spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်ရှိကရင်နီပြည် အတွင်းမှာ စကစ နဲ့ တိုက်ပွဲအခြေအနေ၊ နယ်မြေစိုးမိုးမှုအနေအထားတွေအပေါ် ကရင်နီပြည်အစိုးရ ကာကွယ်ရေးဒုဝန်ကြီး နဲ့ အင်တာဗျူး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နွေဦးတော်လှန်ရေးလို့ သမှုတ်ကြတဲ့ ၂၀၂၁ စစ်အာဏာရှင်ကို တော်လှန်တဲ့ကာလဟာ နှစ်နှစ်နီးပါး ရှည်ကြာလာခဲ့ပါပြီ။ နှစ်နှစ်အတွင်း ကရင်နီပြည်နယ်ရဲ့ တော်လှန်မှုအခြေအနေ ဘယ်လောက်ထိ ရှိနေပြီလဲ၊ စစ်ကောင်စီရဲ့ တပ်လှုပ်ရှားမှု အခြေအနေ ဘယ်လိုရှိပါသလဲ။ ဒါ့အပြင် စစ်ကောင်စီက ကျင်းပသွားမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒု-ဝန်ကြီး ခူဒယ်နီယာယ် ကို ကန္တာရဝတီတိုင်း( မ် ) က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် တော်လှန်ရေးက ကွာခြားချက် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အစပိုင်း ၂၀၂၁ ထဲမှာ တော်တော်လေးကြီးကျယ်တယ်လို့ ပြောလို့ရပါတယ်။ ဒီ ၂၀၂၂ ထက်စာရင် ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေက ပွဲကြီးတွေက ၂၀၂၁ထဲမှာ ပိုများတယ်။ ဒီ ၂၀၂၂ထဲမှာက တိုက်ပွဲပိုများတယ်။ သို့သော် မတူတော့ဘူး။ တိုက်ပွဲသေးတွေ ပြန်ဖြစ်သွားတယ်။ အဲဒီလိုမျိုးတော့ ဖြစ်တယ်ပေါ့နော။ ၂၀၂၁မှာက ရွာတွေမီးရှို့ ရွာထဲမှာ လူထုတွေထွက်ပြေးစသည်ဖြင့်ပေါ့။ အဲဒါတွေက တိုက်ပွဲကြီးကြီးဖြစ်ပြီးမှ ၂၀၂၂မှာက တိုက်ပွဲတွေက ပိုများတယ်။ သို့သော် လူထုကို ထိခိုက်နစ်နာတဲ့ဟာ မီးလောင်တာဘာညာတွေတော့ နည်းနည်းလျော့လာတယ်။

၂၀၂၁ တုန်းကတော့ နယ်မြေစိုးမိုးမှုနဲ့ပတ်သက်ပြီး တိတိကျကျ ပြောလို့မရဘူး တိုက်ပွဲဖြစ်နေတယ် နောက်ပြီးတော့မှ သွားလာလို့ရသေးတယ်။ စစ်ကောင်စီဖက်ကလည်း သွားလာလို့ရသေးတယ်။ ကိုယ့်ဖက်လည်း သွားလာနေသေးတယ်။ နောက် ဥပမာ စခန်းတွေ တဖြည်းဖြည်း သူတို့ဆုတ်သွားတာတွေ ရှိတယ်။ ကိုယ်ကလမ်းထိန်းနိုင်တာတွေ ရှိတယ် ၊ အဲလိုမျိုး ၂၀၂၁ မှာတော့ စဖြစ်တယ် ၂၀၂၂ မှာဆိုတော့ တကယ့်တပ်ရင်းတွေမှာပဲ ရှိတော့တယ်။ အပြင်သိပ်မထွက်တော့ဘူး ဒီလမ်းမကြီးကို ဦးတည်တဲ့ ဟို ဦးတည်သွားတာပဲ ရှိတော့တယ်။ ကိုယ့်ဖက်ကတော့ နယ်မြေစိုးမိုးမှု တဖြည်းဖြည်းရယ်လို့ ကျယ်ပါတယ်။ နယ်မြေစိုးမိုးမှု ဆိုတဲ့နေရာမှာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့။ ဉပမာ အုပ်ချုပ်ရေးချမှတ်နိုင်လား ပညာရေးကျန်းမာရေး လုပ်နိုင်တယ်ဆိုတဲ့ ဟာမျိုးတော့ နေရာတကာမှာ မလုပ်နိုင်ပြန်ဘူး။ တစ်ချို့နေရာမှာပဲ လုပ်နိုင်တယ်။ သို့သော် စစ်ရေးလှုပ်ရှားမှု ၊ စစ်ရေးသွားလာမှုပေါ့လေ။ အဲဒါတွေကတော့ ၂၀၂၂ ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပိုလုပ်လာနိုင်တာ တွေ့ရတယ်။

သူတို့ နယ်မြေအုပ်ချုပ်မှုလို့ ပြောရင် ဘယ်ဟာအခြေခံပြီးတော့မှ ပြောရမလဲပေါ့ အုပ်ချုပ်ရေး ချမှတ်နိုင်တာ ပြောမလား သို့မဟုတ်ရင် တော်လှန်းရေးလက်နက်ကိုင်တွေအားလုံး လွတ်လွတ်လပ်လပ်သွားလာလို့ရတဲ့နေရာကို ပြောတာလား ဆိုတော့ အခုလက်နက်ကိုင်သွားလာမှုကိုပဲ ပြောရမယ်ဆိုရင် ဒီ ၂၀၂၂ ထဲမှာကတော့ တဖြည်းဖြည်းပိုကျယ်လာတာပေါ့ ။ သူတို့ကတော့ သူတို့တပ်ရင်းစခန်း မြို့ထဲမှာပဲ အဲလောက်ပဲ ကျန်မယ်။

မေး။ ။ ဒီအာဏာသိမ်းပြီးနောက် တိုက်ပွဲတွေအတွင်းမှာ တော်လှန်ရေးအင်အားစုဖက်နဲ့ စစ်ကောင်စီဖက် အထိအခိုက်အကျအဆုံးတွေက အခြေအနေဘယ်လိုရှိနေခဲ့လဲ။

ဖြေ။ ။ နှစ်ဖက်စလုံးကတော့ ထိခိုက်ကျဆုံးမှုတွေရှိကြတယ်။ ရန်သူ စစ်ကောင်စီဖက်ကတော့ ပိုများတယ် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကတော့ ကိုယ့်ဖက်က ကျဆုံးမှုတွေများတယ် ပြည်သူလူထုကလည်း ထိခိုက်မှုပိုများတယ်။ ၂၀၂၂ မှာက လူထုတွေက နည်းနည်းဝေးသွားကြပြီ ထိခိုက်မှုလည်း ရှိပါတယ်။ လူထုထိခိုက်မှုက များနေတုန်းပဲ ။ ကိုယ့်ဖက်က တပ်သားလို့ပြောရမှာပေါ့ ဒီလက်နက်ကိုင်တဲ့ ကျဆုံးမှုကနည်းနည်းကျလာတယ်။ ဟိုအရင်က ၂၀၂၁ လောက် မများတော့ဘူး နည်းနည်းကျလာတယ် ။ ရန်သူဖက်ကလည်း ၂၀၂၁ တုန်းကဆို အကျအဆုံးပိုများမယ်။ ၂၀၂၂ ကလည်း အတူတူပါပဲ သူတို့ကတော့ ကျဆုံးမှု များနေတုန်းပဲ ။ ကိုယ့်ဖက်ကတော့ နည်းနည်းတော့ လျော့လာတာပေါ့နော်။

မေး။ ။ လက်ရှိ ကရင်နီပြည်တွင်းကိုကြည့်မယ်ဆိုလိုရှိရင် တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီကြား ဘယ်အဖွဲ့က အသာစီးရနေတယ်လို့ ပြောလို့ရနိုင်လဲ။

ဖြေ။ ။ စစ်ရေးအရပြောရင်တော့ ကိုယ့်ဖက်က အသာစီးရနေတဲ့ အနေအထားမှာရှိတယ်။ ကိုယ်ကတော့ ဧရိယာလည်း ပိုကျယ်တယ် နေရာတကာမှာလည်းရှိတယ်။ အသာစီးရတယ်လို့ ပြောလို့ရပေမယ့် သူတို့ဖက်က မထွက် မသွားမလာတော့တာတွေ ရှိတယ်။ နောက်ပြီးတော့ သူတို့မသွားလာနိုင်တဲ့အတွက် မိုင်းချထားတဲ့ ဧရိယာတွေက တဖြည်းဖြည်း ကျယ်လာတယ်။ ဥပမာ ငွေတောင်အုပ်စုတို့လို ဒီနောက်ဖက် တစ်ခြမ်းပေါ့ ဒီအရှေ့ဖက်မှာဆိုရင် ငွေတောင်အုပ်စုတို့ ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ဆိုရင် သူတို့တပ်နဲ့နီးတဲ့ နေရာတွေ မိုင်းကွင်းတွေ သူတို့ မိုင်းထောင်ထားလိုက်တော့ အဲဒီဟာတွေလည်း ကိုယ်က မသွားနိုင်တော့တဲ့ဟာတွေရှိတယ်။ နောက်ပြီးတော့မှ ဒီးမော့ဆိုအနောက်ဖက်ခြမ်း သေးဆူလဲ – နန်းမယ်ခုံ တကျောလုံးကလည်း သူတို့ ပြန်ဝင်လာတဲ့အပြင် မိုင်းတွေကလည်း နကိုယ်ချထား‌တော့ အဲလိုမျိုးနေရာက သွားလာဖို့တော့ နည်းနည်းခက်သွားတယ်။ ကိုယ်က နေရာကျယ်ပေမယ့်လည်း သူတို့ အပြင် မထွက်တော့ဘူး‌ပြောပေမယ့်လည်း သူတို့မိုင်းတွေချထားတော့ အဲဒီနေရာကို သွားလာဖို့နည်းနည်းခက်သွားတာပေါ့။

မေး။ ။ လက်နက်အင်အားပိုင်းအနေနဲ့ကြည့်မယ်ဆိုရင်ကော အခြေအနေဘယ်လိုရှိနေလဲ။

ဖြေ။ ။ အဲလိုမျိုး ယှဉ်လို့ကတော့ သူတို့ကို မမှီဘူး။ မမှီဘူးဆိုတာက သူတို့က အစိုးရ အဆက်ဆက်ကနေ ပိုင်ဆိုင်လာတဲ့ လက်နက်ခဲယမ်းတွေ ရှိတယ်။ နောက်ပြီးတော့မှ သူတို့မှာ စက်ရုံတွေရှိတယ်။ သူက တစ်ခြားနိုင်ငံကို လက်နက်တွေ တရားဝင် တင်သွင်းလို့ရတယ်။ ဆိုတော့ သူ့ကို လက်နက်ခဲယမ်းတွေ သွားယှဉ်လို့ မရဘူး။ သို့သော် ဒီဖက်ကလည်းပဲ လက်နက်တွေ တဖြည်းဖြည်း ပြည့်စုံလာတယ်လို့ ပြောလို့ရပါတယ်။ ၂၀၂၁ တုန်းက လူ ၁၀၀ မှ တစ်လက်နှစ်လက် နောက်ပြီးတော့မှ ခေတ်မမှီတဲ့ ယမ်းထောင်းတွေ လက်လုပ်သေနတ်တွေ အဲဒါတွေပဲ ကိုင်ကြတယ်။ သို့သော် ၂၀၂၂ မှာက ခေတ်မှီလက်နက်တွေ လက်နက်ငယ်တွေပဲပေါ့ လက်နက်ငယ်တွေက စုဆောင်းရမိတာ‌တွေရှိတယ်။ နောက်ပြီးတော့မှ ကိုယ့်ကိုတီထွင်ထားတဲ့ လက်နက်ကြီးလို့လဲ ပြောလို့ရပါတယ်။ အဲဒါတွေလည်း ကိုယ့်ဟာကိုယ် တီထွင်ထားကြတဲ့ဟာတွေလည်းရှိတယ်။ မိုင်းတွေလည်း ကိုယ့်ကိုယ် လုပ်ကြတာတွေရှိတယ်ဆိုတော့ နည်းနည်းပြည့်စုံတာက လွှဲလို့ သူတို့ကိုတော့ ယှဉ်လို့ မရဘူး။ သူတို့မှာက လေတပ်ရှိတယ်။ နောက်ပြီးတော့မှ ကြေးတပ်တွေအတွက် စက်ရုံတွေရှိတယ်။ အဲဒီတခုတော့ သွားယှဉ်လို့တော့ မရသေးပါဘူး။

မေး။ ။ ဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က တိုက်ခိုက်တဲ့နေရာမှာ ဗုံးသီးတပ်ဒရုန်းတွေကိုပါ အသုံးပြုတိုက်ခိုက်လာတာတွေ့ရတယ်။ အဲဒီအပေါ်မှာကော ဆရာကြီးအနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ သူတို့မှမဟုတ်ဘူး ကိုယ့်ဖက် နည်းမျိုးစုံနဲ့တိုက်ခိုက်တယ် သူတို့ကလည်း နည်းမျိုးစုံနဲ့ တိုက်ခိုက်လာမှာပဲ။ ခုနကပြောတဲ့ ဒရုန်းတွေက ဒီဖက်ကလူတွေ အရင်ဆုံး သုံးတယ်တိုက်ခိုက်မှုတွေ သုံးတယ်။ သူတို့လည်း ခုခံကာကွယ်တဲ့ ဂျာမာ တွေရှိတယ် ဒရုန်းတွေကို ကာကွယ်တဲ့ ဂျာမာတွေ သူတို့တပ်ဆင်တယ်။ တကယ်တမ်းပြောရင် ဒရုန်းကို သူတို့အရင်ဆုံးသုံးတယ်။ ဒါပေမယ့် တိုက်ခိုက်ရေးမှာက ဒီဖက်ကအရင်သုံး တယ် သူတို့ ကတော့ လူထုရယ် လက်နက်ကိုင်အဖွဲအစည်းရယ်လို့ မခွဲဘူး သူတို့ တိုက်ခိုက်ချင်တဲ့ နေရာကတော့ သူတို့တိုတိုက်ခိုက်မှာပဲ ကိုယ်ဖက်မှာက တစ်ခု ကြိုတင်ပြင်ဆင်မှုတော့ လိုတယ်ပေါ့။ ဥပမာ ခုနက ပြောတဲ့ ဂျာမာတွေ နေရာတကာမှာ တပ်ဆင်ရမယ်။ နောက် ဒရုန်းတွေ မလာနိုင်အောင် ကိုယ်ကလည်း အမြဲတမ်းထောက်လှမ်းထားရမယ် ပြီးရင် လူထုအတွက်ကတော့ အကာအကွယ် ရနိုင်ဖို့က ဒီ ဗုံးခိုကျင်းတွေ ကောင်းကောင်းလုပ်ထားဖို့လိုတယ် နောက်ပြီးတော့မှ အဆက်အသွယ်တွေ ကောင်းကောင်းရှိနေဖို့လိုတယ်။ ဥပမာ တစ်ရွာနဲ့တစ်ရွာ သတင်းတွေ အမြန်ဆုံးပေးနိုင်ကြရင် အကောင်းဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုပဲပေါ့။

ဉပမာ ဒရုန်းထွက်လာပြီးဆိုရင် တွေ့ရင် အားလုံးသတင်းတွေ ဖြန့်ကြ။ အဲဒါမှ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့နည်းလမ်းထဲမှာပါတယ်။ ကိုယ့်ဖက်ကတော့ လောလောဆယ် ဒါပဲလုပ်နိုင်တယ်။ နေရာတကာမှာ ဒရုန်းတွေကို ကာကွယ်နိုင်တဲ့ ဂျာမာ (jammer) တွေ တပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
ဒီဂျာမာတွေက ဝယ်မှဖြစ်မယ်ပေါ့။ ဆိုတော့ လူထုတွေအနေနဲ့ တစ်ချို့က ဝယ်လို့သူတို့ကိုပြောရင်လည်း သူတို့ ဝယ်မှာပါ တစ်ချို့ဆိုလည်း တာဝန်ရှိတဲ့သူတွေ အနေနဲ့တော့ ဒါက တာဝန်ယူပြီးတော့မှ လုပ်ဆောင်ပေးရမယ် အကာအကွယ်ပေးရမယ် တာဝန်ရှိတဲ့သူတွေ လက်နက်ကိုင်အဖွဲအစည်းတွေ နောက်ပြီးတော့မှ ကရင်နီပြည်မှာဆိုရင် လူထုနဲ့ အနီးစပ်ဆုံး ရှိနေတာက အဖွဲ့အစည်းတွေက အားလုံးအနီးအကပ်ရှိနေပါတယ်။ သို့သော် စုပေါင်းဖွဲ့စည်းထားတဲ့ KSCC ကတာဝန်အရှိဆုံးပဲ။ ဒီဟာတွေက KSCC စီမံခန့်ခွဲပြီး လုပ်ပေးရမှာ။
ပြောရရင်တော့ လိုအပ်နေပြီ။ ပြီးခဲ့တဲ့ အရင်တစ်နှစ် ပြီးခဲ့တဲ့ လပဲပေါ့ သူတို့ ခုနက ပြောတဲ့နေရာမှာ ဒရုန်းတွေသုံးထားပြီးပြီ တခြားနေရာမှာ ဒရုန်းတွေသုံးနေတာ တိုက်ခိုက်ရေးတွေမှာ သုံးနေတာရှိတယ်။ လိုအပ်နေပြီ ပြောလို့ရတယ်။ ကြိုတင်ပြင်ဆင်ထားရမယ်လို့လဲ ပြောလို့ရပါတယ်။

မေး။ ။ လက်ရှိကရင်နီပြည်တွင်းမှာကော စစ်ကောင်စီလှုပ်ရှားမှု အခြေအနေဘယ်လိုရှိနေလဲ။

ဖြေ။ ။ အခုက တပ်မ ၆၆ ကတော့ ပြန်ဆုတ်ပြီ မဆုတ်ဘူး ဆိုတာကတော့ အတည်ပြုလို့ မရဘူး။ သို့သော် တပ်မ ၇၇ တို့တော့ ရောက်လာတယ် တပ်ချိန်းတယ် ဘာညာကတော့ မြေပြင်မှာ သတင်းရလာတယ်။ ဆိုတော့ သူတို့ တပ်မတွေ လဲလဲ၊မလဲလဲ သူတို့အပြင်ထွက်ရင်တော့ တိုက်ပွဲတွေ ဆက်ဖြစ်နေအုံးမှာပဲ။ သူတို့မှာလည်း မနိုင် နိုင်အောင် တိုက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်လည်း ရှိရင်ရှိပြီ။ ပြီးတော့ သူတို့ ရွေးကောက်ပွဲလုပ်မယ် လုပ်မယ်ဆိုတာလည်းရှိတယ် သူ့အစီစဉ်နဲ့သူပေါ့၊ ဆိုတော့ အဲဒါတွေလုပ်နေကြတယ် တစ်ဖက်မှာလည်း အပစ်ခတ်ရပ်စဲ‌ရေး ခေါ်နေတာလည်း ရှိပါတယ်။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲကတော့ ရပ်နေပါပြီ မရပ်သေးဘူး ဆိုတာကတော့ ပြောလို့မရသေးဘူး။ တိုက်ပွဲက လောလောဆယ်လူတိုင်းက ပြင်ဆင်နေကြတယ်။ အဖွဲ့အစည်းနှစ်သစ်ကူးမိန့်ခွန်းမှာကြည့်လိုက်ရင် ငါတို့ အမြစ်ပြုတ်တိုက်မယ် စစ်ကောင်စီကို အမြစ်ပြုတ်တိုက်မယ် ပြောတဲ့လူတွေ အဖွဲ့အစည်းတွေ များပါတယ်။ ပစ်ခတ်ရပ်စဲရေးယူမယ်ဆိုတဲ့ အဖွဲ့အစည်းတွေကတော့ မရှိသလောက်ပဲ။ တွေ့နေရတယ်ဆိုလို့ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲ စစ်ကတော့ ဖြစ်နေအုံးမှာပဲဆိုတာ ဒီလိုပဲ မြင်ပါတယ်။

မေး။ ။ လတ်တလောမှာ စစ်ကောင်စီဘက်ကလည်း လူထုတွေရှိတဲ့နေရာမှာ လေယာဉ်တွေကို နိမ့်နိမ့်လေးပျံသန်းနေတာမျိုး ရှိတယ်။ အဲ့ဒီအပေါ်မှာ ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ စစ်ရေးမဟာဗျူဟာအရပြောရရင်တော့ ဒါက သူတို့စစ်ရေး မဟာဗျူဟာပဲပေါ့ တခြားအဖြစ်အပျက်မျိုးတွေလည်း ရှိပါတယ်။ ဆိုတော့ လူထုကြောက်အောင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ကြောက်အောင်လည်း အဲလို ခြိမ်းခြောက်တာကလည်း အသံနဲ့ ခြိမ်းခြောက်တာကလည်း ဒါက သူတို့ရဲ့ စစ်ဗျူဟာ တစ်ခုထဲမှာ ပါပါတယ်။ လူထုတွေကြောက်အောင် ဒီ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကြောက်အောင် ဆိုပြီးတော့မှ သူတို့ လုပ်လေ့ရှိတယ်။ ဒီ့အပြင် သူတို့တိုက်ခိုက်ရမယ့် နေရာမှာ သူတို့ တွေ့ရှိရင်တော့ သူတို့တိုက်ခိုက်မှာပဲ အပြည်ပြည်ဆိုင်ရာကလည်း ဘာမှ တားလို့မရပါဘူး။ သူတို့အပြည်ပြည်ဆိုင်ရာကို နားထောင်နေတဲ့လူတွေလည်း မဟုတ်ဘူး။ နောက် ဒီအပြည်ပြည်ဆိုင်ရာ စစ်ရေးဥပဒေရှိပါတယ်။ သို့သော် သူတို့က နားထောင်တဲ့လူတွေ မဟုတ်ဘူးလေ။ နောက်ပြီးတော့မှ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တွေကတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေ အကြောင်းတရားပဲ သူတို့လုပ်နိုင်မယ် သူ့ကို ဖိအားပေးမယ်။ ကန့်ကွက်မယ်။ ဒါကလွဲလို့ အပိုတောင် သူတို့ လုပ်နိုင်ရင်လည်း လုပ်ပြီးတာကြာပြီပေါ့။ လုပ်လို့မရလို့သာ လုပ်နိုင်တဲ့ နည်းလမ်းကိုပဲ လမ်းကြောင်းရှာနေတယ်။ ဖိအားပေးတာတို့ တားဆီးတာတို့ ထုတ်ပြန်ချက် ထွက်တာတို့ အဲလိုပဲရှိနိုင်တယ်။

သို့သော် ဒီနောက်ပိုင်းမှာက လူထုကို ဘယ်လိုအကာအကွယ်ပြုမလဲ ဆိုတဲ့ဟာတော့ ပေါ်လာလိမ့်မှာပါ။ ဒီလက်နက်ကိုင်တဲ့ လူတွေကိုတော့ သူတို့ကူညီလို့မရပေမယ့်လည်း လူထုကိုတော့ သူတို့ကူညီလို့ရနိုင်တဲ့ နည်းလမ်းတွေတော့ အများကြီးရှိပါတယ် အပြည်ပြည်ဆိုင်ရာကနေ။ ၂၀၂၂ ပြီးခဲ့တဲ့နှစ်ပေါ့နော် သူတို့ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေအားလုံး လူငယ်တွေကတော့ တဖြည်းဖြည်းနဲ့ စစ်ရေးအတွေ့အကြုံတွေ ရလာတယ်။ စုစည်းမှုတွေ ပိုရလာတယ်။ နောက်ပြီးတော့ စွမ်းရည်တွေ ပိုမြင့်လာတယ်။ လက်နက်ခဲယမ်းတွေလည်း တဖြည်းဖြည်း ပြည့်စုံလာတယ် အဲဒါတွေက ပြောင်းလဲမှုပါပဲ ။ စနစ်တကျဖွဲ့စည်းမှုတွေ ရှေ့ဆက်ပေါင်းစည်းမှုတွေကတော့ နဲနဲတိုးတက်လာတာတွေ့ရတယ် ဆိုတော့ ဒါကလည်းကိုယ့်ဖက်ပြောင်းလဲမှုပဲ ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် စစ်ကောင်စီဖက်ကတော့ သူတို့စစ်ဆင်ရေးတွေ မလုပ်လာနိုင်တော့ဘူး ဆိုတာကတော့ သူတို့ဖက်မှာ အင်အားတွေ ကျလာပြီ။ စိတ်ဓာတ်အရလည်း ကျလာပြီ ဆိုတာကလည်း သိသာနေပါတယ်။ သူတို့က အခုလောလောဆယ် အားကိုးနေတာက လက်နက်ကြီး သုံးနေတယ်နောက်ပြီး တော့မှ ခုနကပြောတဲ့ တိုက်လေယာဉ်တွေ သုံးနေတယ် အဲဒါကလွှဲပြီး မြေပြင် မှာက ကြီးမားတဲ့ စစ်ဆင်ရေးမျိုး မတွေ့ရတော့ဘူး အဲဒါက သူတို့ဖက်က ပြောင်းလဲမှုဖြစ်တယ်ပေါ့နော်။

မေး။ ။ ဒီလာမယ့် ၂၀၂၃မှာဆိုရင် စစ်ရေးအခြေအနေက ဘယ်လိုဖြစ်နိုင်ပြီးတော့ လူထုတွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်တယ်လို့ ဆရာကြီးအနေနဲ့ မှာကြားချင်လဲ။

ဖြေ။ ။ ခုနက ပြောသလိုပဲ နှစ်သစ်ကူးမှာကတော့ လူတိုင်း စစ်ကောင်စီကို အမြစ်ပြုတ်တိုက်မယ် ဆိုတာ ပြောကြပြီလေ။ ဆိုတော့ ဘာပဲဖြစ်ဖြစ် လူထုတွေအနေနဲ့တော့ စစ်ကောင်စီကို တိုက်တဲ့လူတိုင်း အဖွဲ့အစည်းတိုင်းကိုတော့ သူတို့ပါဝင်ပူးပေါင်းပေးဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီကို အားပေးအားမြှောက်လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့တော့ ခွဲခွဲခြားခြား သူသိရမှာပေါ့နော်။ စစ်ကောင်စီကို တိုက်နေတဲ့ လူက ဘယ်သူလဲ စစ်ကောင်စီကို မတိုက်တဲ့လူက ဘယ်သူလဲဆိုတာ သူသိဖို့လိုတယ်။ တိုက်တဲ့လူနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိဖို့လိုတယ်။ လူထုတွေနဲ့ အများကြီးကတော့ သူတတ်နိုင်တဲ့ဖက်ကနေ သူပါဝင်နိုင်ရင် ပြီးတာပါပဲ။ ဒီတော်လှန်ရေး စစ်ကောင်စီတွေကို တော်လှန်နေတဲ့သူတွေနဲ့အတူ လူတွေကို သူတို့အနေနဲ့ အားပေးမယ် ထောက်ခံမယ် သူပါဝင်နိုင်မယ့် အခန်းကဏ္ဍကနေ သူပါဝင်မယ် ဆိုရင်တော့ အဲလောက်နဲ့ သူတို့တာဝန်ကျေပါပြီ။ ဒါက စစ်ကောင်စီကို အမြစ်ပြုတ်တိုက်မယ့် ပြောတာက လူထုတစ်ရပ်လုံး ကျနော်တို့ လက်နက်ကိုင် အပါအဝင် လူထုတစ်ရပ်လုံးက အတူတူပဲဖြစ်လို့ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်။ အဲဒီထဲမှာ စစ်ကောင်စီက သွေးခွဲမှုတွေ ကစားလာလိမ့်မယ်။ သူတို့စည်းရုံးမယ် ရွာမှာပြန်လာနေကြပါ မဲထည့်ပါ ရွေးကောက်ပွဲပါဝင်ပါ သူတို့ စည်းရုံးပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လူထုတွေသိရမှာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပဲ အခြေခံပြီးတော့မှ ရွေးကောက်ပွဲ လုပ်နေရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ လူထုအတွက် ဘာမှ အကျိုးပြုမှာမဟုတ်ဘူး။ ဒီစစ်အာဏာရှင်အောက်မှာပဲ ဆက်လက်ရပ်တည် အသက်ရှင်နေကြရအုံးမှာပဲဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကို လည်း လူထုအနေနဲ့ မပါဝင်ဖို့လိုတယ်။ နောက်ပြီးတော့မှ စစ်ကောင်စီဖက်ကိုလည်း မထောက်ခံဖို့လိုအပ်တယ်။ အခုလောလောဆယ် တစ်တိုင်းတစ်ပြည်လုံးက ဒုက္ခဆင်းရဲရောက်ကြတယ်ဆိုတာသိတယ်။ အဲဒါကို သည်းခံစိတ်ရှည်ဖို့လည်း လိုတယ်။ ဆက်လက်ပါဝင်ဖို့လည်းလိုတယ် လူထုအနေနဲ့ ပြင်ဆင်ထားရမှာဖြစ်တယ်။

မေး။ ။ နောက်ထပ် ဖြည့်စွက်ပြောပြချင်တာရှိလား။

ဖြေ။ ။ နည်းနည်းဖြည့်စွက်ပြောချင်တာက ဒီဗမာပြည် အရေးအခင်းတစ်ခုလုံး ကြည့်လိုက်ရင် လူထုတွေကိုတော့ ဇဝေဇဝါတော့ ဖြစ်စေမှာပါ။ တိုင်းပြည်အုပ်ချုပ်ပြီးတော့မှ ဆရာကြီးလုပ်တဲ့သူတွေ တော်တော်များနေတယ်ပေါ့လေ။ ဒါပေမယ့် ဘယ်သူက အမှန်ကန်ဆုံးလဲဆိုတာ လူထုက တိတိကျကျသိဖို့တော့ လိုပါတယ်။ အဓိကက‌တော့ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့လူတွေက ဘယ်သူတွေလဲဆိုတာ သူသိဖို့လိုတယ်။ အဲဒါတွေရှာဖို့လိုတယ်ပေါ့နော် လူထုက။ သို့မဟုတ်ရင် ဒီစစ်ကောင်စီဖက်က သွေးခွဲတိုင်း ပြည်သူဖက်က ပါသွားမယ်ဆိုရင် ဘာမှ မထူဘူးဆိုတော့ တကယ်တမ်း အမှန်အကန်တွေက ဘယ်သူတွေလဲ ဘယ်သူနဲ့ပူးပေါင်းသင့်လဲ ဆိုတာကို လူထုက နားလည်အောင် သိမြင်အောင် ရှာဖွေကြဖို့လည်း ဒီတခု ဖြည့်စွက်ပြောချင်ပါတယ်။

spot_img
spot_img

Recent posts