spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ၅ ဦးနဲ့ မိသားစုဝင်တွေကို အမှုဖွင့်တရားစွဲဆို၊ ကျန်ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို ကရင်နီပြည်က နယ်နှင်ဒဏ်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ကရင်နီပြည်၊ လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ဦးနဲ့ မိသားစုဝင်တို့ကို ကရင်နီပြည်ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်ပြီး ဥပဒေနဲ့ အညီ တရားစွဲ အရေးယူသွားမယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC )က ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ တပ်မိသားစုဝင် ၃ ဦးကိုလည်း စစ်ဘက်ဆိုင်ရာ အက်ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်ဖို့ စစ်ခုံရုံးကို လွဲပြောင်းပြီး အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၄ ရက်နေ့က ပထမအကြိမ် အနေနဲ့ ဝန်ထမ်း ၇၀ ဦးနဲ့ မိသားစုဝင် ၃၇ ဦးကို နေရပ်ပြန်ပို့ဖို့ စီစဥ်ပေးခဲ့တာရှိပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် ဝန်ထမ်း ၅၉ ဦးနဲ့ မိသားစုဝင် ၂၇ ဦးကို ကရင်နီပြည်နယ် ပြင်ပသို့ အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ IEC က ထုတ်ပြန်ပါတယ်။

အဆိုပါ နယ်နှင်ဒဏ်ပေးလိုက်တဲ့ Non- CDM ဝန်ထမ်း အပါအဝင် မိသားစုဝင် စုစုပေါင်း (၁၉၃ )ဦးကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ မှ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ ယန္တရားမှန်သမျှ ကို ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့နဲ့ ကျောင်း၊ ရုံးနဲ့လည်း အဆက်အသွယ် မပြုလုပ်ဖို့၊ ပြည်သူ့ဆန္ဒနဲ့ အညီ ပြည်သူနဲ့ တစ်သားတည်း ရပ်တည်သွားဖို့ ကတိ ဝန်ခံချက် လက်မှတ်ရေးထိုးစေခဲ့ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်တဲ့ (၁၁.၁၁) စစ်ဆင်ရေး အတွင်း ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ် နဲ့ စက်မှုလက်မှုသိပ္ပံကျောင်းက Non-CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် စုစုပေါင်း (၂၀၄)ဦးကို တော်လှန်ရေးတပ်ပေါင်းစုမှ ဘေးလွတ်ရာကို ကယ်ထုတ်ပြီးနောက် စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စတွေကို IEC ကနေ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။

စစ်ရေးအခြေအနေအရ အရှိန် မြင့်တက်လာမှာဖြစ်တာကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သားတွေ အနေနဲ့ ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြဖို့ကိုလည်း IEC က တိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts