spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ “မီးမီး”အကင်ဆိုင်မှာ ရဲ၊ စစ်သား ဝင်ရောက်စီးနင်းပြီး ပစ်ခတ်မှုဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်မှာ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ “မီးမီး”အကင်ဆိုင်မှာ ရဲ၊ စစ်သား ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံဆီကနေ ကြားသိရပါတယ်။

“ဘယ်သူမှန်းတော့မသိဘူး သတင်းတိကျရလို့ ဝင်ပစ်တာထင်တယ်။ မီးမီး အကင်ဆိုင်မှာ ဝင်ပစ်တာ၊ ၂ယောက် သေတယ်လို့ တော့ ကြားတယ်။ သေတာက ဘယ်ဖက်မှန်းမသိသေးဘူး။ အရပ်ဝတ်နဲ့လာတာမို့ ။” လို့ ပစ်ခတ်မှုဖြစ်ပွားတဲ့ အနီးနားက အမည်မဖော်လိုသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
မိုင်းလုံးရပ်ကွက်၊ စက်မှုလယ်ယာရှေ့ “မီးမီး” အကင်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လူနာတင်ယာဉ်ရောက်လာပြီး ဒဏ်ရာရရှိသူကို ခေါ်ဆောင်သွားသလို ဆိုင်ထဲမှာ ရှိတဲ့သူတွေအားလုံးကို အချုပ်ကားပေါ် ခေါ်ဆောင်သွားပြီး အနီးအနားက သွားလာတဲ့ ပြည်သူတွေကိုလည်း စစ်ဆေးတာ ဖမ်းဆီးခေါ်ဆောင်သွားတာ မြင်ရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ရဲ၊ စစ်သားတွေက အရပ်ဝတ်နဲ့ဝင်ပစ်တာ/ ဆိုင်အပြင်ဖက်မှာ သေနတ်ဒဏ်ရာနဲ့လဲနေတာ တွေ့တယ်။ ပစ်ခတ်မှုက ၁၅မိနစ်လောက်ရှိမယ်ထင်တယ်။ ပြီးတာနဲ့ လူနာတင်ယာဉ်ကားလာတယ်။ အသံဖွင့်ပြီးလာတာမဟုတ်ဘူး။ လူနာတင်ယာဉ်က တိတ်တိတ်လေးလာပြီး တိတ်တိတ်လေး ပြန်ထွက်သွားတယ်။ အဲ့ဆိုင်ကို ဘာလို့ လာပစ်တာလဲမသိဘူး။ ကြားတာကတော့ PDF တွေရှိလို့ပစ်တာတဲ့ ဟုတ်၊ မဟုတ်တော့ သေချာမသိဘူး တဆင့်စကားဆိုတော့။ ဒါပေမယ့် ခု ပစ်ခံရတာတော့ မည်သူမှန်းအတည်မပြုနိုင်ဘူး။ အကုန်လုံးက အရပ်ဝတ်နဲ့ဆိုတော့။ ပြီးတော့ စစ်သားဖက်က ခွေးတွေလည်းခေါ်လာတယ် အနံ့ခံခိုင်းတယ်။ ပစ်ခတ်မှုပြီးတာနဲ့ အချုပ်ကားက လမ်းမကြီးလမ်းကို ကန့်လန့်ထားပြီး အနီးနားကသူတွေကို စစ်ဆေးတော့တယ် အဖမ်းခံရတာလည်းတွေ့တယ် ။ “ လို့ ပစ်ခတ်မှုဖြစ်ပွားတဲ့အနီးအနားက ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် လမ်းသွားပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img