ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက ထပ်မံ လေကြောင်းဗုံးကြဲခဲ့ပြီး အရပ်သားနှစ်ဦး ထိမှန်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC) ၊ အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ဒီကနေ့ မေလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်မှာ မော်ချီးဒေသရဲ့ နေရာ သုံးခု ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။
“ သုံးနေရာလောက် လာကြဲသွားတယ် အသေအပျောက်ရှိတယ်ကတော့ အကြမ်းဖျင်းပြောလို့ရတယ်။ အနည်းဆုံး ပြည်သူနှစ်ဦး သေဆုံးတယ်ဆိုတာတော့ ပြောလို့ရတယ် ထိခိုက်ဒဏ်ရာရမှုလည်း ရှိပါတယ်။”လို့ ဦးဗညားက ပြောပါတယ်။
ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရှိရပါတယ်။ တခြားသေဆုံးထိခိုက်မှု အခြေအနေ နဲ့ လူဦးရေစာရင်းကိုတော့ ကန္တာရဝတီတိုင်း (မ်) အနေနဲ့ မေးမြန်းနေဆဲဖြစ်ပါတယ်။
” လေယာဉ်လာကြဲသွားတာ လာတာအသံက မကြားလိုက်ဘူး ကြဲတာ အသံ ကအကျယ်ကြီးပဲ ပြန်တက်မှ လေယာဉ်အသံကြားတော့ ကြဲတဲ့နေရာလှမ်းမြင်တယ်။ လေယာဉ်လာကြဲတော့ အသံက ကျယ်ကြီးဘဲ။ အဲ့တော့ လန့်တာပေါ့ ကြောက်လည်း ကြောက်တယ်” လို့ လေကြောင်းဗုံးကြဲမှုကို ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
စစ်ကောင်စီက မော်ချီးဒေသကို ယခုတစ်ကြိမ် အပါအဝင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ၄ကြိမ်ခန့် ရှိနေပြီဖြစ်ပါတယ်။ ၂၀၂၅ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာ တစ်ကြိမ်၊ ဧပြီ ၂၄ ရက်နေ့နဲ့ ၂၆ ရက်နေ့မှာ တစ်ကြိမ်၊ မေလ ၁၀ ရက်နေ့မှာ တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်း အရပ်သား ၉ ဦးထက် မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
မော်ချီးဒေသကို စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုရှိနေတာကြောင့် လုံခြုံရေးအရ Star Link အင်တာနက်ပိတ်ထားဖို့ နဲ့ လူစုလူဝေး၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတွေကို ခွင့်မပြုကြောင်း၊ ကျေးရွာနဲ့ ရပ်ကွက်တွေအတွင်းကို ည ၈ နာရီ နောက်ပိုင်း အကြောင်းမဲ့ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း အပါအဝင် လိုက်နာရမယ့် အချက် ၈ ချက်ကို လိုပွာခို ခရိုင် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ က ဧပြီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။
စစ်ကောင်စီက ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ဖို့ဆိုပြီး မေလ ၆ ရက်နေ့ကနေ မေလကုန်ထိ အပစ်ရပ်ကာလ ထပ်တိုး ကြေညာထားပေမယ့် နိုင်ငံတစ်ဝှမ်းမှာ ဗုံးကြဲတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးတာတွေကိုလည်း လုပ်ဆောင်လျက်ရှိနေတာပါ။ အပစ်ရပ်ကြေညာပြီး နောက်တစ်နေ့ မေလ ၇ ရက်နေ့မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။