ကန္တာရဝတီတိုင်း(မ်)
မိုးဗြဲမြို့ပေါ်မှာ တောမီးကူးစက်ရာကနေ ဘုရားကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ ယမန်နေ့ မတ်လ ၁၀ ရက်နေ့မှာ အမှတ် (၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က အသိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်မှာ တောမီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်တာကို မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ကနေ မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမဲ့ လေပြင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်းပါ မီးလောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ စက်တော်ရာ၊ ဒုန်းဒူထန်၊ စည်ကား ၃၊ စည်ကား ၁၊ ပွဲကုန်း ၃ ရပ်ကွက်က နေအိမ်တွေ မီးလောင်ခဲ့တာဖြစ်ပြီး ထပ်မံ တောမီးကူးစက်မှုမှ ကာကွယ်ရန် မိုးဗြဲကယ်ဆယ်ရေးအသင်းကနေပြီး မီးငြိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မိုးဗြဲမြို့ပေါ်မှာ ပြည်သူတွေ ပြန်လည်နေထိုင်ခြင်းမရှိသေးပေမဲ့ နွေရာသီကာရောက်ရှိလာပြီဖြစ်တာကြောင့် စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေဟာ မိမိတို့နေအိမ် တောမီးကူးစက်မှုမှ ကာကွယ်ဖို့ နေရပ်ပြန် သန့်ရှင်းရေးပြန်လုပ်ကြတာရှိတယ်လို့ သိရပါတယ်။
“ ဒီလို နွေရာသီ တောမီးလောင်မှာကို စိုးရိမ်တဲ့အတွက် နေရပ်ပြန်ပြီး သန့်ရှင်းရေးပြန်လုပ်ကြတာ ရှိတယ်။ မိုင်းအန္တရာယ်ရှိပေမဲ့လည်း အရဲစွန့်ပြီး ပြန်ကြတာရှိတာပေါ့။ လူတိုင်းကတော့ သန့်ရှင်းရေးတွေ ခြံရှင်းတာတွေ ပြန်မလုပ်နိုင်ကြဘူးပေါ့လေ စစ်ရှောင်ရတာတစ်ဖက်နဲ့ဆိုတော့။ ဒါပေမဲ့ ဒီလို တောမီးလောင်တာကြောင့်လည်း ပျက်စီးမှုတွေ များသွားတာပေါ့။”လို့ မိုးဗြဲ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာလည်း ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ တောမီးလောင်ကျွမ်းပြီး ကျေးရွာအတွင်း ကူးစက်မှုကြောင့် နေအိမ် ၂၉လုံး မီးလောင်ပြာကျခဲ့ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ တောမီးလောင်ကျွမ်းပြီး နေအိမ်မီးလောင် ကူးစက်မှု ရှိနေတာကြောင့် မိမိကျေးရွာက နေအိမ်တွေ တောမီးကူးစက်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။