spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်း အရပ်ဝတ်ဖြင့် WY ဆေးပြားသယ်ဆောင်ပြီးသွားလာနေတဲ့ ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့အတွင်းမှာ အရပ်ဝတ် ဝတ်ဆင်ထားပြီး WY ဆေးပြားတွေ သယ်ဆောင်ကာ သွားလာနေတဲ့ ရဲတပ်သားတစ်ဦးကို ဖမ်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် ၅ က ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ တပ်ရင်း အမှတ် ၅ မှ ရဲဘော်များကနေ လက်ရဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်ပစ်ဗုံး ၃ လုံး၊ WY ဆေးပြား ၁၂ ပြား၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ ငွေသားတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ ရဲတပ်သား တင်မောင်နိုင် ကို ကရင်နီပြည်ရဲဌာန KSP လက်ထဲကို အပ်နှံခဲ့တယ်လို့ သိရပါတယ်။

“သူကို မှူး/စိတ် ဥပဒေပုဒ်မ အပြင် စစ်ဆေးပေါ်ပေါက်ချက်ပေါ်မူတည်ပြီး အမှုဖွင့် အရေးယူဆောင်ရွက်သွားမှာပါ။ ပြီးရင်တော့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ တရားရေးဌာနအောက် က တရားရုံးမှာ တရားစွဲ တင်ပို့သွားမှာ ဖြစ်ပါတယ်။” လို့ ကရင်နီပြည် ရဲဌာန KSP ရဲ့ KSP ပြန်ကြားရေး တာ၀န်ရှိသူ ကိုဘိုဘို က ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားပါတယ်။

အဆိုပါ ရဲတပ်သားမှာ တင်မောင်နိုင်ဖြစ်ပြီး လွိုင်ကော်မြို့ တောင်စျေးအနီးက ကမ္ဘောဇ ( KBZ ) ဘဏ်မှာ တပ်စွဲထားတဲ့ ရဲတပ်ဖွဲ့တွေထဲက တစ်ဦးဖြစ်ပြီး WY ဆေးပြားတွေကို အပြင်ကနေ ဝယ်ယူကာ တပ်ဖွဲ့ဝင်တွေဆီကို ပြန်လည်ရောင်းချပေးနေသူတစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts