spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမှာ နှစ်လအတွင်း လက်နက်ကြီးအပါအဝင် မိုင်းနှင်းမိပြီး ထိခိုက်သေဆုံးတဲ့ ပြည်သူ ၁၁ ဦးရှိ

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်းမှာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလအတွင်း လက်နက်ကြီးအပါအဝင် မြေမြှုပ်မိုင်းနှင်းမိပြီး ထိခိုက်သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၁၁ ဦးရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရှိရပါတယ်။

တစ်လေးလုံး စစ်ဆင်ရေးစတင်လိုက်တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ဒီဇင်ဘာလကုန်အထိ ထိခိုက်သေဆုံးသွားတဲ့ ပြည်သူ ၅ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦး ရှိတယ်လို့ မိုးဗြဲ PDF မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“တစ်လေးလုံး စစ်ဆင်ရေး စတင်ပြီး အခုဒီလကုန်(ဒီဇင်ဘာ)အထိဆိုရင် ပြည်သူ ၅ယောက် သေဆုံးခဲ့ရပြီး ၁၀ ယောက်တော့ ဒဏ်ရာရထားပါတယ်” လို့ဆိုပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေးအတောအတွင်းနဲ့ စစ်ဆင်ရေးမတိုင်ခင် စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူလည်း ရှိနေတာပါ။ ထိခိုက်ဒဏ်ရာရရှိသူ စာရင်းကို ပြုစုထားတာရှိပေမဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာလည်းရှိနိုင်တာကြောင့် စာရင်းက ပိုများနိုင်တယ်လို့ ဆိုပါတယ်။

တစ်လေးလုံးစစ်ဆင်ရေး နောက်ပိုင်း သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူစာရင်းကို မပြုစုနိုင်တော့ဘဲ နိုဝင်ဘာလ ၁၁ ရက်နေ့ မတိုင်ခင်အထိသာ စာရင်းပြုစုထားနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့သူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လတ်တလောတော့ ကျနော်တို့ ပြုစုထားတာတော့ရှိတယ်။ အကုန်တော့မရလိုက်ဘူးပေါ့နော်။ ကျနော်တို့ဘာလို့ဆို ၁၁.၁၁ စတင်ကတည်းက ကျနော်တို့ မြို့ထဲမှာ ဝင်လို့မရဘူးအဲ့မှာ အမြဲတမ်း တိုက်ပွဲဖြစ်တာပေါ့နော်။ တိုက်ပွဲဖြစ်တဲ့အခါကြတော့ ပိတ်မိတဲ့သူလည်း တစ်ချို့ရှိတယ်။ ကျနော်ပြုစုထားတဲ့စာရင်းက အဲ့တုန်းက ၆ ဦးပဲ ရှိတယ်” လို့ သူက ဆိုပါတယ်။

အဆိုပါ ထိခိုက်သေဆုံးသူ ၆ ဦးဟာ စစ်ဆင်ရေး မစတင်ခင် နိုဝင်ဘာလအတွင်းက စာရင်းဖြစ်ပြီး နေ့စဥ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေတာကြောင့် စာရင်းဆက်လက် မပြုစုနိုင်ခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

မိုးဗြဲမြို့အတွင်းမှာ ယခင် စစ်ကောင်စီတပ်စွဲနေရာယူထားတဲ့ နေအိမ်၊ ရပ်ကွက်တွေမှာ နေထိုင်တပ်စွဲစဉ်က မြေမြှုပ်မိုင်း အများအပြားထောင်ထားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နယ်မြေရှင်းလင်းရေးနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေး ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မိုးဗြဲ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ပွဲကုန်း (၁)၊ (၂)၊ (၃)၊ စည်းကားရပ်ကွက်၊ ဒုန်းဒူထန် ရပ်ကွက်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မိမိနေအိမ်ကို ပြန်လာနေထိုင်ခြင်း မပြုလုပ်ကြဖို့ မိုးဗြဲ PDF က အသိပေးထားတာရှိပါတယ်။

spot_img
spot_img