spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့၊ ခရစ္စတူးဘုရင်ကက်သလစ်ဘုရားကျောင်းဝန်းက ကျောင်းထိုင် ဆရာတော်အပါအဝင် ခိုလှုံနေတဲ့ သက်ကြီးရွယ်အိုတွေကို မောင်းထုတ်ပြီး စစ်ကောင်စီတပ်စွဲနေရာယူထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ နောင်ယား(ခ) ရပ်ကွက်က ခရစ္စတူးဘုရင် ကက်သလစ်ဘုရားကျောင်းဝန်းမှာ ကျောင်းထိုင်ဆရာတော်အပါအဝင် ခိုလှုံနေထိုင်ကြတဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းလူနာတွေကို စစ်ကောင်စီက လာရောက်မောင်းထုတ်ပြီး လက်ရှိမှာ ဘုရားကျောင်းဝန်းထဲ တပ်စွဲနေရာယူထားတယ်လို့ ဘုရားကျောင်းနဲ့ နီးစပ်တဲ့ ဘုန်းတော်ကြီးတစ်ပါးက ပြောပါတယ်။

ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်နေ့)မှာ သာသနာပိုင်ဆရာတော်အပါအဝင် ဘုန်းတော်ကြီး၊ စစ္စတာရ်၊ နာမကျန်း သက်ကြီးရွယ်အို၊ စစ်ရှောင်တွေ စုစုပေါင်း လူဦးရေ ၆၀ ဝန်းကျင် ရှိတဲ့ ဘုရားကျောင်းဝန်းထဲကို လာရောက်ပြီး မောင်းထုတ်သလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလည်း ရှိတာကြောင့် ဘာသာရေးအဆောက်အအုံတချို့ ထိမှန်ကာ ပျက်စီးမှုရှိခဲ့တယ်လို့ ဘုရားကျောင်းနဲ့ နီးစပ်တဲ့ ဘုန်းတော်ကြီးတစ်ပါးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အခုတော့ ဘုန်းကြီးတစ်ပါးမှ မရှိတော့ဘူး ဆရာတော်လည်း မရှိဘူး။ ဆရာတော်ကိုယ်တိုင်လည်း ပြေးနေရတယ် စစ္စတာရ်တွေလည်းမရှိတော့ဘူး ဘယ်သူမှမကျန်တော့ဘူး နေလို့လဲ မရတော့ဘူးကော။ သူတို့(စစ်ကောင်စီ)က လက်နက်နဲ့ပစ်တာလေ ကျောင်းတိုက်ကို ပစ်တာ ပျက်ကုန်တာတော့ရှိတယ်။ မထွက်ခင်တညပေါ့နော လုံးဝနေလို့မရတော့ဘူး။ နောက်တစ်ရက်မှာ လာပြီးတော့ သူတို့(စစ်ကောင်စီ) နေရာယူဝင်ယူပြီးတော့မှ ကျောင်းထဲကလူတွေကို ထွက်သွားခိုင်းတာ။” လို့ အဆိုပါ ဘုန်းတော်ကြီးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ (၁၁.၁၁) မြို့ပြစစ်ဆင်ရေးစတင်ပြီးနောက် ဒေသခံအများစုဟာ မြို့ကိုစွန့်ခွာ တိမ်းရှောင်ခဲ့ကြပေမဲ့ သက်ကြီးရွယ်အို နဲ့ နာမကျန်းဖြစ်တဲ့ လူနာတချို့ဟာ ဘုရားကျောင်းဝန်းမှာ လာရောက်ခိုလှုံနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ခရစ္စတူးဘုရင်ဗဟိုဘုရားကျောင်း၀န်းအတွင်းမှာ တပ်စွဲနေရာယူထားကြပြီး ဘုရားကျောင်း ဝတ်ပြုရာ နေရာတွေမှာ ထားရှိတဲ့ ဆရာတော်၊ ရဟန်းများသာ ဝတ်ဆင်ကြတဲ့ သင်္ကန်းတွေကို ဝတ်ဆင်ကာ ဘုရားကျောင်းဝန်းအတွင်း သွားလာလှုပ်ရှားနေကြတယ်လို့ အဆိုပါ ဘုန်းတော်ကြီးက ဆိုပါတယ်။

လွိုင်ကော်ကက်သလစ်သာသနာဟာ မည်သည့်အကြမ်းဖက်မှုဟူသမျှကို လက်သင့်မခံနိုင်သလို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လွိုင်ကော်ကက်သလစ်သာသနာအတွင်းရှိ ဘုရားကျောင်းဝန်း၊ ဘာသာရေးအဆောက်အအုံတွေမှာ တပ်စွဲနေရာယူခြင်းကို ခွင့်မပြုဘူးလို့ လွိုင်ကော်ကက်သလစ်သာသနာပိုင် ဆရာတော်ချဲလ်ဆိုဘရွှေက ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အသိပေးထားတာ ရှိပါတယ်။

စစ်ကောင်စီက လူထုတွေ အထွဋ်အမြတ်ထားတဲ့ ဘာသာရေးဘုရားကျောင်း၊ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဘာသာရေးကို ခုတုံးလုပ်ဆောင်နေသလို ဘုရားကျောင်းကို တိုက်ခိုက်တာဟာ လူထုတွေကို ထိခိုက်စေချင်ပြီး အကြောက်တရားနဲ့ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဘာသာရေးနဲ့လည်း အများကြီးသက်ဆိုင်တယ်ပေါ့နော သက်သက်မဲ့လာပြီးတော့ စော်ကားတာပေါ့ တိုက်ခိုက်တာမျိုးလေ။ အများကြီးတိုက်ခိုက်ခံရပြီလေ ဗုံးကြဲတာ မီးရှို့တာ အဲ့ဒါအများကြီးရှိပြီလေနော တစ်ကျောင်းနှစ်ကျောင်းဆိုရင်တော့ ဒါမတော်တဆလို့ နားလည်လို့ရတယ်။ ဒါပေမဲ့ ဖြစ်တာကလည်း ဒါဇင်နဲ့ချီပြီးဖြစ်နေတာက အခု တစ်ပြည်နယ်လုံး အခု ဗဟိုဘုရားကျောင်းကတည်းက တိုက်ခိုက်တယ်ဆိုကတည်းက အသင်းတော်ကို တိုက်ခိုက်တဲ့သဘောပေါ့။ စစ်ရေးအရ မတော်မဆဖြစ်တာမဟုတ်တော့ဘဲနဲ့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာလို့ မြင်တာပေါ့နော။”လို့ အဆိုပါ ဘုန်းတော်ကြီးက ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်စွဲနေရာယူထားတဲ့ ဘုရားကျောင်းဝန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ရဲ ပူးပေါင်းတပ်ဟာ အင်အား အလုံးအရင်းနဲ့ဝင်ရောက် စီးနင်းဖူးတာရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts