spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

ရာဂီ မုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် WFP အကူအညီပေးသွားမည်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

မြန်မာနိုင်ငံက ရာဂီမုန်တိုင်းသင့် ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာတွေကို ထောက်ပံ့ကူညီဖို့ ရေဘေးတုံ့ပြန်မှုလုပ်ငန်းတစ်ရပ်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ယခုသီတင်းပတ် အတွင်းမှာပဲ အကူအညီတွေ စတင်ပေးသွားမယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ WFP က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ကရင်နီ အပါအဝင် ကရင် ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း၊ မန္တလေးတိုင်း ၊ နေပြည်တော် ၊ မွန်ပြည်နယ် ၊ ရှမ်းပြည်နယ် စတဲ့နေရာတွေမှာ မိုးကြီးခြင်း ၊ ရေကြီးရေလျှံမှုဖြစ်ခြင်း ၊ မြေပြိုမှုတွေ ကြုံတွေ့ခဲ့ရပြီး လူပေါင်း ရာနဲ့ချီ သေဆုံး ခဲ့ရသလို အနည်းဆုံး လူပေါင်း ၆သိန်းကျော် ရေဘေးသင့်မှု ကြုံတွေ့ခဲ့ရတယ်လို့ WFP က ဆိုထားပါတယ်။

WFP အနေနဲ့ ရာဂီမုန်တိုင်းကြောင့်ဖြစ်တဲ့ ရေဘေးဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ ရေဘေးဖြစ်ပြီး နိုင်ငံရဲ့နေရာတော်တော်များများမှာ ရေလွှမ်းမိုးခံသလို တချို့နေရာတွေ မှာတော့ ဆယ်စုနှစ်အတွင်း ပထမဆုံး ရေလွှမ်းမိုးခြင်း ကြုံတွေ့ရတယ်လို့ ပြောပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က “ဒီရေဘေးရဲ့ စားနပ်ရိက္ခာ ဖူလုံမှုအပေါ် သက်ရောက်မှုက အင်မတန် ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုတွေ မဖြစ်ပွားခင် သြဂုတ်လမှာကတည်းက မြန်မာနိုင်ငံမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက် မှုကို ကြုံတွေ့နေရတာပါ။ အခုလို တိုးပွားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျမတို့ ဝန်ထမ်းအဖွဲ့တွေဟာ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေကြပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသား ဖော်ပြထားပါတယ်။

အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ ရေဘေးသင့်ပြည်သူ ၅သိန်းခန့်အထိ ဆန်၊ အားဖြည့်ဘီစကစ်၊ အာဟာရအထောက်အပံ့ပါဝင်တဲ့ တစ်လစာ စားနပ်ရိက္ခာကို တိုက်ရိုက် ဖြန့်ဝေ သွားမယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ WFP ဝန်ထမ်းအဖွဲ့တွေဟာ သီးနှံစိုက်ပျိုးရေး ၊ အသက်မွေးဝမ်းကျောင်း နဲ့ စားနပ် ရိက္ခာလက်လှမ်းမီရရှိရေးအပေါ် ရေဘေးရဲ့အကျိုးသက်ရောက်မှု အခြေအနေတွေကို မိတ်ဖက်အဖွဲ့ အစည်းများနဲ့ ပူးပေါင်း အကဲဖြတ်လေ့လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေမှာလည်း ရေဘေးဒဏ် ကြုံတွေ့နေရပြီး လတ်တလောမှာ ရေဘေးသင့်ပြည်သူ ၃သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာ ၊ အသုံး အဆောင်ပစ္စည်း၊ ဆေးဝါး လိုအပ်နေဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောဆိုထားပါတယ်။ WFP ထောက်ပံ့မယ့် အရေးပေါ် စားနပ်ရိက္ခာအစီအစဉ်ဟာ ကရင်နီပြည်ကို ဘယ်လောက်အတိုင်းအတာထိ ဆင်းသက်လာမလဲဆိုတာကို စိတ်ဝင်စားနေတယ်လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

“ကျနော်တို့ကရင်နီပြည်ရဲ့ အတိုင်းအတာပေါ့နော ဘယ်လောက်အတိုင်းအတာထိ ဘယ်လောက် လက်လှမ်းမှီနိုင်မလဲဆိုတဲ့ဟာပေါ့။ အခုလက်ရှိက ရေဘေးက ဖြစ်တဲ့နေရာအားလုံးက ကျနော်တို့ ထိန်းချုပ်ဧရိယာထဲမှာဖြစ်တယ်။ တချို့ လွိုင်ကော်မြို့ ပေါ်မှာလည်း ဖြစ်တာတော့ရှိတယ်ပေါနော။ အဲ့တော့ စစ်ကောင်စီကတော့ ဘယ်လောက်အတိုင်းအတာအထိ လုပ်ပေးနိုင်မလဲဆိုတဲ့ဟာပေါ့။ ကျနော်တို့ ဒီဒေသကိုလည်း ဘယ်လိုဆင်းသက်လာမလဲဆိုတဲ့ပုံစံကိုလည်း စိတ်ဝင်စားပါတယ်။”လို့ ဦးဗညားက ပြောဆိုထားပါတယ်။

WFP အနေနဲ့ ဇူလိုင်လနဲ့ဩဂုတ်လအတွင်းမှာ လယ်ဧက သောင်းနဲ့ချီ ရေလွှမ်းမိုးခံရတဲ့ ရေဘေးအတွင်း အရေးပေါ်အကူအညီ အနေနဲ့ ရေဘေးသင့်ပြည်သူ ၂သိန်းနီးပါးကို စားနပ်ရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အလားတူ မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူတွေအတွက် နော်ဝေနိုင်ငံက ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) နဲ့ပူးပေါင်းပြီး ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်း အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၅သိန်းကို ကနဦးအနေနဲ့ထောက်ပံ့ပေးခဲ့တယ်လို့ ရန်ကုန်နော်ဝေ နိုင်ငံသံရုံးက စက်တင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်ကို RFA သတင်းဌာနက ရေးသားထားပါတယ်။

ဒီအကူအညီကို နော်ဝေကြက်ခြေနီအသင်း နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတဆင့် အသုံးအဆောင်ပစ္စည်းတွေ ကျန်းမာရေးအတွက် ငွေသား နဲ့ အစား အသောက် ပါဆယ်ထုပ်တွေကို ဖြန့်ဝေပေးနေတယ်လို့လည်း ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts