spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်စစ်ရှောင်စခန်းတစ်ခုမှာ ရေဝင်ရောက်တာကြောင့် ကြိုတင်တိမ်းရှောင်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ချောင်းနဲ့နီးတဲ့ စစ်ရှောင်စခန်း တစ်ခုမှာ ရေဝင်ရောက်နေတာကြောင့် ကြိုတင်တိမ်းရှောင်နေကြရတယ်လို့ အဆိုပါစစ်ရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ရှောင်စခန်းအဝင်လမ်းမှာ ရေဝင်ရောက်လာတာ (၁)ပတ်ကျော်လောက်ရှိပြီ ဖြစ်ပြီး မိုးတွေ ဆက်ရွာသွန်းပါက စစ်ရှောင်စခန်းထဲထိ ရေတွေ ဝင်ရောက်လာနိုင်တာကြောင့် စိုးရိမ်ပြီး ကြိုတင် တိမ်းရှောင်ကြတာ ဖြစ်တယ်လို့ အသက် (၄၉) နှစ်အရွယ် စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။

“ရေဝင်လမ်းတော့ တစ်လမ်းရှိတယ်။ ဟိုးဘက်မှာ ရေက တအားပြည့်သွားမယ်ဆိုရင် ရေက ပြန်ဝင်လာဖို့ အစီအစဥ်ရှိတယ်။ မိုးဆက်မရွာရင်တော့ သူကျလိမ့်မယ်။ မိုးဆက်ရွာရင်တော့ ကျနော်တို့ စခန်းထဲထိ ရေဝင်မှာတော့ သေချာပေါက်ပဲ”လို့ အသက် ၄၉ နစ်အရွယ် စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။

အဓိက သွားလာကြတဲ့ စစ်ရှောင်အဝင်အထွက်လမ်းမှာ ရေကြီးနေတာကြောင့် ကလေးတွေကို စာသင်ကျောင်း ပို့တဲ့အခါမှာ အခက်အခဲ တွေနဲ့ ကြုံတွေ့နေရတယ်လို့ အသက် ၆၀ ကျော် စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“ကလေးတွေ စာသင်ကျောင်း သွားတဲ့အခါမှာ ရေကြီးတော့ သွားလို့ အဆင်မပြေတော့ ခက်ခဲတယ်။ပြီးတော့ ကျမတို့လို အသက်ကြီးတဲ့ လူတွေအတွက်လည်း ထင်းတို့ ဟင်းတို့ နည်းနည်း ပါးပါး ရှာချင်တယ်ဆိုလည်း ရေမဖြတ်ရဲဘူး။ ဟင်းတွေ ဘာတွေ ထွက်ရှာလို့ အဆင်မပြေတော့ ဒီမှာ ရှိတာလေးနဲ့ ဝေမျှစားကြတာပေါ့။”လို့ သူက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ စာသင်ကျောင်း ဖွင့်လှစ်ထားတာ မရှိဘဲ တစ်ခြားစစ်ရှောင်စခန်းမှာ သွားရောက်ပညာ သင်ယူနေကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တောတောင်အနီးမှာ နေထိုင်တာကြောင့် မြွေအန္တရာယ်ကိုလည်း စိုးရိမ်တယ်လို့ ဆိုပါတယ်။

ကျေးရွာထဲ လက်နက်ကြီး မကြာခဏ ကျရောက်တာကြောင့် တောတောင်ထဲ စစ်ရှောင်ကြတာ ၂ နှစ်ကျော်ရှိနေပြီး လူဦးရေ ၂၀ ကျော်နေထိုင်ကြပါတယ်။ ရေကြီးတာကြောင့် တခြား စစ်ရှောင်စခန်းမှာ ထပ်မံတိမ်းရှောင်ကြသလို တချို့ကလည်း နေရပ်ပြန်နေထိုင်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img