spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရာသီတုပ်ကွေးကြောင့် ပိတ်ထားခဲ့တဲ့ကျောင်း ပြန်ဖွင့်ပေမဲ့ ကျောင်းသား တစ်၀က်ခန့်သာ ကျောင်းလာတက်

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းမှာ ရာသီတုပ်ကွေးကြောင့် ပိတ်လိုက်ရတဲ့ ကျောင်းတချို့ ဟာ ဒီကနေ့ အောက်တိုဘာ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်ပေမဲ့ ကျောင်းသားတစ်၀က်သာ ကျောင်းလာတက်ကြတယ်လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

“အရင်တစ်ပတ်ကတော့ ပိတ်ထားတယ်ပေါ့။ ဒါပေမဲ့ အခုကျောင်းကတော့ ပြန်တက်တယ်။ ဒါပေမဲ့ကလေးတွေ တအားဖျားတုန်းပဲရှိသေးတယ်။ လူအယောက် ၄၀ကျော်ရှိရင် တစ်၀က်လောက်က မလာသေးဘူးပေါ့နော အဲ့လိုမျိုး။ “လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရာသီတုပ်ကွေးဖြစ်နေကြတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျောင်း ၃ ကျောင်းကို အထက်တန်းအဆင့် ကျောင်းသားတွေကလွဲပြီး ကျန်တဲ့ ကျောင်းသား၊ကျောင်းသူ အားလုံးနီးပါးအတွက် တပတ်ကြာ ကျောင်းပိတ်ပေးထားတာဖြစ်ပါတယ်။

လက်ရှိမှာ ကျောင်းသားချင်းချင်းအကြား တုပ်ကွေးရောဂါ ကူးစက်မှုရှိပြီး ထပ်ပြန်ဖျားတဲ့ ကျောင်းသားတွေလည်းရှိတာကြောင့် မိမိကလေးကို ကျောင်းမပို့ရဲ သေးဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

” သွားလို့တော့ရတယ် ဒါမဲ့ သွားပြီးတော့ ထပ်ပြန်ဖျားတဲ့ကလေးရှိလို့လေး။ အဲ့ကြောင့်မို့လို့ကျမက သူနဲနဲအားရှိအောင်ဆိုပြီးနားခိုင်းတာ”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

တုပ်ကွေးဖြစ်နေတဲ့ ကလေးငယ်တွေက ကိုယ်ပူတစ်လှည့်၊ ချမ်းတစ်လှည့် ဖြစ်ပြီး တော်ရုံနဲ့ အဖျားမကျနိုင်ဘူးလို့ ဆိုပါတယ်။

“တုပ်ကွေးလို့ပြောရမလားမသိဘူး။ ဒါမဲ့ ဒီတစ်ခါက အပြင်းဆုံးပဲ။ကျမ ဒီမှာနေတာ ၂နှစ်ထဲမှာ ဒီရောဂါ အခုတစ်ခါက အပျင်းဆုံးပဲပေါ့”လို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ရာသီတုပ်ကွေးဖြစ်ပွားမှုရှိခဲ့ပေမယ့် ယခုနှစ်လောက် ဖြစ်ပွားမှုနှုန်း မပြင်းထန်ဘူးလို့လည်း ကျောင်းဆရာမ ကပြောပါတယ်။ အလှူရှင်အဖွဲ့တွေရဲ့ ကူညီမှုကြောင့် ကျောင်းသုံးအတွက် ဆေးဝါးကို ပြီးခဲ့တဲ့နှစ်က ဝယ်ယူစုဆောင်းထားနိုင်ပေမဲ့ ဒီနှစ်မှာတော့ အလှူရှင်တွေရဲ့ ထောက်ပံ့ပေးနိုင်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။

ပြင်းထန်တဲ့ ရာသီတုပ်ကွေးကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်ကစပြီး ပိတ်ထားလိုက်ရတဲ့ ကျောင်း ၃ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img