spot_imgspot_imgspot_imgspot_img
Tuesday, June 18, 2024
spot_imgspot_imgspot_imgspot_img

မှုန်ဝါးနေတဲ့ လွိုင်ကော်မြို့ပေါ်စစ်ရှောင်ကလေးတွေရဲ့ပညာရေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကျောင်းဖွင့်ရာသီရောက်လာပြီမို့ မနက်တိုင်းလိုလို ကလေးတွေ မနက်စာစားဖို့ အတွက် ချက်ပြုတ် ပြင်ဆင်ပေးရင်း ကလေးတွေရဲ့ အနာဂတ်ပညာရေးကိုတွေးပြီး ဒေါ်နဲ့မို(အမည်လွှဲ) တယောက် စိတ်မအေးချမ်းနေပါဘူး။

လွိုင်ကော်မြို့ မှာ စစ်ရှောင်နေရတဲ့ ဒေါ်နဲ့မို တယောက် သားသမီးတွေကို ဒီနှစ်မှာတော့ စစ်ကောင်စီ လက်အောက်က အစိုးရကျောင်းမှာ ကျောင်းအပ်နှံထားခဲ့တာကြောင့်ပါ။ သားသမီးတွေရဲ့ ပညာရေး အဆက်မပြတ်စေချင်တဲ့ ဒေါ်နဲ့မိုဟာ ကလေးတွေကို အစိုးရကျောင်းပြန်ထားခြင်းက မှန်သလား မှားသလား ဆိုတာကို တွေးပူနေရတာပါ။

ဒေါ်နဲ့မိုရဲ့ သားသမီးတွေ ကျောင်းမတက်ရတာ သုံးနှစ်ရှိနေပါပြီ၊ ကိုဗစ်ကာလအပြင် အာဏာသိမ်း နှစ် နှစ်အတွင်း စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ သားသမီးတွေကို အစိုးရကျောင်းမှာ မအပ်ပဲ နေခဲ့တာပါ။

“စိတ်ထဲတော့ လုံးဝ နေလို့မကောင်းဘူးပေါ့။ သူတို့ (ကလေး) တွေလည်း စာတွေမတတ်တော့ဘူးလေ။ ကျောင်းပေးမတက်ရင်လည်း စာမတတ်တော့ဘူးပေါ့။” လို့ ဒေါ်နဲ့မိုက သူမရဲ့ သားသမီး သုံးယောက်ရဲ့ ပညာရေးနောက်ကျနေတဲ့အကြောင်း စိုးရိမ်စွာနဲ့ ပြောပြလာပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ကိုယ်ပိုင်ကျောင်းတွေ ရှိပေမယ့် ဒေါ်နဲ့မို တို့လို နှစ် နှစ်ကျော် စစ်ရှောင်(စစ်ဘေးဒုက္ခသည်) တွေအဖြစ် ကာလ ရှည်ကြာနေနေရတဲ့ သူတွေအတွက်တော့ သားသမီး သုံးယောက်ကို ကိုယ်ပိုင်ကျောင်းမှာ ထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် အွန်လိုင်းမှတဆင့် NUG မှ ဖွင့်လှစ်တဲ့ ကျောင်းတွေထားဖို့ဆိုတာကလည်း မြို့ပေါ်မှာ စစ်ရှောင်ရတဲ့ သူမတို့အဖို့ လုံခြုံရေးအတွက် စိုးရိမ်ရသလို အင်တာနက်ဖိုးလည်း မတတ်နိုင်ပြန်ပါဘူး။

ဒေါ်နဲ့မိုရဲ့ သားသမီးတွေကတော့ အကြီးဆုံးသမီးမှာ အသက် ၁၄ နှစ် နဲ့ ၇ တန်း၊ သားကြီးက အသက် ၁၂ နှစ် နဲ့ ၃ တန်းနဲ့၊ အငယ်ဆုံးသားကတော့ ၈ နှစ်နဲ့ KG တန်း အသီးသီးရှိကြပြီး လက်ရှိလွိုင်ကော်မြို့ ပေါ်က စစ်ကောင်စီလက်အောက်ခံကျောင်း တကျောင်းမှာ တက်နေပါတယ်။

ဒေါ်နဲ့မို ရဲ့ သမီးကြီးနဲ့ သားကြီးကတော့ စစ်ကောင်စီရဲ့ လက်အောက်ခံကျောင်းမှာ ကျောင်းတက်ရပေမယ့် စစ်ရှောင်ဖြစ်တဲ့အတွက် မြို့ခံကျောင်းသား ကျောင်းသူတွေလို အခွင့်အရေး အပြည့်အဝလည်း မရရှိကြပါဘူး။

“နင်တို့ကျောင်းပြောင်းလက်မှတ်မပါတော့ စာအုပ်မပေးဘူးလို့ အဲလိုပြောတယ် ကျမ သမီးအကြီးဆုံးတယောက်ကို……။ ကျောင်းပြောင်းလက်မှတ်ရှိတဲ့သူတွေက စာအုပ်တွေရကုန်ပြီပေါ့။” လို့ ဒေါ်နဲ့မိုက သူမရဲ့ သမီး ကျောင်းမှာ ပုံနှိပ်စာအုပ် မရတဲ့အကြောင်းကို ပြောပြလာပါတယ်။

ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်တဲ့ ဒေါ်နဲ့မိုတို့ကို စစ်ဘေးရှောင်တွေအတွက်တော့ သူတို့သားသမီးတွေက ကျောင်းစာသင်တဲ့အခါ ကိုယ်ပိုင်စာအုပ်မရှိဘဲ တခြားသူတွေနဲ့ မျှပြီး ကြည့်နေရတာပါ။

လွိုင်ကော်မြို့ပေါ်မှာ နေထိုင်တဲ့ ကျောင်းနေအရွယ် စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီ လက်အောက်ခံ စာသင်ကျောင်းမှာ ကျောင်းတက်ရဖို့ ခရိုင်ပညာရေးရုံးမှ ထောက်ခံစာနဲ့ ၊ ယခင်တက်ခဲ့တဲ့ ကျောင်းမှ ကျောင်းအုပ်ရဲ့ ထောက်ခံစာလိုအပ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို လက်ခံသင်ကြား ပေးနေ ပေမယ့် စာသင်ကြားပေးတဲ့ဆရာ၊ ဆရာမတွေလည်း လုံလောက်မှု မရှိကြပါဘူး။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ပေါ်မှာတော့ ငွေကြေးတတ်နိုင်တဲ့သူတွေရဲ့ သားသမီးတွေဟာ ပညာသင်ယူဖို့ အခွင့်အလမ်းတွေ ပိုများပြီး၊ ငွေကြေးမတတ်နိုင်တဲ့ သူတွေအတွက်တော့ ပညာသင်ယူဖို့ အခွင့်အလမ်းပိုနည်းသွားတဲ့ အနေအထားမှာ ရှိတယ်လို့ စစ်ကောင်စီရဲ့ ပညာရေးကို လေ့လာနေသူ တဦးက ဆက်ပြောပါတယ်။

“ငွေကြေးတတ်နိုင်တဲ့သူတွေကျတော့ ကျူရှင်တွေ သင်ကြတာပေါ့နော်” လို့ စစ်ကောင်စီရဲ့ ပညာရေးကို လေ့လာနေသူတဦးက ပြောပါတယ်။

ဒေါ်နဲ့မိုရဲ့ သမီးကြီးနဲ့ သားကြီးဟာ ကျောင်းစာသင်ခန်းနဲ့ သုံးနှစ်ကြာ ဝေးကွာခဲ့တာက တကြောင်း၊ အသက်အရွယ်နဲ့ အတန်း ညီမျှမှု မရှိတာကတဖုံ၊ ဒီအကြောင်းအရာတွေကြောင့် ကျောင်းသွားဖို့ အတွက် စိတ်ဓာတ်ကျနေတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

“အကြီးနှစ်ယောက်တော့ ကျောင်းတက်ဖို့ သိပ်စိတ်မဝင်စားတော့ဘူးလေ။ ကျူရှင်ထားပေးမယ်ဆိုလည်း တလကို သုံးသောင်းလောက်ကုန်တယ်။ ကျမတို့ မတတ်နိုင်ဘူးလေ။ စျေးကြီးတာပေါ့ သုံးသောင်း သုံးယောက်ဆို တလကို ကိုးသောင်းပေါ့” လို့ ဒေါ်နဲ့မိုက ပြောပါတယ်။

ဒေါ်နဲ့မိုလိုပဲ မြို့ပေါ်မှာ စစ်ရှောင်နေရတဲ့ ဒေါ်ရှားမို (အမည်လွှဲ) ကလည်း သူမရဲ့ သားသမီးတွေရဲ့ ပညာရေးအတွက် စိုးရိမ်နေရသူပါ။ သူမကတော့ စစ်ကောင်စီရဲ့ ပညာရေးကို ယုံကြည်လို့ မဟုတ်ဘဲ ရွေးချယ်စရာ မရှိလို့ ကျောင်းပြန်ထားပေးရတယ်လို့ ဆိုပါတယ်။

“ကျမတို့လို မြို့ပေါ်မှာ စစ်ရှောင်တဲ့သူတွေအတွက်တော့ ကလေးပညာရေးပိုင်းမှာ နောက်ကျပြီး ကြန့်ကြာကုန်တယ်။ စစ်ရှောင်စခန်းတွေနဲ့ ယှဉ်ကြည့်ရင်ပေါ့။” လို့ ဒေါ်ရှားမိုက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ လွိုင်ကော်မြို့ပေါ် တနေရာတည်းကိုသာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်တာဖြစ်ပြီး၊ စစ်ဘေးရှောင် တချို့မှာလည်း လွိုင်ကော်မြို့ပေါ်မှာ လာရောက်ပြီး စစ်ရှောင်နေကြပါတယ်။ နှစ်ရှည်လကြာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြတဲ့ ဒေါ်နဲ့မို နဲ့ ဒေါ်ရှားမို တို့လိုပဲ လွိုင်ကော်မြို့ပေါ်မှာ စစ်ရှောင်ရင်း သားသမီးပညာရေးအတွက် စိုးရိမ်ရသူတွေ များစွာရှိနေတာပါ။

ပညာရေးနဲ့ ပတ်သက်ပြီး ကယားပြည်နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် တဦးကတော့ ပညာရေးသည်၊ နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုး စတဲ့ အဖွဲ့အစည်းတိုင်းမှာ မရှိမဖြစ် လိုအပ်တာကြောင့် ဘယ်အခြေအနေမျိုးမဆို ပညာသင်ကြားသင့်တယ်လို့ ပြောဆိုထားပါတယ်။

“ ကျနော်တို့ တော်လှန်ရေးလုပ်နေပြီဆိုရင် ကျနော်တို့က စစ်ရေးတခုနဲ့ပဲ ကျနော်တို့ လုပ်လို့မရဘူးဆိုတဲ့ အချက် ဒီကနေ့ ကျနော်ဒီနေရာမှာပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်ရေးတခုပဲ အာရုံစိုက်နေမယ်ဆိုရင် နောက်က နောက်တက်လာမယ့် ကျနော်တို့ မျိုးဆက်သစ်တွေက ပညာမတတ် ပညာမဲ့နေမယ်ဆိုရင် ဒါကကျနော်တို့ နောက်ထပ် အာဏာသိမ်းမှုတွေ များစွာဖြစ်ပေါ်လိမ့်မယ်ပေါ့နော်။ လက်ရှိကျနော်တို့ပညာရေးစနစ်ကတော့ ကျနော်တို့ ခက်ခဲဆိုးဝါးနေတဲ့ ကာလ မို့လို့သာ ကျနော်တို့ ထပ်ပြီးမဖော်ဆောင်ရင်တော့ ကျနော်တို့များစွာ ဆုံးရှုံးမှုတွေ နစ်နာမှုတွေ ရှိလိမ့်မှာပေါ့နော် ” လို့ ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ကလေးသူငယ် အခွင့်ရေးများဆိုင်ရာဥပဒေ ရဲ့ အခန်း (၁၃) ၊ ပညာရေးဆိုင်ရာ အခွင့်အရေးများ အပိုဒ်မှာ “ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ၊ နိုင်ငံတော်မှ ဖွင့်လှစ်ထားတဲ့ အခြေခံကျောင်းမှာ အခမဲ့ ပညာသင်ကြားခွင့်ရှိသည်” စတဲ့ အချက်တွေ ပါဝင်နေပေမယ့် ဒေါ်နဲ့မို နဲ့ ဒေါ်ရှားမို တို့ လို့ မြို့ပေါ်စစ်ရှောင်တွေရဲ့ သားသမီးတွေ ပညာရေးကတော့ မှုန်ဝါးနေဆဲပါပဲ….။

စစ်ကောင်စီရဲ့ ပညာရေးကို လေ့လာသုံးသပ်သူတဦးကတော့ “အစိုးရကျောင်းက သူတို့ရဲ့မပြည့်စုံမှုက ရှိတယ်လေ၊ အတန်းတွေများတာရယ် ဆရာမတွေနည်းတာရယ်ဆိုတော့ သူတို့ကျောင်းမှာ နေလို့ရှိရင် စာကသိပ်ပြီးတော့ တတ်မှာလဲ မဟုတ်ဘူးပေါ့။ ဆယ်တန်းအောင်စာရင်းထွက်သလိုပေါ့။ ကလေးတွေက အတန်းသာတက်သွားမယ်။ အရည်အချင်းမရှိဘဲ တက်သွားတဲ့ကလေးတွေပဲဖြစ်မယ် ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် အများကြီးရင်လေးမိပါတယ်” လို့ သုံးသပ်ပြောဆို သွားပါတယ်။

spot_img
spot_img

Recent posts