spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ အုပ်စုဖွဲ့ ခိုးယူသူများလာတယ်လို့ ဒေသခံတွေပြော၊ တိုင်ကြားမည့်နေရာမရှိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့နေလူထုတွေ စစ်ဘေးရှောင်နေရချိန် ကျန်ရစ်တဲ့ နေအိမ်ကပစ္စည်းတွေကို အုပ်စုဖွဲ့ ခိုးယူမှု များလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“နေအိမ်က လူမရှိတဲ့ အိမ်တိုင်းလိုလို အဖောက်ခံထားရပြီ။ အစောင့်ရှိတဲ့ အိမ်တွေလောက်ပဲ ကျန်တယ်။” လို့ စစ်ဘေးရှောင်နေရင်း လွိုင်ကော်ကနေအိမ်မှာ ပစ္စည်းပြန်ယူသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ဆင်နွဲနေတဲ့ ၁ လေးလုံးစစ်ဆင်ရေးဟာ လက်ရှိအချိန်ထိ နှစ်ဖက်ထိတွေ့မှု ရှိနေဆဲဖြစ်ပြီး မြို့နေလူထုတွေဟာ စစ်ဘေးရှောင်နေဆဲဖြစ်တာကြောင့် နေရပ်ပြန်လို့မရသေးဘူး။ ဒါ့ကြောင့် လူမရှိတဲ့နေအိမ်က ပစ္စည်းတွေကို တစ်ဦးချင်း ခိုးယူသူရှိသလို အုပ်စုဖွဲ့ပြီး လိုက်ခိုးယူနေတာတွေလည်း ရှိနေပါတယ်။ ခိုးယူသူတွေကို သိရှိပေမဲ့လည််း လုံခြုံရေးစိုးရိမ်တာကြောင့် မည်သူတစ်ဦးကိုမှ မပြောဆိုရဲဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဘေးအိမ်ကို ဖောက်နေတာ မြင်လည်း မပြောရဲဘူး။ သူတို့က အဖွဲ့ နဲ့ တုတ်တွေ ဓါးတွေလည်းပါတယ် ။ ကိုယ့် အိမ်မှာတော့ လူရှိမှန်းသိအောင် အိမ်ရှေ့နား ထွက်ထွက်ထိုင်နေရတယ်”လို့ လွိုင်ကော်မြို့တွင်းက ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ် ရပ်ကွက်တနေရာမှာ သွားလာလှုပ်ရှားကြတဲ့ မြင်ကွင်းတချို့။ (ဓါတ်ပုံ – CJ)

လွိုင်ကော်မြို့တွင်း အပါအဝင် ကရင်နီပြည်တွင်းမှာ နေရာအနှံ့တိုက်ပွဲဖြစ်ပွားနေပြီး တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် ပစ္စည်းခိုးယူကြတဲ့ သူခိုးတွေကို အရေးယူလို့မရတဲ့အတွက် ပစ္စည်းပျောက်ဆုံးမှု၊ ပျက်စီးမှုက ပိုများလာတယ်လို့ သိရပါတယ်။

“သူခိုးတွေကိုလည်း သိတယ်၊ ခိုးရာပါပစ္စည်း လက်ခံနေတဲ့သူတွေကိုလည်း သိတယ်။ ဒါပေမဲ့ ဘယ်သူ့ကို တိုင်ရမလဲ မသိတော့ ဒီကောင်တွေက ပိုပြီးအတင့်ရဲလာရော။”လို့ လွိုင်ကော်မြို့တွင်းက ဒေသခံတစ်ဦးက ပြောပါတယ်။

၁ လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက် မြို့နေလူထု ၈၀ ရာခိုင်နှုန်းခန့်ဟာ စစ်ဘေးရှောင်နေကြရပြီး မြို့ပေါ်ရပ်ကွက်က နေအိမ်၊ အဆောက်အအုံ အများစုဟာလည်း စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုအပြင် ဒရုန်းနဲ့ မီးလောင်ဗုံး အသုံးပြုမှုကြောင့် မီးလောင်ပျက်စီးခဲ့ရပါတယ်။

နေရပ်ပြန် ပစ္စည်းပြန်ယူကြတဲ့ ဒေသခံတွေအနေနဲ့ လုံခြုံရေးအခြေအနေ စုံစမ်းမေးမြန်းနိုင်ပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က စုဖွဲ့ထားတဲ့ ကော်မတီနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ အသိပေးထားပါတယ်။

လက်ရှိ မြို့နေလူထုတချို့ဟာ လောဓမ၊ နမ့်ဘော်ဝမ်၊ ဒေါတမ နဲ့ အနီးအနားက ရပ်ကွက်တချို့မှာ နေထိုင်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img