spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မှောင်ခိုပညာရေးလား (သို့) အမှောင်ရိပ်ထဲက ကြယ်စင်တွေ ထွန်းတောက်နိုင်မှာလား…

Author

Date

Category

စောအယ်ကညော / ကန္တာရဝတီတိုင်း(မ်)

နံနက်ခင်း (၉)နာရီခန့်မှာ ခေါင်းလောင်းထိုးသံနဲ့အတူ ကျေးရွာထဲက ကလေးတွေဟာ လွယ်အိတ်လေးတွေ ကိုယ်စီနဲ့ စုရုံးပြီး လာနေကြတာကို တွေ့မြင်လိုက်ပါတယ်။ အဲ့ဒီကလေးတွေဟာ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူလေးတွေဖြစ်ပါတယ်။

စာသင်ကျောင်းဘက်ကို သွားကြမယ်လို့ စိတ်ထဲတွေးထင်မိလိုက်ပေမဲ့ သူတို့ဦးတည်ရာက စာသင်ကျောင်းဘက်မဟုတ်ဘဲ နေအိမ်တအိမ်ထဲကို ဝင်ရောက်သွားကြပါတယ်။

နှစ်ထပ်အိမ်တလုံးရဲ့ အောက်ထပ်မှာ ကျောင်းသားလေးတွေဟာ လွယ်အိတ်ထဲကနေ ဖတ်စာအုပ်၊ ရေးစာအုပ်တွေ ထုတ်ရင်း အချင်းချင်း တီးတိုးစကားဆိုနေကြပါတယ်။ အဲ့ဒီနောက်မှာတော့ ဆရာမတဦး ရောက်လာပြီး ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ နှုတ်ဆက်သံ၊ စာအန်သံများနဲ့ ဆူညံသွားပါတော့တယ်။

ဒါကတော့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ကျေးရွာ တရွာမှာတွေ့ရတဲ့ မြင်ကွင်းတခုပါ။ အဆိုပါကျေးရွာမှာ စာသင်ကျောင်းဆောင်တွေရှိနေလျှက်နဲ့ ကျောင်းသူကျောင်းသားတွေကတော့ ဆရာမ စာပြပေးတဲ့နေအိမ်မှာ သွားရောက်သင်ယူနေရပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်ထဲက စာသင်ကျောင်း ၂ ကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း ကလေးငယ် ၄ ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရှိသူတွေ များတာကြောင့် စာသင်ကျောင်း ၁၀၀ ကျော်ကို ပိတ်ထားလိုက်ရပါတယ်။

ကလေးတွေ ပညာရေးအဆက်မပြတ်ဖို့ အတွက် ဆရာ၊ဆရာမ တချို့ကတော့ နေအိမ်တွေမှာ စာသင်ပြပေးနေကြရပါတယ်။

“ဘာလို့လဲဆိုတော့ ဒီအခြေနေနဲ့ဆို လုံခြုံမှုမရှိဘူးလို့ပြောရမှာပေါ့။ စစ်ကောင်စီတွေကလည်း စာသင်ကျောင်းတွေကို လိုက်ဖျက်ဆီးနေတာတွေ မြင်ရတော့ အဲ့ကြောင့်မို့ တောထဲ ဒါမှမဟုတ် ဒီလိုအိမ်အောက်မှာပဲ သင်ရတာပေါ့” လို့ အိမ်မှာ ကိုယ်ထူကိုယ်ထ စာသင်ပေးတဲ့ အသက် ၂၂ နှစ်အရွယ် မကက်သရင်းက ပြောပါတယ်။

မကက်သရင်းတို့ နေထိုင်တဲ့ ဒီးမော့ဆိုမြို့နယ်ရဲ့ ကောင်းကင်ယံမှာ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ကို နေ့စဉ်ရက်ဆက်ဆိုသလို တွေ့နေရပါတယ်။

စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ စစ်ကောင်စီကြောင့် စာသင်ကြားနေချိန်မှာတောင် လေယာဉ်သံကြားရင် မလုံခြုံသလို ခံစားနေရတယ်လို့ မကတ်သရင်းက ပြောပါတယ်။

စာသင်ကျောင်းလို့ဆိုလိုက်ရင် ကျောင်းဆောင်၊ နိုင်ငံတော်အလံတိုင်၊ အားကစားကွင်း၊ မြက်ခင်းပြင်နဲ့ စာသင်ခန်းလို့ ဆိုပြန်ရင်လည်း စာသင်ခုံ၊ အခန်းနံရံပေါ်မှာ ကျောက်သင်ပုန်း(သို့) ဝှိုက်ဘုတ်၊ သင်ထောက်ကူရုပ်ပုံကားချပ်တွေနဲ့အတူ ကျောင်းယူနီဖောင်းဝတ်ဆင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေကို မျက်စိထဲပြေး မြင်ကြရမှာပါ။

ဒါပေမဲ့ မကတ်သရင်းတို့ရဲ့ စာသင်နေတဲ့နေရာကတော့ စာသင်ကျောင်းရဲ့ အင်္ဂါရပ်တခုမှမရှိတဲ့ အခန်းငယ်လေးတခုထဲမှာပါ။

အိမ်မှာ စာသင်ရတာဟာ ကျောင်းမှာ စာသင်ရတာလောက် ပျော်ရွှင်မှုမရှိသလို လိုအပ်ချက်၊ အခက်အခဲတွေလည်း ရှိတယ်လို့ ငါးတန်းကျောင်းသားအရွယ် မောင်အယ်(လ်)ဘတ် က ခုလို ပြောပါတယ်။

“ဆရာမတွေလည်း မစုံဘူး၊ သူငယ်ချင်းတွေလည်း မစုံဘူး၊ ပြီးတော့မပျော်ဘူး။ စာအုပ်တွေလည်း ကိုယ့်ဟာကိုယ်ဝယ်ရတယ်။ ခဲတံတွေ၊ ပြီးတော့ ဘောလ်ပင်တွေ ကိုယ့်ကိုယ်ဝယ်ရတယ်။ အဝတ်အစားလည်း အစုတ်တွေပဲဝတ်ရတယ် (ကျောင်းယူနီဖောင်းမဝတ်ရခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်)။ လေယာဉ်လည်း ကြောက်ရတယ်။ သူများက အေးဆေးပဲ စာသင်ရတာ။ ကျနော်တို့က အေးဆေး စာမသင်ရဘူး။ ” လို့ မောင်အယ်(လ်)ဘတ်က ပြောပါတယ်။

မောင်အယ်(လ်)ဘတ်တို့လို စစ်ဘေးရှောင်ကလေးတွေဟာ ပညာကို သင်ယူလေ့လာလိုပေမဲ့ လုံခြုံတဲ့ပတ်ဝန်းကျင် နဲ့ သင်ယူခွင့်၊ လေ့လာခွင့်တွေ မရကြပါဘူး။

ညမှောင်စပြုလို့ စာကျက်ဖို့၊ စာဖတ်ဖို့အတွက်လည်း လုံလောက်တဲ့ အလင်းရောင်၊ လျှပ်စစ်မီး တွေ မရှိသလို လေယာဉ်သံကြားပြီဆိုတာနဲ့ ဖွင့်ထားတဲ့ ဆိုလာ ဘက်ထရီ မီးတွေကို ကပျာကယာ ထပိတ်ရပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က စာသင်ကျောင်းကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ မောင်အယ်(လ်)ဘတ် တို့ ကျောင်းသူကျောင်းသားတွေအတွက်တော့ အိပ်မက်ဆိုးကြီးတခု ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာတွေကျန်နေရစ်ခဲ့မှာ အမှန်ပါပဲ။

အခုဆိုရင် ကား ၊ ဆိုင်ကယ်သံကြားရင် “လေယာဉ်သံ” လို့ တထစ်ချ ထင်မှားနေကြတဲ့ စိတ်ဒဏ်ရာတွေဖြစ်နေကြပါပြီ။ အပြစ်မရှိတဲ့ ကလေးတွေကို ပစ်မှတ်မထားဖို့နဲ့ လူသားစာနာစိတ်ထားဖို့ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဒေါ်ရိုဖီးနာ က ခုလို ပြောဆိုပါတယ်။

” အဲ့လိုလေယာဉ် လာကြဲလိုက် ပြီးရင် လက်နက်ကြီးနဲ့လာထုလိုက် ခါကျတော့ သက်ကြီးရွယ်အိုအတွက် ကလေးငယ်အတွက်ကော တအားကြောက်စိတ်တွေပေါ်လာတယ်လေ။ တခုခု “ဒုန်း” တံခါးသံကြားပြီဆို သူတို့က ဗုံးသံနဲ့ သေနတ်သံနဲ့ပဲ ထင်နေတယ်လေ။ အဲ့‌ဒါကြောင့် ကျမတို့ကို ကိုယ်ချင်းစာပြီး လူသားစာနာစိတ်ရှိရှိနဲ့ ကျမတို့ကို လေယာဉ်ပဲဖြစ်ဖြစ် လက်နက်ကြီးပဲဖြစ်ဖြစ် နည်းနည်းငြိမ်ပေးရင်ကောင်းမလား” လို့ ဒေါ်ရိုဖီးနာက ပြောပါတယ်။

ခေတ်‌တွေပြောင်းလဲလာတာနဲ့အမျှ မိဘ‌တိုင်း၊ ဘယ်မိဘမဆို ကိုယ့်သားသမီးရဲ့ ပညာရေးကို အကောင်းဆုံးဖြစ်စေချင်ကြတာပါ။ သား၊ သမီးတွေရဲ့ ပညာရေးကို လုံခြုံစိတ်ချတဲ့ သင်ကြားခွင့်တွေနဲ့ သင်ယူမှုတွေကို အများကြီး မျှော်လင့်ထားကြတယ်လို့ ကျောင်းသားမိဘ ဦးနိ က အခုလို ပြောပါတယ်။

“ကိုယ့်ရဲ့သားသမီးက အားလုံးပေါ့ ပညာတတ်တွေ အကုန်လုံး ဖြစ်ခိုင်းစေချင်တယ်။ ဥပမာ – အင်ဂျင်နီယာတို့ ဒေါက်တာတို့ပေါ့ ရည်ရွယ်ချက် အဲ့မျိုးရှိတယ်။ ဒါပေမဲ့လည်း အခုအခြေအနေအရ ကလေးတွေ ပညာသင်ရတာ အခက်အခဲရှိတယ်ပေါ့နော်။ အန္တရာယ်ကြားကနေ ကျနော်တို့ “ခိုး” ပြီး ကျောင်းတက်ရတဲ့သဘောပေါ့” လို့ ဦးနိက ပြောပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်ဟာ “ပညာရေး” ဖြစ်ပေမဲ့ လက်ရှိမှာတော့ ပညာရေးကို “ခိုးကြောင်ခိုးဝှက်” ပြီး သင်ကြားနေရပါတယ်။ လက်ရှိမှာတော့ စာသင်ကျောင်းကိုမြင်တာနဲ့ အထိတ်တလန့်ဖြစ်သွားစေလောက်တဲ့အထိ စိတ်ဒဏ်ရာတွေကို ခံစားနေကြရတဲ့ ကရင်နီပြည်က ပညာသင်ရွယ်ကလေးငယ်‌တွေရဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့ နဲ့ ပညာသင်ကြားနိုင်ခွင့်ကို လွတ်လပ်စွာ ရရှိစေဖို့ တောင်းဆုပြုရင်း………….။

spot_img
spot_img

Recent posts