ်မှာက သစ်တောတွေ အရှေ့ဘက်နဲ့ တောင်ဘက်တွေမှာကတော့ ချောင်းတွေဝန်းရံစီးဆင်နေတယ်။ ရွာရဲ့ ပတ်ပတ်လည်လည်မှာ ဖာလံခြံတွေ၊ တောင်ယာတွေ ၊ရေထွက်ပေါက်တွေ၊ သဲကျောက်တောင်တွေနဲ့ သဘာဝအရင်းအမြစ်တွေက ဘေးပတ်ပတ်လည်လည်မှာ အပြည့်ရှိနေတဲ့ ဖားဖိုရွာဟာဆိုရင် ဖရူဆိုမြို့နယ်ရဲ့ အနောက်တောင် ဘက်ခြမ်းမှာတည်ရှိပါတယ်။ ဘေးပတ်ပတ်လည်လည်မှာ သဘာဝအဖိုးတန်သယံဇာတတွေရှိနေပေမယ့်လို့ ကျေးရွာရဲ့ အခြေခံအဆောက်အဦးတွေ၊ လူနေမှု အဆင့်တွေက ဖွံ့ဖြိုးတိုးတက်ဖို့လိုနေပါသေးတယ်။ သစ်တောတွေကြားထဲမှာနေနေကြပေမယ့်လို့လည်း အိမ်တွေကတော့ ဝါးထံရီအိမ်တွေပဲ ဖြစ်ပါတယ်။ ရေချောင်းတွေမြစ်ချောင်းတွေ ရေထွက်ပေါက်တွေရှိနေပေမယ့်လို့ ရွာနဲ့ဝေးတဲ့အတွက် ရေကို အဝေးကနေ ခက်ခက်ခဲခဲသွယ်ယူထားရတာဖြစ်ပါတယ်။ နွေရာသီဆိုရင်တော့ ရေရှားပါးတဲ့ဒဏ်ခံနေရပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် အဲဒီရွာကိုရောက်ဖို့ဆိုရင် ပွင့်လင်းရာသီချိန်မှာတော့ ဆိုင်ကယ်နဲ့သွားလို့ရပေမယ့် မိုးရာသီမှာတော့ ခြေလျှင်ခရီးနဲ့ပဲသွားနိုင်ပါတယ်။ ဖားဖိုရွာဟာ သိုသီးဖိုကျေးရွာအုပ်စုထဲမှာပါရှိပြီးတော့ အိမ်ထောင်စု ၄၅ စု၊ […]