spot_imgspot_imgspot_imgspot_img
Thursday, October 10, 2024
spot_imgspot_imgspot_imgspot_img

“ရွှေဖားစည်တံဆိပ်” ဖယောင်းတိုင်ထုတ်ပြီး ဝမ်းရေးဖြေရှင်းနေတဲ့ ယာဒိုစစ်ဘေးရှောင်မိသားစု

ကန္တာရဝတီတိုင်း(မ်)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာမှာ နေထိုင်တဲ့ အသက် (၅၂ ) အရွယ် ဒေါ်ဖီးနာမိသားစုဟာ မိသားစုစားဝတ်နေရေးအတွက် ဖယောင်းတိုင်ထုတ်တဲ့လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ပါတယ်။

နှစ်ရက်တာလုပ်ကိုင်ခဲ့ရပြီး ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဘေးလွတ်ရာကျေးရွာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ တိုက်ပွဲကြောင့် ဖယောင်းတိုင်ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့ရပြီး လအတန်ကြာ မိုးထဲရေထဲ ပစ်ထားခဲ့ရပါတယ်။

“လက်နက်ကြီးတော့မထိဘူး။ နည်းနည်းပါးပါးရှပ်ထိတာတော့ပါတယ်လေ။ အဲ့ဒီပိုက်တွေ ဘာတွေလည်း ကျိုးကုန်တယ်လေ။ အဲ့အပေါ်က အမိုးတွေပေါက်သွားတယ်။ ရေဝင်တော့ ဆွေးကုန်တာပေါ့။ သံချေးတက်ပြီးတော့ ကျွတ်သွားကုန်တယ်လေ ဘီးလုံးတွေ။ အဲ့လိုမျိုး ပျက်စီးကုန်တာပေါ့။”လို့ ဒေါ်ဖီးနာက ပြောပြနေပါတယ်။

ဒေါ်ဖီးနာဟာ အသက် (၈၀) ကျော်မိခင်နဲ့အတူ သားသမီး၊ သမက်နဲ့ မြေးတဦး အပါအဝင် မိသားစု (၇) ဦးတို့ ခုဆိုရင် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ကျေးရွာတရွာမှာ စစ်ဘေးရှောင်နေကြပါတယ်။

လေးလကျော်ကြာ စစ်ဘေးရှောင်နေရင်း တိုက်ပွဲအခြေအနေတည်ငြိမ်လာတာကြောင့် နေရပ် ယာဒိုမှာ ကျန်ခဲ့တဲ့ ဖယောင်းတိုင်ထုတ်တဲ့စက်ပစ္စည်းတွေကို စစ်ရှောင်တဲ့နေရာထိ ပြန်သယ်ယူလာခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြားက ကားငှားခဲ့ရပြီး ကားခ တသိန်းခွဲပေးခဲ့ရတယ်လို့ ဒေါ်ဖီးနာက ဆိုပါတယ်။

အဲ့ဒီပျက်စီးသွားတဲ့ ဖယောင်းတိုင်ထုတ်တဲ့စက်ကို ပြန်လည်ပြုပြင်လိုက်ပြီဖြစ်လို့ စစ်ရှောင် ဒေါ်ဖီးနာမိသားစုရဲ့ ရွှေဖားစည် တံဆိပ်ဖယောင်းတိုင်လုပ်ငန်းဟာ ပြန်ပြီးအစပျိုးလည်ပတ်နေပြီလည်း ဖြစ်ပါတယ်။

“နှစ်ပတ်ပဲ ပြန်စရသေးတယ်လေ။ အဲ့လိုမျိုး ဘာဖြစ်လာအုံးမလဲ မသိသေးဘူး။ တသိန်းနှစ်သောင်းတော့ရပြီ။ ဒါမဲ့ ခုကျိုရမဲ့ဟာ(ဖယောင်းခဲ) ထင်းလိုတယ်ဆိုပြီး ထင်းနဲ့ဝယ်လိုက်ပြီ။ ရတဲ့ပိုက်ဆံက” လို့ ဒေါ်ဖီးနာက ဖယောင်းတိုင် ရောင်းရတာနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

ဒါပေမဲ့လည်း လက်ရှိအခြေအနေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလာတာနဲ့ ကုန်စျေးနှုန်းမြှင့်တက် လာတာကြောင့် ဖယောင်းတိုင်လုပ်ငန်းက တွက်ချေမကိုက်တော့ဘူးလို့ ဆိုပါတယ်။

“ကုန်ကြမ်းက မန္တလေးမှာ မှာရတယ်။ မန္တလေးမှာ သွားယူရတယ်။ အဒေါ်တို့ သွားယူရတုန်းကတောင်မှ တအိတ်ကို နှစ်သိန်းခွဲပေးရတယ်လေ။ ကားခမပါသေးဘူး။ အခုကားခက တဆင့်ပြီးတဆင့်ဆိုတော့ တွက်ကြည့်လိုက် အဒေါ်အတွက် မကျန်တော့ဘူးထင်တယ်။ မကိုက်တော့ဘူးထင်တယ်။ ဒါပေမဲ့ ပစ္စည်းဝယ်ထားတဲ့ခါကျတော့ ကုန်အောင်လုပ်ရတာပေါ့။ အလကားနေလည်း ဘာမှ မစားရတော့ဘူးလေ။ အဲ့ဒါလုပ်မှပဲ ဟင်းဖိုးလေးဘာလေးရမှာပေါ့။ အဲ့ဒါပဲတွက်တော့တယ် အဒေါ်က၊”

(၃၂) တိုင်ပါတဲ့ ဖယောင်းတိုင်တထုတ်ကို ဖောက်သည်သွင်းရင် ၁၀၀၀ ကျပ် နဲ့သွင်းပြီး လက်လီရောင်းရင်တော့ ၁၅၀၀ ကျပ်နဲ့ ရောင်းတယ်လို့ ဆိုပါတယ်။

ဖယောင်းတိုင် အသေးဆိုဒ်ထုတ်တဲ့အခါ အသုံးပြုတဲ့ ခုံနှစ်ခုံ နဲ့သာ လည်ပတ်နေရပြီး အကြီးဆိုဒ်ထုတ်တဲ့ ခုံတခုံက ပျက်စီးသွားလို့ လည်ပတ်လို့မရတော့ပဲ ဆုံးရှုံးသွားပြီလို့ သူမက ဆိုပါတယ်။

ဒေါ်ဖီးနာမိသားစုဟာ စစ်ရှောင်စားနပ်ရိက္ခာထောက်ပံ့မှုရရှိသလို နေဖို့အတွက်လည်း အသိမိတ်ဆွေတယောက်က နေရာပေးထားတဲ့အတွက် စိတ်မပူရပေမဲ့ ဟင်းဖိုး၊ ဆီဖိုးစတာနဲ့ မိသားစုအသုံးစရိတ် စတာတွေအတွက် ရှာဖွေနေရတာပါ။

“အိမ်ပြန်ရမှာက ဘယ်ချိန်ပြန်ရမလဲမသိဘူး။ ဟိုမှာက စဉ်းစားလို့ကို မရသေးဘူး။ ဘယ်လိုလုပ်မလဲ။ ဒီမှာပဲ ဆက်နေရမှာပေါ့။ နည်းနည်းအဆင်ပြေတဲ့နေရာမှာပဲ နေရမှာပေါ့။ နားအေးပါးအေးတဲ့နေရာ။ ဟိုနေရာ ပြန်ရင်လည်း အိပ်လို့မရဘူး။ ဘယ်လိုပြောရမလဲနော်။ အခြေအနေမကောင်းဘူး ကောင်းကောင်း မွန်မွန်နေ လျှောက်မသွားနဲ့ အဲ့လိုမျိုး အဲဒါပဲကြားတော့ စိတ်မချမ်းသာဘူးလေ။ ဒီမှာလာနေတော့ စိတ်ချမ်းသာတယ်။ ကောင်းတဲ့ချိန်မှ ပြန်လို့ရပြီ သူများပြောတဲ့ချိန်မှ ပြန်ရမှာပေါ့။ အဲ့မှာပြန်ရင် စိတ်ဆင်းရဲတယ်လေ။ ရွာက ရွာနဲ့မှ မတူတာ၊ အိမ်က အိမ်နဲ့မှ မတူတာ။”

လက်ရှိယာဒိုကျေးရွာမှာ တိုက်ပွဲတွေ ငြိမ်နေပြီး ဒေသခံတချို့ရွာထဲပြန်နေကြပေမဲ့ ဒေါ်ဖီးနာတို့လို စိုးရိမ်မှုရှိနေသေးတဲ့ ဒေသခံတွေကတော့ နီးစပ်ရာ ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြဆဲပဲဖြစ်ပါတယ်။

ဒေါ်ဖီးနာဟာ စစ်ဘေးရှောင်နေရင်း အရင်းမကြေသေးတဲ့ ဖယောင်းတိုင်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေပြီး မိသားစုစားဝတ်နေရေးအတွက် တဖက်တလမ်းက ဝင်ငွေရှာဖွေနေအုံးမယ်လို့ ပြောဆိုနေပါတယ်။

spot_img
spot_img