spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့မှာ ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကစပြီး ATOM (တယ်လီနော) နဲ့ အော်ရီဒူးက အင်တာနက်လိုင်းအပါအဝင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရပြီး Mytel (မိုင်တဲ) နဲ့ MPT ကိုသာ အသုံးပြုလို့ရတော့တယ်လို့ လွိုင်ကော်မြို့နေ ဒေသခံတွေက ပြောပါတယ်။

“မိုင်တဲရတယ်လို့တော့ ပြောကြတယ် ဒါပေမယ့် ကျနော်တို့ဆီမှာ မိုင်တဲမသုံးကြပါဘူး။ ဝိုင်ဖိုင်မရဘူး MPT လည်းမရဘူး တယ်လီနောလည်းမရဘူး အော်ရီဒူးလည်းမရဘူး။ အင်တာနက်လိုင်းတွေ မရဘူး တယ်လီနောက ဖုန်းလိုင်းပါ မရတော့ဘူး ဖုန်းလိုင်းက MPT ပဲရတယ်။ ၉နာရီ ၁၀ နာရီဝန်းကျင်လောက်စဖြတ်တယ် ၈နာရီအထိ ကျနော်တို့ သုံးလို့ရသေးတယ်။” လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ ဝိုင်ဖိုင်ကို မိုင်တဲဆင်းကဒ်တစ်မျိုးတည်းသာ အသုံးပြုလို့ရကြောင်း၊ MPT ဆင်းကဒ်ကိုတော့ ဖုန်းလိုင်းတစ်မျိုးသာ အသုံးပြုလို့ရတော့တယ်လို့ သိရပါတယ်။

Fiber ကြိုးပြတ်တောက်သွားတဲ့အတွက် ပြင်ဆင်နေတာကြောင့် လတ်တလော ဆက်သွယ်လို့ မရသေးဘူးလို့ ATOM (တယ်လီနော) ရုံးနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာတော့ လွိုင်ကော်မြို့မှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်သူတွေ ပြောင်းရွေ့နေပြီး ဇွန်လ၂၈ ရက်နေ့နောက်ပိုင်း ထူးခြားတဲ့ ပြောင်းလဲမှု ရှိလာနိုင်တယ်လို့ ဖေ့ဘွတ်လူမှုစာမျက်နှာပေါ်မှာ ပျံနှံ့နေပြီး အဲ့ဒီအပေါ် ဒေသခံတွေက စိုးရိမ်မှုရှိကြသလို ဒီကနေ့မှာလည်း ဖုန်းလိုင်း၊ အင်တာနက် ဖြတ်တောက်ခံလိုက်ရတဲ့အတွက် ပိုမိုစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

“ထူးထူးခြားခြားက မနက်ဖြန် ၂၈ ရက်နေ့ဆိုရင် သတိဝိရိယနဲ့ နေဖို့ပြောတယ် ရပ်ကွက်ထဲမှာလည်း စာကပ်ထားတယ်ပြောတယ်။ အရေးကြီးတဲ့ အိမ်ထောင်စုတို့ မှတ်ပုံတင်တို့ ဘာညာ အဆင်သင့်နေဖို့ အုပ်ချုပ်ရေးမှူးက ပြောတယ်တဲ့ ငါတို့နေတဲ့ရပ်ကွက်မှာ။ သူများတွေတော့ ပြောကြတာပေါ့ မနက်ဖြန် ဘာဖြစ်မလဲ ငါတို့ကအစ တကယ်လို့ဖြစ်လာရင် ဘယ်ဖက်ကိုပြေးမလဲ အဲ့လိုမျိုးပေါ့နော။ ပစ္စည်းတွေ အဆင်သင့်လုပ်ထား အဲ့လိုပေါ့။ “ လို့ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တစ်ခုမှ ဒေသခံတစ်ဦးက ပြောပါတယ်။

ပျံနှံ့နေတဲ့ သတင်းနဲ့ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်)အနေနဲ့ လွိုင်ကော်မြို့ဒေသခံတွေကို လိုက်လံ အတည်ပြုမေးမြန်းချက်အရ သတင်းအရင်းအမြစ်ကို အတည်မပြုနိုင်တဲ့ တဆင့်စကားမှ တဆင့် ကြားသိရကြောင်း၊ ကောဟဟာလ သာဖြစ်တယ်လို့ ပြောဆိုကြသူရှိသလို စိုးရိမ်ထိတ်လန့်နေကြတဲ့သူတွေလည်း ရှိနေပါတယ်။

ဒီကနေ့မှာလည်း လွိုင်ကော်မြို့တွင်းမှာ ပုံမှန်သွားလာလှုပ်ရှားကြပြီး လွိုင်ကော်- ဒီးမော့ဆို၊ ဒီးမော့ဆို – လွိုင်ကော် ကို သွားလာနေကြတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ တွေ့ရှိရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နှစ်စီးဟာ ခေါက်တုံ့ခေါက်ပြန် သွားလာနေတာရှိတယ်လို့ သိရပါတယ်။

“ဘားမှတော့ ထွေထွေထူးထူးကြားတာတော့ မရှိဘူး။ ၂၈ရက်နေ့ကျရင် သတိထားဆိုတဲ့ဟာတော့ ကြားတယ်။ ဒီရက်က မြို့တွင်းမှာတော့ ပုံမှန်ပါပဲ။ စစ်သားကတော့ ဒီးမော့ဆိုဖက်ကနေ တက်လာတယ်။ ကား သုံးစီးနဲ့။ အရပ်သား ကားနဲ့ပဲ ဒါပေမယ့် ကားအကြီးလိုမျိုး။ ဟတ်စကီးကတော့ ၃၊ ၄ခါသွားလာတယ်။ တစ်ခါကို နှစ်စီး -နှစ်စီးပျံတယ်။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်း နေထိုင်သူတချို့ကတော့ ဒီကနေ့ ညနေပိုင်းကစပြီး အင်တာနက်လိုင်းတွေ အသုံးပြုလို့မရတော့ဘူးလို့ ပြောကြပါတယ်။

spot_img
spot_img

Recent posts