spot_img
Monday, February 26, 2024
spot_imgspot_imgspot_imgspot_img

မြို့ပြတိုက်ပွဲကြား တင်းခံနေသူများ

Author

Date

Category

မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)

“ရွှေ့ရင်ရတယ် ကျန်တဲ့အခက်အခဲက ပိုများတယ်လေ၊ လွိုင်ကော်မြို့မှာနေတာ မလုံခြုံမှန်း သိပေမဲ့ နေရမှာဘဲပေါ့။ အတတ်နိုင်ဆုံးတော့ ကတုတ်ကျင်းရှိတဲ့ အိမ်ရှိတယ် မရှိတဲ့အိမ်ကျတော့ နည်းနည်းပိုလုံခြုံမယ်ထင်တဲ့အိမ် စုအိပ်ကြရတာပေါ့။ အဆင်ပြေအောင် နေကြရတာပေါ့။” လို့ လွိုင်ကော်မြို့ ခံ အသက် ၃၀ အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

ကရင်နီတို့ရဲ့ မြို့တော် လွိုင်ကော်မြို့မှာ တိုက်ပွဲတွေကြားက မြို့ကို စွန့်ခွာပြီး ရုတ်ရုတ်သဲသဲ တိမ်းရှောင်ကြပေမဲ့ ဒီအသက် ၃၀ အရွယ် မြို့ခံ အမျိုးသမီးကတော့ မြို့တွင်းမှာကျန်နေခဲ့ပါတယ်။

“စစ် တခါရှောင်ဖူးပြီဆိုတော့ စစ်ဘေးတခါရှောင်တဲ့ လမ်းစရိတ်က ဟင်းဝယ်စားရင် ၆ လစာ ၁နှစ်စာ ဖူလုံတာပေါ့၊‌ မရှောင်ချင်တော့ဘူး။” လို့ အဆိုပါ အမျိုးသမီးတဦးက သူမ မြို့ကို မစွန့်ခွာရတဲ့ အကြောင်းကိုပြောပြပါတယ်။

သူမအပါအဝင် လွိုင်ကော်မြို့တွင်းမှာ ကျန်နေခဲ့သူတချို့ဟာ ပြီးခဲ့တဲ့နှစ်၊ နှစ်ဦးပိုင်းမှာ စစ်ဘေးရှောင်ခဲ့ဖူးတာကြောင့် စစ်ဘေးရှောင်ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကို နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ဖူးပြီးပါပြီ။ ဒါကြောင့်လည်း ထပ်မံတိမ်းရှောင်ဖို့ တွန့်ဆုတ်နေကြတယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် မေလ နောက်ဆုံးအပတ်မှာ စစ်ပွဲစတင်ဖြစ်ပွားလို့ နေရပ်စွန့်ခွာ တိမ်းရှောင်ရပြီး၊ အခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ အသက်ကိုဖက်နဲ့ထုပ်ထားရသူတွေဟာ ကရင်နီစစ်ဘေးရှောင်တွေပါ။ သောင်းနဲ့ ချီတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ စတဲ့ နေရာဒေသ အသီးသီးက ဒေသခံလူထုတွေဟာ သူတို့ဒေသမှာစစ်ပွဲဖြစ်လို့ ဘေးလွတ်ရာလို့ တွေးထင်ခဲ့ကြတဲ့ လွိုင်ကော်မြို့ပေါ်ကို တိမ်းရှောင်လာခဲ့ကြပါတယ်။

အခုတော့ ကရင်နီလူထုတွေရဲ့ ပြည်နယ်အတွင်းက နောက်ဆုံးမျှော်လင့်ချက် ဖြစ်တဲ့ မြို့တော်လွိုင်ကော်ကနေ ထပ်မံတိမ်းရှောင်ကြရပြန်ပါပြီ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းက ၁ လေးလုံး စစ်ဆင်ရေးလို့ အမည်တွင်ပြီး မြို့ပြစစ်ဆင်ရေးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပူးပေါင်းဆင်နွှဲခဲ့ကြပါတယ်။ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် မြို့ပြစစ်ဆင်ရေးကို စတင်ဆင်နွှဲလာတာကြောင့် မြို့ပြကို တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေဟာ ထပ်ဆင့်တိမ်းရှောင်ကြရတဲ့အပြင် မြို့ခံတွေဟာလည်း မြို့ကိုစွန့်ခွာ တိမ်းရှောင်ကြရပါတယ်။

“ထွက်မယ်ဆိုလည်း ကြောက်တယ်လေ။ အိမ်မှာဘဲ နေမယ်ဆိုလည်းကြောက်တယ်။ လေယာဉ်တွေက မရပ်မနား ပျံနေတာ။ ပစ်ချတာလည်း မကြာခဏ။ လက်နက်ကြီးတွေလည်း မရပ်မနား ထုနေတာ။ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ ကုတင်အောက်ဝင်လိုက်၊ အုတ်နံရံနားကပ်နေလိုက်နဲ့ နေ့ရက်တွေက ရှည်လိုက်တာ။” လို့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို လွိုင်ကော်မြို့မှာ လာရောက်ခိုလှုံနေတဲ့ သားသည်မိခင်တဦးက ပြောပြပါတယ်။

သူမဟာ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း ကရင်နီပြည်က ဘေးကင်းနိုင်တယ်ဆိုတဲ့ နေရာဒေသ ၁၀ ခုကို ဆယ်ကြိမ်ထက်မနည်း ရွေ့လျား တိမ်းရှောင်နေရသူ ဖြစ်ပါတယ်။ သူမက အသက် ၂၈ နှစ်ရှိပြီး ၂ နှစ်သားအရွယ် ကလေးတယောက်နဲ့ စစ်ဘေးတိမ်းရှောင်နေသူပါ။

ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့တွင်းကို တိမ်းရှောင်လာနိုင်ရင် ဘေးကင်းလုံခြုံပြီး ကလေးတွေလည်း ကြောက်လန့်မှုတွေကနေ ကင်းမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တောထဲတဝဲလည်လည် တိမ်းရှောင်ရာကနေ နောက်ဆုံးမှာတော့ လွိုင်ကော်မြို့တွင်းကို တိမ်းရှောင်ဖို့ ဆုံးဖြတ်ပြီး အိမ်ငှားရန်းနေထိုင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ရဲ့ ချမ်းစိမ့်စိမ့် မနက်ခင်းလေးမှာ ထင်မှတ်မထားခဲ့တဲ့ စစ်မီးဟာ လွိုင်ကော်မြို့တွင်းကို ကူးစက်လာခဲ့ပါတယ်။ ဒီတကြိမ်တော့ တော်လှန်ရေး အင်အားစုတွေက မြို့ပြစစ်ဆင်ရေးကို စတင်လာကြပြီး စစ်ကောင်စီတပ်စခန်းတွေကို ဝိုင်းဝန်းထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားတွေရဲ့ တည်ရှိရာ၊ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေစခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာဟာ ယခုနှစ်မှ မဟုတ်ဘဲ၊ သူတို့ ထိုးစစ်ဆင်လာလို့ ထိခိုက်နစ်နာမှု များပြားခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့ပြစစ်ဆင်ရေး မစတင်ခင်ကတည်းက စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်၊ ခလရ၊ ခမရ စတဲ့ တပ်ရင်း အထိုင်စခန်းအသီးသီးကနေ လက်နက်ကြီးတွေကို နေ့ ဖြစ်စေ၊ ညဖြစ်စေ ပစ်ခတ်တိုက်ခိုက်လေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ပိုမိုများပြားလာတယ်လို့ ဆိုရမှာပါ။ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို အကြိမ်ရေ ထောင်ဂဏန်းဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်လာတာပါ။ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ နေရာအများစုဟာ ကျေးရွာနဲ့ စစ်ဘေးရှောင်လူထုတွေ တိမ်းရှောင်နေထိုင်ကြတဲ့ စစ်ဘေးရှောင်စခန်းတွေ ဖြစ်ပါတယ်။

စစ်ဆင်ရေး ၁၁ ရက်မြောက်နေ့အထိ မြို့ပြကိုစွန့်ခွာပြီး တိမ်းရှောင်လိုသူတွေကို ကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ အသင်းအဖွဲ့တွေ ရှိနေပေမဲ့၊ မြို့တွင်းက ရပ်ကွက်တိုင်းက လူထုတွေကိုတော့ ကယ်ဆယ်ဖို့ ခက်ခဲနေပါတယ်။ ထွက်ခွာလို့ အဆင်ပြေနိုင်မဲ့ ရပ်ကွက်က လူထုတွေကတော့ တိုက်ပွဲဖြစ်ပွားတဲ့ကြားကနေ အရဲစွန့်ပြီး ထွက်လာခဲ့ကြပါတယ်။

အပူကိုယ်စီ ရင်ဝယ်ပိုက်ပြီး စွန့်ခွာသူခွာ၊ အပူတွေ အကြောက်တရားတွေကြားက ကျန်ခဲ့သူကျန်နဲ့ လွိုင်ကော်မြို့ဟာ တိုက်ပွဲတွေကြား၊ လက်နက်ကြီးသံကြား၊ လေကြောင်းတိုက်ခိုက်မှုတွေကြား မြို့ခံလူထုတွေရဲ့ စွန့်ခွာတဲ့ ဒဏ်ကြောင့် အကျည်းတန်နေမှာ အမှန်ပါဘဲ။ မြို့တွင်းကျန်ခဲ့သူတွေမှာတော့ ရင်တထိတ်ထိတ်……။ မြို့ကို စွန့်ခွာသူတွေမှာလည်း အပူတွေ တပွေ့တပိုက်…….။

စစ်ဆင်ရေးစတင်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ မြို့အထွက်လမ်းတွေကို ပိတ်ပင်ထားတာ၊ လူထုတွေကို ထွက်ခွင့်မပေးဘဲ ထွက်ခွာဖို့ ကြိုးစားတဲ့အရပ်သားတချို့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံခြင်းခံရပြီး သေဆုံးတာလည်း ရှိလာခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ စစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း ခေတ္တတိမ်းရှောင်ပေးကြဖို့ တိုက်တွန်းထားတဲ့အပြင်၊ လူထုတွေ ထွက်ခွာရာလမ်းတွေကို အတတ်နိုင်ဆုံး ပစ်ခတ်ခြင်းကို လျော့ချခဲ့ကြပါတယ်။ သို့ပေမဲ့ တိမ်းရှောင်ထွက်ခွာကြတဲ့ စစ်ဘေးရှောင်လူထုတွေရဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၅ ရက်နေ့မှာ လေကြောင်းကနေ လိုက်လံပစ်ခတ်ခဲ့ပါတယ်။

မြို့တွင်းကျန်ရစ်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားတဲ့ ရပ်ကွက်တွေထဲကို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေတဲ့အပြင် လေကြောင်းအန္တရာယ်ကိုလည်း စက္ကန့်တိုင်း စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

လွိုင်ကော်မြို့ကို စွန့်ခွာပြီး တိမ်းရှောင်သွားသူ အများစုဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်ထဲက ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို တိမ်းရှောင်သွားကြတာပါ။

“စစ်ရေးကတော့ ကိုယ့်မြို့တမြို့ထဲမှမဟုတ်တာ‌ စစ်ရှောင်သွားလို့ ကိုယ်ရှောင်တဲ့မြို့မှာ စစ်ထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး တွေးပူရလို့ မရွှေ့ကြတာများတယ်။ ကိုယ့်အိမ်မှာကို အလုံခြုံဆုံးလို့ ယူဆကြရတော့‌တာပေါ့” လို့ လွိုင်ကော်မြို့ခံ အမျိုးသမီးတဦးက သူမအနေနဲ့ မရွှေ့ဖြစ်သေးတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကနေ တပ်စွဲအထိုင်ချထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှု အများအပြား ရှိသလို၊ နေရာတော်တော်များများကိုလည်း လက်လွတ်လိုက်ရပါတယ်။ စစ်ကောင်စီတပ်က ဌာနဆိုင်ရာရုံး၊ ပညာသင်ကြားရာနေရာတွေ အများစုမှာ တပ်စွဲအထိုင်ချထားတာပါ။

လက်ရှိမှာတော့ လေကြောင်းတိုက်ခိုက်ခံရခြင်းနဲ့ လက်နက်ကြီးပစ်ခတ်ခံရခြင်းတို့ကြောင့် လွိုင်ကော်မြို့ပေါ် ရပ်ကွက်အများစုနဲ့ မြို့ဝင်ပေါက်လမ်းတလျှောက် ကျေးရွာရှိ လူနေအိမ်တွေဟာ ပြာကျတဲ့အိမ်ကျ၊ တပိုင်းတစဖြစ်တဲ့အိမ်ဖြစ်၊ အုတ်နံရံလေးသာ ကျန်တဲ့အိမ်ကျန် နဲ့ မြို့ပျက်ကြီးသဖွယ် ဖြစ်နေရပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာတွေ၊ သူတို့(စစ်ကောင်စီ) ခံရတဲ့နေရာတွေလောက်ဘဲ ပစ်ရင်တော့ ကျနော်တို့ မရှောင်လို့လည်း ရနိုင်တာပေါ့။ အခုက မဟုတ်ဘူး။ နေရာတိုင်းလို ရမ်းသမ်းပစ်တော့တာ၊ ဘယ်အချိန် ကိုယ့်အလှည့်လဲ ဘုရားတပြီး နေနေရတာပေါ့။” လို့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တိမ်းရှောင်သွားတဲ့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့တွေကတော့ လွိုင်ကော်မြို့ကို စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်သွားသူ ၈၀ ရာခိုင်နှုန်းလောက် ရှိနေပြီလို့ ခန့်မှန်းထားကြပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့မှာ လူဦးရေ ငါးသောင်းကျော် ရှိပါတယ်။

“လက်နက်ကြီး ကိုယ့်အိမ်ပေါ် မကျဖို့ဘဲ ဆုတောင်းနေရတာပေါ့။” လို့ မြို့တွင်းကျန်ခဲ့သူ အမျိုးသမီးတဦးကတော့ ရင်ထဲ သူယုံကြည်တဲ့ဘုရားကို အားကိုးတမ်းတရင်း ဆုတောင်းသံကို ပြောလာတာပါ။

အပူပိုက်ပြီး မြို့ပြကိုစွန့်ခွာ တိမ်းရှောင်ကြသူတွေမှာလည်း ရောက်တဲ့နေရာမှာ အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း…. မြို့တွင်းကျန်ခဲ့သူတွေမှာတော့ ရင်တထိတ်ထိတ်နဲ့ ဘုရားတပြီး … သတ္တိမွေးရင်း… အားတင်းရင်း စွန့်ခွာသူတွေ ပြန်ရောက်လာမဲ့ နေ့ကို မျှော်ရင်း….။

စာရေးသူအနေနဲ့လည်း မြို့တွင်းမှာ ကျန်ရစ်သူများ မြို့ပြနဲ့အတူ ဘေးကင်းဖို့၊ မြို့ပြစွန့်ခွာသူများလည်း အဆင်ပြေဖို့ ဆန္ဒပြုရင်း……..။

spot_img
spot_img

Recent posts