spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူပျောက်ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကရင်နီပြည်ရဲဌာန (KSP) ကို တိုင်ကြားနိုင်ကြောင်း IEC အသိပေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေကြတဲ့ ပြည်သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးနေတာရှိပြီး အဆိုပါပျောက်ဆုံးမှုတွေအတွက် ကရင်နီပြည်ရဲဌာန (KSP)ကို တိုင်ကြားနိုင်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) အတွင်းရေးမှူး-၂ ဦးဗညားက ပြောပါတယ်။

“အကယ်၍ လူပျောက်တာတွေ ကြေညာချင်တယ်ပြောပြော၊ လူပျောက်ကြော်ငြာပြောပြော ဒါမဲ့အကောင်းဆုံးကတော့ ကျနော်တို့ IEC အနေနဲ့ ဘာလုပ်ပေးလို့ ရလဲဆိုတော့ လုံခြုံရေးနဲ့ ဝန်ဆောင်မှု ဌာန ရှိတာပေါ့နော်။ အဲ့ဒီအောက်မှာ KSP ဆိုတာရှိတယ် ကရင်နီပြည် ရဲတပ်ဖွဲ့ပေါ့။ အဲ့တော့ ကရင်နီ ပြည် ရဲတပ်ဖွဲ့မှာ အမှု သွားပြီးတော့မှ တိုင်ကြားဖို့တော့ လိုအပ်တာပေါ့။ ဒါက အကောင်းဆုံး လုပ်တဲ့ ဟာပေါ့နော်။ အဲ့ဒါဦးစားပေးရမယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှ KSP ကနေ လိုအပ်တဲ့ စစ်ဆေးမှုတွေ လိုအပ်တဲ့ နောက်ဆက်တွဲ လုပ်ငန်းတွေ သူတို့လုပ်ပေးလိမ့်မယ်ပေါ့နော။” လို့ IEC ရဲ့ အတွင်းရေးမှူး-၂ ဦးဗညားက ဆိုပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် မြို့နေလူထုတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး ရှမ်းပြည်နယ်ထဲကို တိမ်းရှောင်ကြသူတွေလည်း ရှိနေပါတယ်။

လက်ရှိမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ထပ်ဆင့် စစ်ရှောင်ကြရတဲ့ ကရင်နီဒေသခံတွေဟာ ပြည်နယ်အပြန်လမ်းမှာ ပျောက်ဆုံးတာရှိသလို ကရင်နီကနေ ရှမ်းပြည်ဖက် အသွားလမ်းမှာလည်း သတင်း မကြားသိရ‌တော့ဘဲ ပျောက်ဆုံးသွားတဲ့ပြည်သူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြည်သူတွေ ပျောက်ဆုံးတဲ့သတင်းနဲ့ပတ်သက်ပြီး KSP လူမှုကွန်ရက်စာမျက်နှာမှာ တိုင်ကြားလာတာရှိသလို လူကိုယ်တိုင် စခန်းထိ လာရောက် တိုင်ကြားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ KSP အနေနဲ့ တတ်နိုင်တဲ့ဖက်ကနေ ကူညီဆောင်ရွက်ပေးနေတယ်လို့ ကရင်နီပြည်ရဲဌာန (KSP) ရဲ့ တာဝန်ရှိသူ ကိုဘိုဘိုက အခုလို ပြောပါတယ်။

“ဒီလူပျောက် လာတိုင်တာရှိတယ်ဗျ။ ရှိလို့ရှိရင် ကျနော်တို့က အဲ့ပျောက်တဲ့ လူကို ဘာကြောင့်လဲပေါ့နော်။ တချို့ကတော့ အမှုကိစ္စတွေနဲ့ ညှိ ဆုံရပြီးတော့မှ အဖမ်းခံရတာမျိုး အဲ့အဖမ်းခံရပြီဆိုရင် ကျနော်တို့ ဘယ်စခန်းမှာဖမ်းတာလဲ အဲ့လိုမျိုးပြန်ပြောပြပေးတယ်။ ဘာအမှု နဲ့ ဖမ်းခံရတာလဲ ပြန်ပြောပြပေးတယ်။ အကယ်၍ အဲ့လိုမျိုး မဟုတ်ပဲနဲ့ တခြားသူ့ဟာနဲ့သူ ပျောက်သွားတဲ့ဟာမျိုးဆိုရင် ကျနော်တို့က လူပျောက်တိုင်ကြားမှု ဖွင့်ပေးပြီးတော့မှ ကျနော်တို့ စခန်းတွေကနေ ဒီပျောက်တဲ့လူတွေ ကျနော်တို့ တတ်နိုင်သလောက် ရဲဘော်တွေမှာ ဒီစခန်းတွေ မှာ ဖြန့်ပြီးတော့မှ သူ့ ဓါတ်ပုံတွေ ဖြန့်ပြီးတော့မှ လူရှာပေးတာမျိုးတွေ လုပ်ပါတယ်။” လို့ ကိုဘိုဘိုက ဆိုပါတယ်။

မတူညီတဲ့ ပျောက်ဆုံးမှုတွေထဲ ဖမ်းဆီးခံရတဲ့ ပြည်သူတွေအတွက် အမှုလိုက်ပါ စစ်ဆေးဆောင်ရွက်နေတာရှိပြီး ပျောက်ဆုံးတဲ့သူတွေအတွက်တော့ လူပျောက်တိုင်စာ ဖွင့်ပေးတယ်လို့ ကိုဘိုဘို ကဆက်ပြောပါတယ်။ လူပျောက်တိုင်ကြားလာမှုကို ကရင်နီပြည် ရဲတပ်ဖွဲ့အပြင် ပြည်သူလူထု၊ ကျေးရွာ၊ ရပ်ကွက် ဥက္ကဌတွေနဲ့ ပူးပေါင်းပြီး ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

spot_img
spot_img