spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရာသီကူးပြောင်းမှုကြောင့် စစ်ရှောင်စခန်းအများစုမှာ လူဦးရေ ၃၀ဦးနဲ့အထက် ဖျားနာနေကြဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်းက စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်အများစုဟာ ရာသီအကူးအပြောင်းကြောင့် ဖျားနာနေကြပြီး စခန်းတစ်ခုမှာ အနည်းဆုံး စစ်ရှောင် ၃၀ ဦးနဲ့ အထက် ဖျားနာနေကြတယ်လို့ ပြည်ကံ့ကော် စစ်ရှောင်ကူညီရေးအဖွဲ့မှ ကိုပြည့်စုံက ပြောပါတယ်။

“ ဖျားနာတဲ့လူတွေရှိတယ်။ ဒါပေမဲ့ ရာသီအကူးအပြောင်းမို့လို့ ဖျားတယ်လို့ပဲပြောကြတယ်။ စခန်း တစ်ခုမှာ အနည်းဆုံး လူဦးရေ၃၀လောက်ထိဖြစ်ကြတယ်။ မနေ့က ကျနော်သွားခဲ့တဲ့ စခန်းဆို ၂၀၀ကျော်ရှိတယ် လူဦးရေက။ အဲ့ဒါအများကြီးဖျားကြတယ်။ ဆေးခန်းတော့သွားပြကြတယ်ပြောတယ်။ ဒါပေမဲ့ ဆေးဝါးကတော့ အဆင်ပြေမယ်မဟုတ်ဘူးပေါ့။ လက်ရှိခြေနေမှာက သယ်ရခက်တဲ့အပြင် အလှူရှင်လည်း ဆက်သွယ်လို့မရတော့။” လို့ ကိုပြည့်စုံက ဆိုပါတယ်။

စစ်ရှောင်စခန်းအများစုမှာ တောတောင်နဲ့နီးတဲ့နေရာတွေမှာ စစ်ရှောင်နေရတာကြောင့် ရာသီကူးပြောင်းချိန်မဟုတ်လည်း မကြာခဏ ဖျားနာနေကြသလို သက်ကြီးရွယ်အို နဲ့ ကလေးတွေ အများစုဖြစ်ကြတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်က ဆေးရုံ၊ ဆေးခန်း ၁၀၀ ကျော်ရှိနေပေမဲ့လည်း ပြန့်ကြဲနေတဲ့ စစ်ရှောင်စခန်းတွေဆီကို လက်လှမ်းမမှီနိုင်သေးဘူးလို့ IECရဲ့ ကျန်းမာရေးဌာန ဌာနမှူးကြီး ခွန်းဖိလစ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“တချို့ စစ်ရှောင်က သူ့မိသားစု သူ့အိမ်နီးနားချင်း နဲ့ ၄/၅/၁၀ အိမ် အဲ့လိုလိုက် ပုန်းရှောင်တဲ့နေရာလည်း ရှိတယ်ဆိုတော့ ကျနော်တို့ဆီမှာ ဆေးတွေရှိတယ် ဆေးခန်းတွေလည်း ရှိတယ် ဝန်ထမ်းတွေလည်းရှိတယ်။ ဒါပေမဲ့ စစ်ရှောင်တွေက တအားပြန့်ကြဲနေတာကြောင့်မို့ ကျနော်တို့ကတော့ အားလုံးကိုတော့ လက်လှမ်းမမှီနိုင်ဘူး။” လို့ ခွန်းဖိလစ်က ပြောပါတယ်။

(၁၁.၁၁) စစ်ဆင်ရေးစတင်ပြီးတဲ့နောက်ပိုင်းမှာလည်း စစ်ရှောင်ဦးရေတွေ ထပ်တိုးလာတာကြောင့်လည်း ဆေးဝါးလိုအပ်မှုတွေက ပိုများလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“ဆေးကတော့ မလုံလောက်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ဒီ တစ်ချို့ စစ်ရှောင်စခန်းနေရာမှာကြတော့ ဆေးခန်းတော့ ရှိပေမဲ့ ဒီအခြေခံဆေးဝါးလောက်ပဲ ရှိတယ်လေးနော်။ ဒါမျိုးဖြစ်ခါကြတော့ သူတို့လည်း စစ်ရှောင်တိုင်းကို လိုက်ပြီးတော့မှ မကြည့်နိုင်ဘူး။” လို့ စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းက တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး လက်ရှိအချိန်ထိ ဆေးဝါးနဲ့ ရိက္ခသယ်ဆောင်မှုကို စစ်ကောင်စီက ပိတ်ဆို့ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts