လက်ညှိုးနှင့် ပုခုံး ဘယ်လိုသုံးမလဲ

သိုက်စိုးထွန်း(နတ်ရွာ)

လူတစ်ချို့က ဘဝတစ်လျှောက်လုံးမှာ လက်ညှိုးကို တော်တော်သုံးကြတယ်။ ကိုယ့်ကိစ္စနဲ့ပတ်သက်ပြီး တော့ပဲဖြစ်ဖြစ်၊ သူများကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် လက်ညှိုးထိုးရတာ၊ အပြစ်ဆိုရတာကိုဝါသနာပါနေတယ်။ ထစ်ခနဲရှိ ဒီလက်ညှိုးလေးကိုချည်းပဲ ထုတ်ထုတ်သုံးနေတော့တယ်။

တစ်ခုခုလုပ်တယ်။ မအောင်မြင်ဘူးလား။ မအောင်မြင်ရင် ဒါဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်။ ဟိုဟာ မကောင်းလို့၊ ဒီဟာမကောင်းလို့၊ ဟိုဟာကညံ့နေလို့၊ ဟိုလူက သိပ်အဆင်မပြေလို့ စသည်စသည် အားဖြင့် ဖြစ်ပေါ်လာတဲ့အကြောင်းတရား၊ အကျိုးတရားတွေနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ယောက်ကို လက်ညှိုးထိုး အပြစ်ပုံချဖို့ချည်း စိတ်စောနေတတ်တယ်။

ဘယ်သူပဲဖြစ်ဖြစ် သူသူကိုယ်ကိုယ်၊ အားလုံးအားလုံးမှာ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသအတွက်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် လုပ်စရာအလုပ်တွေ၊ ထမ်းရွက်စရာ တာဝန်၊ ဝတ္တရားတွေက အများကြီးရှိပါတယ်။ အများကြီးမှ တကယ့်ကို အများကြီးရှိနေပါတယ်။ လုပ်စရာတွေအများကြီးရှိနေပေမယ့် မလုပ်ဘူး။ လက်ပိုက် ကြည့်နေတယ်။ ဘေးကနေရပ်ကြည့်နေတယ်။ ရပ်နေတာကလည်း ဒီအတိုင်းရပ်မနေဘူး။ ဘေးပတ်ဝန်းကျင်ကို ကြည့်နေရင်းနဲ့ တွေ့ရမြင်ရသမျှတွေရဲ့အပေါ်မှာ လက်ညှိုးလေးတစ်ချောင်းကို ခဏခဏထုတ်သုံးပြီးတော့ ပြစ်တင်ဝေဖန်မှုတွေ လုပ်နေတယ်။

“ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်”ဆိုတဲ့ ဆောင်ပုဒ်ရှိပေမယ့် သူများတွေတွန်းနေတာကို ဘေးက ရပ်ကြည့် နေတယ်။ ပြီးတော့ အဆက်မပြတ်ပြောနေတယ်။ ဟိုဘက်ကလူတွန်းနေတာမရွေ့ဘူး၊ ဒီဘက်ကလူကလည်း နည်းနည်းအားပျော့နေတယ်၊ ဟိုလိုတွန်းလိုက်ပါတော့လား၊ ဒီလိုတွန်းလိုက်ပါတော့လား စသည်စသည်အားဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်အားဖြည့်မှုတွေမလုပ်ဘဲနဲ့ လက်ညှိုးကလေးထိုးထိုးပြီးတော့သာ ပြစ်တင်ဝေဖန်မှုတွေ လုပ်နေတယ်။

ကိုယ်ရေကိုယ့်မြေ ကိုယ့်ဌာနေမှာ ဘယ်ဟာတွေကတော့ မကောင်းဘူး၊ ဘယ်ဟာတွေကတော့ အားနည်း နေတယ်၊ ဘယ်ဟာတွေကတော့ သုံးလို့ကိုမရဘူး။ တစ်ချိန်လုံး ဒါတွေနဲ့သာ နှစ်ပါးသွားနေတယ်။ အပေါ်ကိုထိုးတယ်၊ အောက်ကိုထိုးတယ်၊ ဘေးပတ်ပတ်လည်ကိုထိုးတယ်။ အပေါ်ကမကောင်းလို့၊ ဘေးက မကောင်းလို့၊ အောက်ကမကောင်းလို့ စသည်အားဖြင့် နေရာတကာမှာ သူ့လက်ညှိုးနဲ့ လွတ်တာကိုမရှိတော့ဘူး။ သူတစ်ခုခုပြောတော့မယ်ဆိုတာနဲ့ သူက ပါးစပ်နဲ့ပြောမှာမဟုတ်ဘူး၊ လက်ညှိုးနဲ့ ပြောတော့မှာဆိုတာကို ကြိုသိနေကြပြီ။ သူ့ကိုထိုးမှာလေလား၊ ကိုယ့်ကိုယ်ထိုးမှာလေလား၊ ဒီတစ်ခါ ဟိုတစ်ယောက်အလှည့်များ ဖြစ်သွားလေမလား။ လက်ညှိုးအထိုးခံရမယ့်သူသာပြောင်းချင်ပြောင်းသွားမယ်၊ ထိုးမယ့်သူကတော့မပြောင်းဘူး။ နေရာတကာ လက်ညှိုးထိုးအပြစ်ဖို့တတ်သူတွေနဲ့ တွေ့ရကြုံရသူတွေအတွက်ကတော့ အမြဲလိုလို စိတ်လက် မချမ်းမသာဖြစ်နေကြရတယ်။

တစ်ချို့ကလည်း ကိုယ်တိုင်တော့အလုပ်လုပ်တယ်။ ဒါပေမယ့် ကိုယ်အလုပ်တစ်ခုလုပ်လို့ မအောင်မြင်တဲ့ အခါ ဘယ်ဟာတွေကြောင့်မအောင်မြင်ရသလဲဆိုတာကို အရင်းစစ်ကြည့်ရမယ့်အစား ဟိုဘက်ကိုလွှဲချ၊ ဒီဘက်ကို လွှဲချ၊ ဟိုလူကိုအပြစ်ပုံချ၊ ဒီလူကိုအပြစ်ပုံချနဲ့ လက်ညှိုးတစ်ချောင်းနဲ့ပတ်ရမ်းလိုက်တတ်တယ်။ ဒါဆိုရင် သူ့တာဝန် ပြီးသွားရောလို့ ခံယူထားပုံပဲ။ အဲ့သလို လက်ညှိုးထိုးလိုက်နိုင်တာကိုတောင်မှ ဂုဏ်ယူနေလိုက်သေးတယ်။ သူမို့လို့သာ ဘယ်လောက်အထိ ခြေခြေမြစ်မြစ်လိုက်လံစိစစ်နိုင်တယ်ဆိုတဲ့သဘောမျိုးနဲ့ပေါ့။

မအောင်မမြင်ဖြစ်သွားရင်တော့ သူသူသူ၊ သူ့ကြောင့် သူ့ကြောင့် သူ့ကြောင့်။ အောင်မြင်လာရင်တော့ ငါငါငါ၊ ငါ့ကြောင့် ငါ့ကြောင့် ငါ့ကြောင့်။ သူများဘက်ကို လက်ညှိုးထိုးပြီး ကိုယ့်ဘက်ကိုတော့ လက်မထောင် လိုက်တယ်။

တစ်ချို့လူတွေကျတော့ လက်ညှိုးထိုးဖို့ စိတ်မဝင်စားဘူး။ ဘယ်နေရာမှာ ဘာတွေလိုအပ်နေသလဲ၊ ဒီလို လိုအပ်နေတဲ့အပေါ်မှာ ကိုယ့်အနေနဲ့ ပါဝင်အားဖြည့်ကူညီပေးနိုင်တာ ဘာတွေရှိမလဲ။ ဘယ်နေရာကနေ ဝင်တွန်းလိုက်ရင် အရွေ့တစ်ခုကိုရသွားနိုင်မလဲ၊ ကိုယ့်အနေနဲ့ ဘယ်တာဝန်ကို ယူလိုက်နိုင်မလဲ၊ ဘယ်လို ဝန်ထုပ် ဝန်ပိုးတွေကို ကိုယ့်ပုခုံးနဲ့ ထမ်းတင်နိုင်မလဲဆိုတာမျိုးကိုသာ ရှာဖွေပြီးတော့ ကိုယ်တတ်နိုင်သလောက် ဝင်ထမ်း သွားလေ့ရှိကြတယ်။

ကဏ္ဍတစ်ခုခုမှာ လိုအပ်ချက်တွေတွေ့နေတယ်။ ဒါကို ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်လို့ မပြောဘူး။ ဒီလိုအပ်ချက်တွေအပေါ်မှာ ကိုယ့်အနေနဲ့ ဘာတွေအားဖြည့်ပေးနိုင်မလဲ။ လူအား၊ ငွေအား၊ ပစ္စည်းအား ဘယ်လို အရာမျိုးနဲ့ အားဖြည့်ပေးနိုင်မလဲဆိုတာကိုအရင်တွေးလိုက်တယ်။ ယုတ်စွအဆုံး ဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့ ကိုယ်ခံစားနားလည်မိသလို အကြံဉာဏ်လေးနဲ့ပဲဖြစ်ဖြစ် ပါဝင်ပံ့ပိုးလိုက်တယ်။

ကိုယ်က ချမ်းသားတဲ့သူလား၊ ဒါဆိုရင် ကိုယ့်မှာရှိတဲ့ ငွေကြေးတွေနဲ့ ပါဝင်အားဖြည့်လိုက်တယ်။ ကိုယ်က စာပေ၊ ဂီတ၊ အနုပညာဘက်က၊ ဘာသာရပ်ဆိုင်ရာဘက်က ပညာရှင်လား၊ ဒါဆိုရင်လည်း ကိုယ်တတ်နိုင်ရာ စာပေ၊ ဂီတ၊ အနုပညာ၊ ဘာသာရပ်ဆိုင်ရာပညာရပ်နဲ့ ပါဝင်အကျိုးပြုလိုက်တယ်။ ဒါမှမဟုတ် ကိုယ်က အားကစားသမားလား၊ တောင်သူလယ်သမားလား၊ ကုန်သည်ပွဲစားလား၊ အမှုထမ်း၊ အရာထမ်းလား၊ ဘယ်နေရာက လူပဲဖြစ်ဖြစ် ကိုယ်ကျွမ်းကျင်ပိုင်နိုင်ရာကဏ္ဍကနေ ပါဝင်အားဖြည့်နိုင်တာကို သိတယ်။ သိတဲ့အတိုင်းပဲ ကိုယ်နိုင်တဲ့ တာဝန်လေးတွေကို ယူယူပြီးတော့ သူများပုခုံးပေါ်ကဝန်ထုပ်ဝန်ပိုးကို ကိုယ့်ပုခုံးပေါ်မျှယူလိုက်တယ်။ ဘယ်သူ့ကိုမှ ဘာမှ အပြစ်ဆိုမနေဘဲနဲ့ ကိုယ်နိုင်သမျှဝန်ကို ဝင်ပြီးထမ်းလိုက်တယ်။ ကိုယ်ယူနိုင်တဲ့တာဝန်ကို ယူလိုက်တယ်။

တကယ်တော့ ဟောဒီလူ့လောကကြီးမှာ ကျင်လည်နေထိုင်ကြရသူတွေအားလုံးဟာ ခရီးသွားတွေပါတဲ့။ သံသရာခရီးသွားတွေပေါ့။ ခရီးသွားအချင်းချင်းကိုတော့ ခရီးဖော်တွေလို့ ဆိုရမှာပေါ့။ ခရီးသွားတွေထဲမှာ ကိုယ်လျှောက်မယ့်ခရီးကို မြန်မြန်သွက်သွက် လျှောက်လှမ်းနိုင်တဲ့သူလည်းရှိမယ်၊ ကိုယ့်ကိုယ်ကိုယ် မတ်တတ်ရပ်နိုင်ဖို့မှ အနိုင်နိုင်၊ ခပ်ယိုင်ယိုင်ခပ်နဲ့နဲ့ မနည်းကြီးကို အားခဲလျှောက်လှမ်းနေရတဲ့သူတွေလည်းရှိမယ်။ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုလျှောက်နေရတဲ့သူတွေအချင်းချင်းကြားမှာ အချင်းချင်းလက်တွဲကူညီဖို့ စိတ်မကူးဘဲနဲ့ ကိုယ်လွတ်ရုန်းလာပြီးတော့ အထုပ်အပိုးတွေ တစ်သီကြီးနဲ့ မနိုင်မနင်း ဖတ်ဖတ်မောနေတဲ့သူတွေကို လက်ညှိုးထိုးပြီး လှောင်နေပြောင်နေဖို့က သင့်ပါဦးမလား။

သူ့မှာလေးနေတဲ့ဝန်တွေကို ကိုယ်ကကူသယ်ပေးနိုင်မလား၊ ဒါဆိုရင် ကူသယ်ပေးလိုက်ရုံပေါ့။ ထမ်းပေးလိုက်ရုံပေါ့။ ဒီလိုမှမဟုတ်ဘဲ ကိုယ်လည်း ကိုယ့်ဝန်ကိုယ့်တာတွေနဲ့ကိုယ် ရုန်းကန်လျှောက်လှမ်းနေရသူမို့ သူတစ်ပါးရဲ့ဝန်ကို ဝင်ကူထမ်းပိုးပေးဖို့ မဖြစ်နိုင်ဘူးလား၊ ဒါဆိုရင်လည်း ကိုယ်လျှောက်ရမယ့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းရုံပဲပေါ့။ သူ့အထုပ်ကို ကိုယ့်ပုခုံးပေါ် ပြောင်းပြီး ထမ်းမပေးနိုင်ဘူး ဆိုရင်တောင်မှ “ရောက်ခါနီးပါပြီခင်ဗျာ၊ အားတင်းထားပါဦး”ဆိုတဲ့ အပြောမျိုးလေးနဲ့ အားပေး နိုင်မယ်ဆိုရင်တော့ တစ်ဘက်က ခရီးဖော်မှာလည်း နည်းနည်းတော့ အားတက်သွားမှာပေါ့။ ဒီလိုမှမဟုတ်ဘဲ “ဟာ၊ ဒီလူ့နှယ်၊ ဒီအထုပ်ကလေးမှ မသယ်နိုင်ဘူးလား၊ ပျော့လှချည်လား၊ ညံ့လှချည်လား”ဆိုတဲ့အပြောမျိုးနဲ့ လက်ညှိုးထိုး လှောင်ရယ်နေမယ်ဆိုရင်တော့ တစ်ဘက်ကခရီးဖော်ခမျာ ပင်ပန်းရတဲ့အထဲမှာ မခံချိမခံသာဝေဒနာတွေက ဆင့်ပြီးတော့ ကိုယ်စိတ်နှစ်ပါး ပင်ပန်းနွမ်းဟိုက်မှုဒဏ်တွေ ခံရလေမှာပေါ့။

သေချာစဉ်းစားကြည့်ရင် အားလုံးက ဝန်ထမ်းတွေပါ။ သံသရာခရီးသွားတွေမှန်သမျှ အားလုံးက ဝန်ထမ်း တွေချည်းပါပဲ။ တစ်ချို့က နိုင်ငံ့ဝန်ထမ်း၊ တစ်ချို့က ပုဂ္ဂလိကဝန်ထမ်း၊ တစ်ချို့က သာသနာ့ဝန်ထမ်း၊ တစ်ချို့က ရပ်ရေးရွာရေး တာဝန်တွေထမ်းရတဲ့ဝန်ထမ်း၊ တစ်ချို့က ကိုယ့်ဝန်ကိုယ်ထမ်းတဲ့ဝန်ထမ်း။ ပိုင်ရှင်လည်းဝန်ထမ်း၊ အလုပ်သမားလည်းဝန်ထမ်းပါ။ ပိုင်ရှင်ကလည်း ပိုင်ရှင်အလျောက် သူနိုင်တဲ့ဝန်တွေထမ်းနေရသလို၊ အလုပ်သမားကလည်း အလုပ်သမားအလျောက် သူနိုင်တဲ့ဝန်တွေကို ထမ်းနေရတာပါ။ သေချာတာကတော့ သူသူကိုယ်ကိုယ် ပုဂ္ဂိုလ်သတ္တဝါမှန်သမျှ ခန္ဓာ့ဝန်ကို ထမ်းနေကြရသူချည်းပါပဲ။ ဆိုင်ရာဆိုင်ရာဝန်တွေကို ထမ်းရွက် သည်ပိုးနေရတဲ့ ဝန်ထမ်းအချင်းချင်းကြားမှာ သူထမ်းနေရတဲ့ဝန်ထုပ်ဝန်ပိုးကို ကိုယ့်ပုခုံးပေါ်ဆွဲတင်ပြီး မကူညီပေးနိုင်ရင်တောင်မှ သူ့ကိုလက်ညှိုးထိုးပြီး စိတ်ပျက်အားလျော့အောင်တော့ မလုပ်သင့်ဘူးလို့ ဆိုချင်ပါတယ်။

ဟုတ်ပြီ။ ခရီးဖော်တွေအချင်းချင်းကြားမှာ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးမနေသင့်ဘူး၊ အပြစ်ရှာ မနေသင့်ဘူး၊ တစ်ယောက်ရဲ့အခက်အခဲကို တစ်ယောက်က ပါဝင်ကူညီဖြေရှင်းတဲ့သဘောနဲ့ တစ်ယောက်ရဲ့ဝန်ကို တစ်ယောက်က နိုင်သမျှလေး ကူညီထမ်းပိုးပေးသင့်တယ်၊ အများတွန်းနေတဲ့အရာတစ်ခုကို ပိုမိုအားကောင်းတဲ့ အရွေ့တစ်ခုဖြစ်အောင် ကိုယ်တတ်နိုင်ရာတစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ကူညီပြီးတော့ ပြိုင်တူတွန်းပေး သင့်တယ်။ ဒီလိုဆိုလိုက်တော့ ဘဝမှာ လက်ညှိုးသုံးတာမကောင်းဘူး၊ ပုခုံးသုံးတာပဲကောင်းတယ်လို့ မှတ်ယူ လိုက်ရတော့မှာလား။ ဒီလိုလည်းမဟုတ်ပြန်ပါဘူး။ လက်ညှိုးကို မကောင်းတဲ့နေရာမှာသုံးတယ်၊ ပုခုံးကို ကောင်းတဲ့နေရာမှာသုံးတယ်လို့လည်း တစ်ထစ်ချပြောလို့မရပြန်ပါဘူးတဲ့။

လူတစ်ချို့က မကောင်းတဲ့နေရာမှာသုံးတဲ့ လက်ညှိုးလေးဟာ တစ်ချို့လူတွေအတွက်ကျတော့ မွန်မြတ်တဲ့ နေရာအတွက် အသုံးပြုနိုင်သွားကြတယ်။ လူတစ်ချို့က ကောင်းတဲ့နေရာမှာသုံးတဲ့ ပုခုံးလေးကို တစ်ချို့ လူတွေကတော့ မကောင်းတဲ့နေရာအတွက်သုံးမိကြပြန်တယ်။ ဒီလိုလဲ ရှိပြန်သတဲ့။

လက်ညှိုးထိုးတယ်ဆိုတဲ့အသုံးအနှုန်းရှိသလို လက်ညှိုးညွှန်တယ်ဆိုတဲ့အသုံးအနှုန်းလည်း ရှိနေပြန်တယ်။ အနီးစပ်ဆုံးဥပမာကိုပြရရင်တော့ သားသမီးတွေအတွက် မိဘတွေဟာ လက်ညှိုးညွှန်ပေးတဲ့သူတွေပါ။ တပည့်အပေါင်းအတွက် ဆရာတွေဟာ လက်ညှိုးညွှန်သူတွေပါ။ ဒီဟာကိုမလုပ်သင့်ဘူး။ ဟိုဟာကိုလုပ်သင့်တယ်။ ဒီလိုမနေသင့်ဘူး၊ ဒီလိုနေသင့်တယ်။ ဒီလိုမဝတ်သင့်ဘူး၊ ဒီလိုဝတ်သင့်တယ်။ ဒီလိုမပြောသင့်ဘူး၊ ဒီလိုပြောသင့်တယ်။ ဒီလမ်းကိုမလျှောက်သင့်ဘူး၊ ဒီလမ်းကိုလျှောက်သင့်တယ် စသည်အားဖြင့် မိဘ၊ ဆရာသမား တွေဟာ သားသမီးတွေ၊ တပည့်တပန်းတွေအတွက် ကောင်းရာကောင်းကျိုးကို လမ်းညွှန်ပြသပေးကြတဲ့ လက်ညှိုး ညွှန်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါတယ်။

ဆိုဆုံးမခြင်းအနေနဲ့ လမ်းညွှန်ပေးတဲ့သူ၊ လက်ညှိုးညွှန်ပေးတဲ့သူရှိသလိုပဲ ဘယ်နေရာမှာ ဘာတွေရှိတယ်၊ ဘယ်ကွက်လပ်ကိုဘယ်သူတွေက ဖြည့်ပေးနိုင်မယ်ဆိုတာကို သိတဲ့သူက သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ဒီဘက်ကို သွားပါ၊ ဒီဟာလေးတော့ ဖြည့်ဆည်းပေးလိုက်ပါဆိုတဲ့ မွန်မြတ်တဲ့စိတ်ထားနဲ့ ညွှန်ပေးလိုက်တဲ့အဖြစ်လေးတစ်ခု ကြောင့် သက်ဆိုင်ရာနေရာတွေ၊ သက်ဆိုင်သူပုဂ္ဂိုလ်တွေမှာ ကောင်းကျိုးတွေဖြစ်ထွန်းသွားတာလည်း ရှိပါတယ်။

ကိုယ်သိထားတဲ့အသိလေးတစ်ခု၊ ကိုယ်ရခဲ့တဲ့အတွေ့အကြုံလေးတစ်ခုကို ပြန်လည်မျှဝေရင်းနဲ့ အကြောင်းက ဘယ်လိုရှိတယ်၊ အကျိုးကဘယ်လိုရှိတယ်ဆိုတာတွေကို မသိသေးတဲ့သူသိလာအောင်၊ သိပြီးတဲ့ သူတွေထပ်မံသိရှိရအောင် ဆောင်ရွက်ပေးတာဟာလည်း လက်ညှိုးညွှန်ခြင်းလို့ပဲ ရည်ညွှန်းရမှာပါ။ ဘယ်ဟာက အကောင်း၊ ဘယ်ဟာကအဆိုး၊ ဘယ်လမ်းကအမှန်၊ ဘယ်လမ်းကအမှား၊ ဘယ်လမ်းကသွားရင်တော့ ဘယ်နားကို ရောက်နိုင်တယ်၊ ဘယ်လမ်းကကွေ့ရင်တော့ ဘယ်အရွေ့ကိုရောက်နိုင်မယ် စသည်အားဖြင့် ကိုယ်သိသမျှ ကိုယ့်အသိအမြင်နဲ့ ညွှန်ပြပေးနေတာတွေကလည်း ကောင်းသော လက်ညှိုးညွှန်ခြင်းတွေဖြစ်ပါတယ်။

အကြီးဆုံးအမြတ်ဆုံး လက်ညှိုးညွှန်သူကို ပြဆိုရမယ်ဆိုရင်တော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဖြစ်ပါတယ်။ မကောင်းတာတွေကိုမလုပ်ကြနဲ့၊ ကောင်းတာတွေကိုလုပ်ကြပါ၊ စိတ်ကိုဖြူစင်အောင်ထားကြပါ ဆိုပြီးတော့ လေးဆယ့်ငါးဝါပတ်လုံးဟောကြားတော်မူခဲ့တာတွေကို အနှစ်ချုပ်ကြည့်လိုက်ရင် ဗုဒ္ဓအဆုံးအမမှန်သမျှ ဟာ ဘယ်ဟာလုပ်ရင်ဘယ်လိုဖြစ်မယ်၊ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်၊ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ် စသည်အားဖြင့် အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို လမ်းညွှန်ပြသနေခဲ့ခြင်းသာဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလည်း လမ်းညွှန်ပြသူ၊ လက်ညှိုးညွှန်ပြသူ ပုဂ္ဂိုလ်မြတ်အဖြစ် ရည်ညွှန်းလိုက်တာဖြစ်ပါတယ်။

လက်ညှိုးကိစ္စကို ခဏရပ်ပြီး ပုခုံးကိစ္စကို ဆက်ကြရအောင်ပါ။

တစ်ချို့သူတွေအတွက် သူတို့ရဲ့ပုခုံးဟာ ကိုယ့်ရဲ့ကောင်းရာကောင်းကျိုးတာဝန်ဝတ္တရားတွေ၊ ဝန်ထုပ် ဝန်ပိုးတွေ၊ ဆွေမျိုးဉာတိတို့ရဲ့ကောင်းရာကောင်းကျိုးတွေ၊ လောကသားတို့ရဲ့ကောင်းရာကောင်းကျိုး တာဝန်ဝတ္တရား တွေကို ထမ်းဆောင်ရာမှာ အသုံးပြုဖို့ဖြစ်နေပေမယ့် တစ်ချို့တွေအတွက်ကျတော့ ပြောင်းပြန်ဖြစ်သွားပါတယ်။

တိရစ္ဆာန်တို့ရဲ့လောကအကြောင်းပြောကြတဲ့အခါမှာ ခွာရာတိုင်းတယ်၊ ခြေရာတိုင်းတယ်ဆိုတဲ့ အသုံးအနှုန်း လေးတွေရှိပါတယ်။ ကျားငယ်လေးက အဖေဖြစ်တဲ့ကျားကြီးကို ပြန်လည်ယှဉ်ပြိုင်ချင်တဲ့အခါမှာ အဖေ့ခြေရာထဲကို ကိုယ့်ခြေထောက်ကလေးနဲ့ ထောက်ထောက်ကြည့်တယ်။ အဖေ့ခြေရာကကြီးပြီး ကိုယ့်ခြေရာက သေးနေသေးတယ်ဆိုရင် ဘာမှမလုပ်သေးဘူး။ ဒီအတိုင်းပဲဆက်နေသေးတယ်။ နှစ်၊ လ၊ ရက်တွေကြာညောင်း ပြီးတော့ ကိုယ်ခန္ဓာအရွယ်အစားကြီးမားလာတဲ့တစ်နေ့၊ အဖေ့ခြေရာနဲ့ ကိုယ့်ခြေရာ တစ်ထပ်တည်းဖြစ်လာတဲ့ တစ်နေ့မှာ ဒီအဖေကို ပြန်လည်တိုက်ခိုက်ဖို့၊ ပြန်လည်ဟိန်းဟောက်ဖို့၊ ပြန်လည်သတ်ဖြတ်ဖို့ ကြိုးစားတော့တာ ပါပဲတဲ့။ ခွာရှိတဲ့သတ္တဝါများကျတော့လည်း ဒီလိုပါပဲတဲ့။ အကြီးရဲ့ခွာရာကို အငယ်ကတိုင်းပြီး ခွာရာချင်းတူတဲ့ တစ်နေ့မှာ ပြန်လှန်ရန်တွေ့တာမျိုးဖြစ်လေ့ရှိပါသတဲ့။

လူ့ဘောင်လူ့နယ်မှာတော့ ခြေရာတိုင်းတယ်၊ ခွာရာတိုင်းတယ်ဆိုတဲ့အသုံးအနှုန်းကို တိုက်ရိုက်သုံးဖို့ မသင့်ပေမယ့် ပုခုံးချင်းယှဉ်တယ်ဆိုတဲ့အသုံးအနှုန်းကတော့ ရှိနေပါတယ်။ ကလေးလေးတွေ ရန်ဖြစ်ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မင်းကဘာမို့လဲ၊ ငါကဘာမို့လဲဆိုပြီး ပြောကြဆိုကြ ငြင်းကြခုံကြရင်းနဲ့ အချင်းများနေတုန်းမှာ ဒီတစ်ယောက်ကလည်း ရှေ့ကိုတိုး၊ ဟိုတစ်ယောက်ကလည်း ရှေ့ကိုတိုးပြီး တိုးရင်းတိုးရင်း ကပ်ရင်းကပ်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ပုခုံးချင်းယှဉ်ပြီး ဘယ်သူကဘယ်သူ့ထက် ကိုယ်လုံးကိုယ်ထည် ပိုထွားသလဲ၊ ဘယ်သူကအရပ်ပိုရှည်သလဲ၊ ဘယ်သူက ဗလပိုတောင့်သလဲဆိုတာကို ကြည့်ပြီးတော့မှ သိပ်မကွာတဲ့သူအချင်းချင်း လုံးထွေးသတ်ပုတ်ကြတာမျိုး၊ ဒါမှမဟုတ် အားကြီးတဲ့သူက အားငယ်တဲ့သူကို နှပ်စက် ကျီစားတာမျိုး၊ အားငယ်တဲ့သူကလည်း အားကြီးတဲ့သူကို ဘယ်လောက်အရှိန်သုံးပြီး ပြန်လှန်သတ်ပုတ်ရမလဲ ချိန်ဆတာမျိုး လုပ်လေ့ရှိကြတယ်။

အရွယ်ရောက်လာကြတဲ့အချိန်ကျတော့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ကြပြိုင်ကြတဲ့အခါမှာ ကာယ ဗလက သိပ်အရေးမပါတော့ဘူး။ သူကဘာလဲ၊ ကိုယ်ကဘာလဲ၊ သူကဘယ်နေရာကလူလဲ၊ ကိုယ်ကဘယ်နေရာက လူလဲ၊ သူကဘာရာထူးတွေရှိသလဲ၊ ကိုယ်ကဘာရာထူးတွေရှိသလဲ၊ သူကဘယ်ကဏ္ဍမှာအောင်မြင်နေသလဲ၊ ကိုယ်က ဘယ်ကဏ္ဍမှာအောင်မြင်နေသလဲ စသည်အားဖြင့် တစ်ယောက်နဲ့တစ်ယောက် ပုခုံးချင်းယှဉ်မိတတ်ကြ ပါတယ်။

တစ်ချိန်တုန်းက လက်အောက်ငယ်သားတစ်ယောက်က တစ်နေ့နေ့တစ်ချိန်ချိန် သူ့ဆရာနဲ့ ရာထူးအဆင့် တူလာတဲ့အချိန်မှာဖြစ်စေ၊ သူ့ဆရာထက်ပိုပြီး ကြီးမြင့်သွားတဲ့အခါဖြစ်စေ သူ့ဆရာ့ကိုပုခုံးချင်းပြန်ယှဉ်တာမျိုး တွေ့ကြကြုံကြရပါတယ်။ ဆရာနှင့်တပည့်၊ အကြီးနဲ့အငယ် ဒီလိုလူတွေကြားမှာမှ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ မိတ်ဆွေအပေါင်းအသင်းအချင်းချင်း၊ ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်နယ်သားအချင်းချင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံကြတဲ့အခါမှာ သူ့ပုခုံးနဲ့ ကိုယ့်ပုခုံးကိုကြည့်ပြီးမှ၊ ပုခုံးချင်းယှဉ်ပြီးတော့မှ ပြောကြဆိုကြတာတွေရှိနေပါတယ်။

လူအချင်းချင်းဆက်ဆံကြတဲ့ဆက်ဆံရေးမှာ လူကလူကိုလူလိုမြင်ပြီးတော့ အတူတူလူလူချင်းပါလားဆိုတဲ့ အသိနဲ့ ခင်မင်လေးစားမှု၊ ရင်းနှီးယုံကြည်မှုအပြည့်နဲ့၊ စိတ်ရင်းအမှန်နဲ့ ဆက်ဆံတာမျိုးမဟုတ်ဘဲနဲ့ သူနဲ့ကိုယ် ပုခုံးချင်းယှဉ်ကြည့်ပြီးတော့မှ ဆက်ဆံတာမျိုးကိုဆိုလိုတာပါ။ ပုခုံးချင်းယှဉ်တာက ငယ်ငယ်တုန်းကလို သူ့ပုခုံးနဲ့ ကိုယ့်ပုခုံး ယှဉ်ရပ်ကြည့်တာကိုဆိုလိုတာမဟုတ်ပါဘူး။ သူဘယ်သူလဲ၊ ကိုယ်ဘယ်သူလဲဆိုတာကို ကိုယ့်စိတ်ထဲက အရင်ယှဉ်ကြည့်ပြီးတော့၊ သူနဲ့ကိုယ်အကြားမှာ သူ့တံဆိပ်၊ ကိုယ့်တံဆိပ် ကပ်နှိပ်ကြည့်ပြီးတော့မှ ဆက်ဆံတာကို ဆိုလိုတာပါ။

ကိုယ့်ရှေ့ကလူက ကိုယ့်ထက်ပုခုံးမြင့်တဲ့သူလား။ ဒါဆိုရင် အလွန်အင်မတန်မှကို ရိုကျိုးတုပ်ဝပ်ပြီးတော့ ခခယယဆက်ဆံတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့သူက ကိုယ့်ထက်ပုခုံးနိမ့်တဲ့သူလား။ ဒါဆိုရင်တော့ မောက်မောက် မာမာနဲ့၊ အထက်စီး လေသံမျိုးနဲ့ ခပ်ဖိဖိ၊ ခပ်နှိပ်နှိပ်ဆက်ဆံတော့တယ်။

အမှန်တော့ လူကလူကိုလူလိုမြင်ပြီးတော့ စိတ်ရင်းအမှန်နဲ့ ပြောဆိုဆက်ဆံကြခြင်းကသာ အကောင်းဆုံး ဖြစ်မှာပါ။ ဒီလိုပြောလို့ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတဲ့ လူ့ကျင့်ဝတ်ကြီးတွေကို လစ်လျူရှုပစ်လိုက်တော့မှာလားလို့တော့ မဆိုလိုက်ပါနဲ့။ အဲ့သလောက်အထိ အစွန်းတရားတွေဘက်ကို ရောက်သွားဖို့ဆိုလိုတာမဟုတ်ပါ။ အရာရာကို ပုခုံးချင်းယှဉ်ကြည့်ပြီးှ အထက်ဖားအောက်ဖိလုပ်တာမျိုးကို ရှောင်ရှားစေလိုတဲ့သဘောသာဖြစ်ပါတယ်။

တစ်ချို့ကျပြန်တော့လည်း ကိုယ့်ထက်ပုခုံးမြင့်နေတဲ့သူနဲ့တွေ့ရင် အခုလောလောဆယ်တော့ ဝပ်တွားခယ ဆက်ဆံလိုက်ဦးမယ်၊ ငါသူ့လိုဖြစ်လာတဲ့တစ်နေ့၊ သူနဲ့ငါပုခုံးချင်းယှဉ်နိုင်တဲ့တစ်နေ့တော့ ဒီအကြွေးတွေကို ပြန်ပြီးတော့ဆပ်လိုက်ဦးမယ်၊ ငါသူ့ထက်ပုခုံးမြင့်လာတဲ့တစ်နေ့တော့ ပြန်ပြီးတော့ကို နှိပ်ကွက်လိုက်ဦးမယ် ဆိုတဲ့ အတွေးအမြင်မျိုးရှိကြပြန်ရော။

ပုခုံးချင်းယှဉ်တဲ့အတွေးအမြင်မျိုးကို ဆုပ်ကိုင်ထားသူများကျတော့ အရာရာကို ဒီအတွေးအမြင်မျိုးနဲ့သာ ရင်ဆိုင်ချဉ်းကပ်ဖြေရှင်းလေ့ရှိကြပါတယ်။ ကိစ္စတစ်ခုဆောင်ရွက်တဲ့အခါ ဘယ်လိုနည်းလမ်းနဲ့ ဆောင်ရွက်မယ်၊ အကောင်းဆုံးဖြစ်အောင်ဘယ်လိုတွေလုပ်လိုက်မယ်၊ ရလဒ်ကောင်းတွေပေါ်ထွက်လာအောင် ဘယ်လိုချဉ်းကပ် ဖြေရှင်းလိုက်မယ်ဆိုတဲ့ အတွေးကနောက်မှလာတယ်။ အရင်ဆုံးလာတာက ငါကဘယ်သူ၊ သူတို့ကဘယ်သူ၊ ဒီနေရာမှာ ငါကသူတို့ထက်ရာထူး၊ ဂုဏ်၊ ဓနစသည်အားဖြင့် ကြီးမြင့်တယ်၊ ဒါ့ကြောင့်မို့ ဒီကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ငါ့အယူအဆ၊ ငါ့အတွေးအခေါ်၊ ငါ့သုံးသပ်ချက်၊ ဆုံးဖြတ်ချက်တွေကိုသာလျှင် လိုက်နာကြရမယ်၊ ပြောရင်လည်းငါအရင်ပြောရမယ်၊ ဆုံးဖြတ်ရင်လည်း ငါ့သဘောနဲ့သာဆုံးဖြတ်ရမယ် စသည်အားဖြင့် တွေးကြပါတယ်။ တစ်ဘက်က ဘာလုပ်နေသလဲ၊ ဘာပြောနေသလဲဆိုတာထက် အခု ပြောနေတာက ဘယ်သူလဲ၊ အဲ့ဒီလူရဲ့ ပုခုံးက ကိုယ့်ထက်မြင့်သလားနိမ့်သလားဆိုတာကိုကြည့်ပြီးတော့ လိုက်နာ လက်ခံဖို့သင့်မသင့်ကို တစ်ဘက်က ဘာမှမပြောသေးခင် ကိုယ့်ဘာသာကြိုတင် ဆုံးဖြတ်မိလျက်သား ဖြစ်နေတတ်ပါတယ်။ ဘယ်ကိစ္စမှာပဲ ဖြစ်ဖြစ် ပုခုံးချင်းယှဉ်ကြည့်တဲ့အကျင့်ကြီးက ပါနေတော့တယ်။

တစ်ယောက်ယောက်နဲ့တွေ့တယ်၊ ပုခုံးချင်းအရင်ယှဉ်ကြည့်တယ်။ ကိုယ့်ထက်ပုခုံးနိမ့်တဲ့သူတွေ့တော့ ငါသူ့ကို သိပ်ဂရုစိုက်စရာမလိုဘူးလို့ တွေးတယ်။ ကိုယ်နဲ့ပုခုံးချင်းတူတဲ့သူတွေ့တော့ သူနဲ့ငါအတူတူပဲ သူလည်း ပြောချင်တာပြော၊ ငါလည်းလုပ်ချင်တာလုပ်မယ်လို့တွေးတယ်။ ကိုယ့်ထက်ပုခုံးမြင့်တဲ့သူတွေ့တော့ စိတ်ထဲက မပါသည်ဖြစ်စေ၊ ပါသည်ဖြစ်စေ အလွန်အမင်း ဝပ်တွားခယတာမျိုး၊ ဒါမှမဟုတ် ပုခုံးမြင့်တဲ့သူတွေကိုကြည့်ပြီး ငါ့မှာတော့ သူတို့လောက်မမြင့်ပါလားလို့ တွေးရင်းက စိတ်ဓာတ်တွေကျဆင်းနေတာမျိုး ဖြစ်တတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အရောင်အသွေးတွေ၊ တံဆိပ်တွေကိုအရင်ကပ်မကြည့်ဘဲ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်း ကြခြင်းကသာ ပိုကောင်းမယ်လို့ ထင်မိပါတယ်။

တစ်ချို့တွေက လက်ညှိုးထိုးတတ်ကြတယ်၊ တစ်ချို့တွေက လက်ညှိုးညွှန်ပြလေ့ရှိကြတယ်။ တစ်ချို့က ကိုယ်နိုင်ရာတာဝန်ကို ပုခုံးနဲ့ထမ်းတင်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ဆင့်မြှင့်နိုင်ဖို့ ကိုယ်စွမ်းနိုင်သမျှလေးနဲ့ ကြိုးပမ်းတတ်ကြတယ်၊ တစ်ချို့ကတော့ ဘယ်သူနဲ့တွေ့တွေ့ ပုခုံးချင်းယှဉ်ကြည့်တဲ့အကြည့်မျိုးအမြင်မျိုးနဲ့ ရှုလေ့မြင်လေ့ရှိကြတယ်။

လက်ညှိုးနှင့်ပုခုံးဆိုတာ လူတိုင်းမှာရှိကြတယ်။ အဲ့ဒီလက်ညှိုးနှင့်ပုခုံးကို ဘယ်လိုသုံးမလဲဆိုတာကတော့ ကိုယ့်ရဲ့လွတ်လပ်ခွင့်ဖြစ်ပါတယ်။ တစ်ခုသတိချပ်ရမှာကတော့ ဘယ်ဟာကို ဘယ်လိုသုံးသလဲဆိုတာတွေကွာသွား ရာကတစ်ဆင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဘယ်သူတွေဘယ်လိုဖြစ်လာသလဲဆိုတဲ့အချက်တွေ ကွာခြားသွားတတ် တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ လက်ညှိုးနှင့်ပုခုံးကို ဘယ်လိုသုံးမလဲ ခွဲခြားနိုင်ကြပါစေ။

Comments

comments

Next Post

Myanmar Radio June 2nd Week

Fri Jun 12 , 2020
အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ ယာဉ်သက်တမ်းတိုးခြင်းလုပ်ငန်းများ ပြန်လည်စတင်နေပြီဆိုတဲ့သတင်း၊ စစ်ကြောင့်နိုင်ငံသားမှတ်ပုံတင် ပျောက်ဆုံးသွားခဲ့သူတွေ မဲပေးခွင့် ဆုံးရှုံးနိုင်တယ်ဆိုတဲ့သတင်းနှင့် “တောင်စောင်းတွေပေါ်မှာ ဆူးထိုးပြီး စပါးစိုက်ပျိုးလေ့ရှိတဲ့ ကယောလူမျိုးတွေရဲ့ဓလေ့” ဆိုတဲ့ ဆောင်းပါးလေးအပြင် တေးရေး တေးဆို Aပိုင်ထက်နှင့် Exit သီဆိုထားတဲ့ “ငါတို့မြို့ လွိုင်ကော်” ဆိုတဲ့ အမိုက်စား သီချင်းလေး တစ်ပုဒ်ကိုလည်း ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Comments comments