spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှားတောစစ်ရှောင်တွေအတွက် အလှူရှင်ရောက်ရှိမှုနည်းပါးပြီး လိုအပ်ချက်များပြားနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတောမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအလှူရှင်ရောက်ရှိမှု နည်းပါးနေပြီး လိုအပ်ချက်တွေ များပြားနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဦးဗညားက ပြောပါတယ်။

“လိုအပ်ချက်ကတော့ များတယ် Humanitarian လုပ်တဲ့အဖွဲ့က ရှားတောမှာ မရှိသလောက် ဖြစ်တယ်။ ကူတဲ့သူ တအားနည်းတယ် အဲ့ဒီအပိုင်းမှာ လိုအပ်ချက်တွေအများကြီး ရှိတယ် ကျန်းမာရေးလိုအပ်ချက်ကော စားနပ်ရိက္ခာကော၊ အမိုးအကာကော အခုက ပြန်လည်နေရာချထားရေးကိစ္စပါ ပျက်စီးသွားတဲ့အိုးအိမ်ကအစပေါ့နော အဲ့ဒီအတွက်ပါ အများကြီးထည့်သွင်းစဉ်းစားရမယ့်ဟာကတော့ လိုအပ်ချက်တွေ အရမ်းများပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက်ရဲ့ တွေ့ရှိချက်အရ လိုအပ်ချက်တွေ များပြားနေဆဲဖြစ်ပြီး တချို့မိသားစုတွေမှာ မိုးကာ၊ အိုးခွက်၊ ပန်းကန်ကအစ လိုအပ်ချက်ရှိနေတာ တွေ့ရတယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ အရေးပေါ် ကူညီမှုအသင်း KTEST က ပြောပါတယ်။

“ကျမတို့ရဲ့ သတင်းထောက်ကိုယ်တိုင်က မြေပြင်မှာ တောက်လျှောက်ရှိနေခဲ့တယ် ရှားတောစစ်ရှောင်တွေနဲ့လည်း​ တွေ့ဆုံတယ်။ သူကိုယ်တိုင်ကလည်း လိုအပ်ချက်တွေ အရမ်းများနေတာကို တွေ့ခဲ့ရတော့ ကျမတို့ အနေနဲ့ ဌာနကနေ ရရှိလာတဲ့ ရံပုံငွေအနည်းငယ်လေးဘဲ ထောက်ပံ့ပေးနိုင်ခဲ့သေးတယ်။ အရေးပေါ် လိုအပ်ချက်တွေကတော့ အများကြီး ရှိနေဆဲပါ။” လို့ KTEST ရဲ့ ဥက္ကဌ က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာတွေအပြင် ရှားတောမြို့ပေါ်ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ရပြီး စစ်ရှောင်ကာလ ၂ လဝန်းကျင်အထိ လိုအပ်ချက်တွေများပြားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားနပ်ရိက္ခာလိုအပ်ချက်အပြင် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပိုမိုလိုအပ်လာတယ်လို့ သိရပါတယ်။

“အဓိက ကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့ နောက်ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေ လက်လှမ်းမမှီတာလည်း ပါတယ်။ နောက်တစ်ခုက လူထုတွေကလည်း တောထဲတောင်ထဲမှာပဲ။ တခြားနေရာထက်စာရင် ပိုပြီးခက်ခဲတယ်။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလအတွင်း ရှားတောမြို့ကို စစ်ကောင်စီက လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်မှုအပြင် မီးလောင်ဗုံး အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။

ရှားတောမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံ ၂ထောင်ဝန်းကျင်ရှိနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့စာရင်းအရ သိရပါတယ်။

spot_img
spot_img